Latest News

Saturday, May 12, 2018

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၆)


အောင်ဝေး

စက်တင်ဘာ ၆၊ ၂၀၀၈

ဆရာဗန်းမော်တင်အောင် မကွယ်လွန်ခင် ပြောခဲ့တဲ့ စကားတခွန်းရှိပါတယ်။ “လူတယောက်ရဲ့ တန်ဖိုးကို သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ” တဲ့။ ၁၉၇၈ ခုနှစ်က ပြောခဲ့တဲ့စကားပါ။ နောင် ၁၀ နှစ်အကြာမှာ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ ဆရာဗန်းမော်တင်အောင် အလိုအတိုင်း သမိုင်းပေးတာဝန်ကို သယ်ပိုးထမ်းဆောင်ခဲ့ကြတယ်။

ဗြိတိသျှကိုလိုနီခေတ်၊ ပထမလွတ်လပ်ရေးတိုက်ပွဲမှာကတည်းက ကျောင်းသားတွေဟာ “လွတ်လပ်ရေးကို ‘က’ပြီးတော့မယူဘူး၊ ‘ခွပ်’ပြီးတော့ ယူမယ်”ဆိုတဲ့ စိတ်ဓာတ်ကို ခွပ်ဒေါင်းအသံနဲ့ ဖော်ညွန်ခဲ့ကြတာပါ။

အဲဒီလို ခွပ်ဒေါင်းရဲ့တန်ဖိုး၊ ကျောင်းသားတွေရဲ့တန်ဖိုးကို အသိအမှတ်ပြု နားလည်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်နှိုက်ရဲ့ တန်ဖိုးကကော ဘာလဲ။

ဒီကနေ့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲမှာ သမိုင်းရဲ့ တောင်းဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထုရှေ့မှောက်ကို ရောက်လာခဲ့တယ်။ လူထုက ယုံကြည်လေးစားတဲ့ လူထုကထောက်ခံအားပေးတဲ့ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင် ဖြစ်လာခဲ့တယ်။

ဒီလိုခေါင်းဆောင်တယောက်ရဲ့ တန်ဖိုးကို ဘယ်စံ ဘယ်ပေတံတွေနဲ့ တိုင်းမလဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲပြီး သမိုင်းတကွေ့ကို အတူတကွ ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတချို့ကို ကျနော် ပြန်လည်အမှတ်ရလာပါတယ်။

ဒီနေ့အချိန်အထိ ဘ၀မှာစွဲထင်နေတဲ့ စွန့်စားခန်းတခုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း ခရီးစဉ်ပါပဲ။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၁၉၈၈ စက်တင်ဘာ ၁၈ နောက်ပိုင်း မရှေးမနှောင်းမှာ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ ပူးပေါင်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို တည်ထောင်လိုက်ကြတယ်။ ခေါင်းဆောင်တွေ လူထုထဲ စည်းရုံးရေးဆင်းကြတယ်။ ဦးအောင်ကြီးက အထက်မြန်မာပြည် တက်သွားတယ်။

ဦးတင်ဥိးက ဧရာဝတီတိုင်းကို ဆင်းတယ်။ ဦးတင်ဦးနဲ့အတူ ကျနော် ပါသွားတယ်။ ပုသိမ်မျာ NLD တိုင်းရုံး ဖွင့်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ဧရာဝတီတိုင်း စည်းရုံးရေးတာဝန် ပေးတယ်။

ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ဧရာဝတီတိုင်းထဲ လှည့်လည်တုန်းက န၀တစစ်တပ်နဲ့ ရင်ဆိုင်ရတဲ့၊ အထူးသဖြင့် အဲဒီအချိန်က နတခတိုင်းမှူးဖြစ်နေတဲ့ ဗိုလ်ချုပ်မြင့်အောင် နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အတွေ့အကြုံ ကျနော် ရလိုက်တယ်။ ဧရာဝတီတိုင်း ၂၆ မြို့နယ် ဒီမိုကရေစီလူထုနဲ့ ထိတွေ့ရတဲ့ အတွေ့အကြုံ ကျနော်ရလိုက်တယ်။

အဲဒီလိုနဲ့ မိခင်ကြီးဒေါ်ခင်ကြည်ဈာပနအပြီး ၁၉၈၉ ခုနှစ် ဇန်န၀ါရီလထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း လူထုစည်းရုံးရေးခရီးစဉ်ကို ကျနော်တို့ တာဝန်ယူ စီစဉ်ခဲ့ကြတယ်။

အဲဒီအချိန်က န၀တစစ်အစိုးရကို တရားဝင် စာတင်ပြီးမှ ထွက်တဲ့ခရီးပါ။ ဒီခရီးက ဧရာဝတီတိုင်း တခုလုံးတော့ မဟုတ်ပါဘူး။ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ ဒီခရိုင် ၃ခု အကျုံးဝင်တဲ့ ဧရာဝတီတိုင်း အနောက်ခြမ်း ခရီးစဉ် ဆိုပါတော့။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ လောက်က အဖြစ်အပျက်တွေ၊ ရက်စွဲတွေ၊ လူပုဂ္ဂိုလ်တွေ၊ ဆိပ်ကမ်းတွေ၊ ရန်သူတွေ၊ စစ်ဗိုလ်တွေကို အတိအကျ မမှတ်မိတော့ပေမယ့် ကျနော်တို့စီးခဲ့တဲ့ ပုဂ္ဂလိကပိုင် နှစ်ထပ်သင်္ဘောကြီးရဲ့ နာမည်ကိုတော့ ကျနော် မမေ့သေးပါဘူး။ သင်္ဘောနာမည်က “မြတ်မေတ္တာ”။

မြတ်မေတ္တာသင်္ဘောကြီးပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကာနယ်ကြည်မောင်လို့ ခေါ်ကြတဲ့ အန်ကယ် ဦးကြည်မောင်လည်း ပါတယ်။ သုံးရောင်ခြယ်လူငယ်တွေ၊ NLD ဌာနချုပ် ပြန်ကြားရေးအဖွဲ့က စာပေအနုပညာရှင်တွေ၊ ပုသိမ်မြို့ NLD တိုင်းရုံးက လူငယ်တွေ၊ လူအင်အား ၄၀ ကျော်နဲ့ သိုက်သိုက်ဝန်းဝန်း ချီတက်ခဲ့ကြတဲ့ ခရီးစဉ်တခုပါ။

မြစ်ဝကျွန်းပေါ် အနေနဲ့ အခု ဧရာဝတီတိုင်း အနောက်ခြမ်းခရီးစဉ်။ ဒါပြီးရင် နောက်မကြာခင် ဖျာပုံ၊ မအူပင်ခရိုင် ၂ခု အကျုံးဝင်တဲ့ ဧရာဝတီတိုင်း အရှေ့ခြမ်းခရီးစဉ်ကိုလည်း ရေးဆွဲပြီးသား။

ဒီလို ဧရာဝတီတိုင်းခရီးကို စီစဉ်နေတဲ့အချိန်မှာပဲ မိခင်ကြီး ဒေါ်ခင်ကြည် ကွယ်လွန်ခဲ့တယ်။ မိခင်ကြီးအတွက် ပူဆွေး သောကရောက်နေရှာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စီစဉ်ထားပြီးဖြစ်နေတဲ့ ဧရာဝတီခရီးကို မဖြစ်ဖြစ်အောင် ထွက်ခဲ့တယ်။ ဒေါ်ခင်ကြည် ကွယ်လွန်တဲ့ တလပြည့် လလည်ဆွမ်းကျွေးအမီ ရန်ကုန်ပြန်ဝင်ဖို့ ကျနော်တို့ ခရီးစဉ်ဆွဲထားကြတယ်။

၁၉၈၉ ဇန်န၀ါရီလထဲမှာပါ။

အခုလိုအချိန်မှာ နာဂစ်လေမုန်တိုင်းဘေး၊ နာဂစ်မုန်တိုင်းထက်ဆိုးတဲ့ သန်းရွှေမုန်တိုင်းဘေးတွေကြောင့် ဘုန်းဘုန်းလဲကျ ပျက်စီးဆုံးရှုံးသွားရတဲ့ ဧရာဝတီတိုင်းဆိုတာ တနည်းအားဖြင့် မြစ်ဝကျွန်းပေါ်ဆိုတာ ဘယ်ခေတ်မဆို သမိုင်းအရ အမြဲ အရေးပါပါတယ်။ မြစ်ဝကျွန်းပေါ်တိုင်း ဆိုတာ သေနင်္ဂဗျူဟာလည်း ကျပါတယ်။

ဒီလို အရေးပါတဲ့နေရာ၊ ဒီလိုအချက်အချာကျတဲ့ဒေသကို ဒေါ်အောင်ဆန်းစုကြည် လာရတာ၊ စည်းရုံးရေးဆင်းရတာ လွယ်လွယ်နဲ့တော့ မဟုတ်ခဲ့ပါဘူး။

န၀တစစ်အစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထွက်ခဲ့တဲ့ ခရီး ဆိုပေမယ့်၊ စစ်ပဒေသရာဇ်တွေ နယ်မြေအပိုင်စားရထားတဲ့ ခေတ်ကြီးဆိုတော့၊ အဲဒီအချိန်က တိုင်းမှူးလုပ်နေတဲ့ ဗိုလ်ချုပ်မြင့်အောင်ရဲ့ ဧရိယာထဲမှာ အမိန့်တွေ၊ အကန့်အသတ်တွေ၊ အချုပ်အချယ်တွေ အမျိုးမျိုးကို ရင်ဆိုင်ရတော့တာပါပဲ။

အဲဒီအချိန်မှာ lawful command, unlawful command ဆိုတဲ့ တရားတဲ့အမိန့်နဲ့ မတရားတဲ့အမိန့်ကို ခွဲခြားရင်ဆိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ကို စတင် သင်ကြားပေးလိုက်ပါပြီ။

မတရားတဲ့အမိန့်အာဏာမှန်သမျှ လူထုဆန္ဒအရ ဖီဆန်ကြ-

နှင်းတွေ ၀ဲဝဲဝေနေတဲ့ ရန်ကုန်ဆိပ်ကမ်းကနေ တရွေ့ရွေ့ ထွက်ခွာလာတဲ့ နှစ်ထပ်သင်္ဘောကြီးတစင်းပေါ်မှာတော့ ခွပ်ဒေါင်းအလံတွေ တလူလူနဲ့၊ ပဉ္စမမြန်မာနိုင်ငံတော်ကို တည်ထောင်မယ့် တိုင်းပြုပြည်ပြု အင်အားစုတစုပေါ့။

“ကောင်းကျိုးအထွေထွေရယ်နဲ့ ချွန်စေမြစေစော

ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော”


အောင်ဝေး (၀၇-၀၃-၀၈)

(မူရင်း -Radio Free Asia, Burmese Service)
http://blog.moemaka.com/2008/09/blog-post.html

No comments:

Post a Comment