Latest News

Monday, May 7, 2018

လမ်းမတော်မြို့နယ် ကမ်းနားလမ်းဈေး ပြန်လည်စည်ကား လာစေရန် ဈေးရောင်းချသူများ မျှော်လင့်နေ

လမ်းမတော်မြို့နယ် ကမ်းနားလမ်းဈေး ပြန်လည်စည်ကား လာစေရန် ဈေးရောင်းချသူများ မျှော်လင့်နေ


Photo Crd
ရန်ကုန် မေ ၆

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော် မြို့နယ်အတွင်း လမ်းများ၌ ပျံကျရောင်းချလျက်ရှိသည့် ဈေးသည်များကို ၂ဝ၁၆ ခုနှစ်က ကမ်းနားလမ်း (နေ့/ည) ဈေးသို့ နေရာပြောင်းရွှေ့ ရောင်းချစေခဲ့ပြီး စည်ကားစွာ ရောင်းဝယ်နေသော်လည်း အဆိုပါဈေးဖွင့်ပြီး သုံးလ ဝန်းကျင်နောက်ပိုင်းတွင် ကမ်းနားလမ်းဈေး၌ ဈေးဝယ်သူနှင့် ဈေးရောင်းသူ နည်းပါးလာသဖြင့် ပြန်လည်စည်ကားလာရေး ဈေးရောင်းချသူများက မျှော်လင့်လျက်ရှိကြောင်း သိရသည်။

''အရင်က လမ်းမတော်မြို့နယ် (၈)လမ်းမှာရောင်းတယ်။ (၆) လမ်းမှာလည်း ရောင်းပါတယ်။ ဒီကမ်းနားဘက်မှာ နေရာတွေ ချပေးတော့ ဒီကိုရောက်လာတာပါ။ ညနေပိုင်း ဈေးရောင်းဖို့ပေါ့။ မနက်ပိုင်းကတော့ ဒီလိုပဲ ပျံကျပါ။ နေရာဦးပြီးတော့ ရောင်းရတယ်။ ကမ်းနားလမ်းဘက်ကို ရွှေ့ပြီးစ သုံးလေးလလောက်ကတော့ ပထမပိုင်း စည်ပါတယ်။ နောက်ပိုင်းမှာ လမ်းပေါ်မှာလည်း ဈေးသည်တစ်ယောက်မှ မရှိတော့ဘူးလေ။ စစချင်းစီမံချက် ဆိုတော့ အကုန်လုံး ဘာဆိုင်မှမထားဘူး။ ကမ်းနားလမ်းမှာ တရားဝင် နေရာချပေးထားတာပါ။ နေရာချပေးထားတဲ့ ဘက်မှာ စနစ်တကျ တစ်စုတစ်စည်းတည်း ရောင်းချစေချင်တယ်'' ဟု ပလာတာနှင့် အီကြာကွေး ရောင်းချသူ ဦးသန်းဝင်းကပြောသည်။

 ''မိသားစု စားဝတ်နေရေး အတွက် လုပ်ကြတာ မှန်ပေမယ့်လည်း စည်းကမ်းနဲ့အညီ တိတိကျကျ လုပ်မယ်ဆိုရင် ဒီဈေးမှာ စည်စည်ကားကားနဲ့ ရောင်းချကြမှာ အမှန်ပဲ။ ဈေးဝယ်တွေအနေနဲ့ ကတော့ နီးတဲ့ဆီမှာပဲ ဝယ်ကြမှာပေါ့။ အပေါ် (အနော်ရထာလမ်း)မှာ အလွယ်တကူ ရတယ်လေ။ ကမ်းနားဈေးအောက်ဘက်ကို မလာကြတော့ဘူး''ဟု ဦးသန်းဝင်းက ဆက်လက်ပြောသည်။

မြောင်းမြမုန့်ဟင်းခါး ရောင်းချသူ ဦးမောင်မောင်ကြီးကလည်း ''ကျွန်တော်က ဒီဈေးစတင် ဖွင့်လှစ်ရောင်းချတဲ့ အချိန်ကတည်းက ရောင်းတဲ့သူပါ။ အရင်ကတော့ အပေါ် (အနော်ရထာလမ်း)မှာ ရောင်းပါတယ်။ ဒါပေမဲ့ ဒီဈေးမှာ အားလုံးရောင်းရမယ် ဆိုပြီး ကျွန်တော်တို့ကို နေရာပေးတဲ့အခါ ဒီဈေးမှာရောင်းချတာပါ။ စရောင်းတဲ့ နှစ်လ သုံးလလောက်မှာတော့ ဒီဈေးက စည်နေတာပေါ့။ အဲဒီနောက်ပိုင်း ဈေးသည်တွေက အပေါ် (အနော်ရထာလမ်း)မှာပဲ ပြန်ရောင်းကြတယ်။ ဒီကမ်းနားဈေးမှာ ရောင်းချတဲ့ဈေးသည် သိပ်မရှိတော့ဘူး။ ဒီဈေးလေးပြန်လည်စည်ကားဖို့ လိုအပ်တဲ့ဘက်က အကူအညီပေးကြ ဖို့လည်း မေတ္တာရပ်ခံ လိုပါတယ်'' ဟု ပြောသည်။

ကမ်းနားလမ်းဈေး၌ ငါးခြောက်ရောင်းချသူ ဦးမျိုးမြင့်အောင်က ''အရင်ကတော့ ကျွန်တော်တို့ တော်တော်လေး ရောင်းရပါတယ်။ မရောင်းရဘူးဆိုတဲ့ ရက်တောင် ငွေကျပ်ကိုးသောင်း၊ တစ်သိန်းဖိုးလောက်တော့ ရောင်းရတယ်။ အခု ဒီမနက်ဆို ငွေကျပ်သုံးသောင်းဖိုးတောင် မပြည့်သေးဘူး။ အခု ကမ်းနားလမ်းမှာ ဈေးသည်တွေ မရှိတော့ ဈေးဝယ်တွေကလည်း မလာကြတော့ဘူး။ ဒီဈေးကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာ လလောက်ကဖွင့်ခဲ့တာ။ အဲဒီတုန်းကတော့ ဆိုင်တွေအကုန် ပြည့်နေတာပဲ။ အရင်တုန်းကဆို ည ၉ နာရီခွဲ၊ ၁ဝ နာရီလောက်မှ ဈေးကွဲတယ်။ အခုကျတော့ ည ၈ နာရီ၊ ၈နာရီခွဲဆို ဝယ်သူမရှိတော့ပါဘူး။ အခု ရောင်းအားကောင်းတယ် ဆိုတာက ငွေကျပ် လေးငါးခြောက်သောင်း ရဖို့ မနည်းရောင်းနေရတယ်''ဟု ပြောသည်။

မုန့်ဟင်းခါး ရောင်းချသူ ဦးသန့်ဇင်က ''အရင်ကဆိုရင် အဆင်ပြေပါတယ်။ နောက်ပိုင်းတော့ အဆင်မပြေတော့ဘူး။ ဘာလို့ မပြေလဲဆိုတော့ ဒီကဈေးသည်တွေ တော်တော်များများက အပေါ်(အနော်ရထာလမ်း)ကိုတက်ပြီး ရောင်းကြတယ်။ မနက်ပိုင်းက နည်းနည်း လူရှိသေးတယ်။ ညဈေးဆို ဈေးလာဝယ်သူ ပိုနည်းပါတယ်'' ဟု ပြောသည်။ ထို့ပြင် လမ်းမတော်မြို့နယ် ကမ်းနားလမ်း (နေ့/ည)ဈေးကို ရောင်းသူဝယ်သူများဖြင့် ပြန်လည် စည်ကားလာစေရန် ဈေးရောင်းချသူများက မျှော်လင့်လျက်ရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment