ရန်ကုန် မေ ၁၂
အိန္ဒိယနိုင်ငံမှ ဧပြီ ၄ ရက်တွင် မတ်ပဲနှင့် ပဲတီစိမ်းများကို ပြန်လည်တင်သွင်း ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း တင်သွင်းခွင့်ရရှိရေးအတွက် အသေးစိတ် အချက်အလက်များ ထုတ်ပြန်ပေးမှုကို စောင့်ဆိုင်းနေရသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်ထံမှ သိရသည်။
''အိန္ဒိယနိုင်ငံက မတ်ပဲတန်ချိန် ၁၅ဝဝဝဝ နဲ့ ပဲတီစိမ်း တန်ချိန် ၁၅ဝဝဝဝ ကို ဧပြီ ၄ ရက်က တင်သွင်းခွင့်ပြုလိုက်ပါပြီ။ တင်သွင်းခွင့်ပြုတဲ့ အသေးစိတ် အချက်အလက်ကို ထပ်ပြီး ထုတ်ပြန်ပေးမယ်လို့ သိရတယ်'' ဟု ဦးတိုးအောင်မြင့်ကပြောသည်။ ယင်းကဲ့သို့ တင်သွင်းခွင့်ရရှိရေးနှင့် ကျန်ရှိနေသေးသော ပဲစင်းငုံဝယ်ယူရေးအတွက် ခွင့်ပြုပေးရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။
ယခုကဲ့သို့ တင်ပို့ရာတွင် အိန္ဒိယနိုင်ငံသို့ မတ်ပဲဝင်ရောက်မှုမှာ မြန်မာနိုင်ငံမှ ၇ဝ ရာခိုင်နှုန်းခန့် တင်သွင်းနိုင်ပြီး တခြားနိုင်ငံများမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲနှင့် ပဲတီစိမ်းများ ဝင်ရောက်လာသဖြင့် ဈေးကွက်များ၌ ယှဉ်ပြိုင်ရန် မလိုသကဲ့သို့ ပဲတီစိမ်းအတွက်လည်း များစွာပူပန်ရန် မလိုကြောင်း သိရသည်။ ပဲစင်းငုံမှာ အိန္ဒိယဈေးကွက်၌ ၄ဝ ရာခိုင်နှုန်းသာ ဝင်ရောက်နိုင်သော အနေအထားဖြစ်သဖြင့် မိုးရာသီကာလတွင် စိုက်ပျိုးမည်ဆိုပါက စီးပွားဖြစ်မစိုက်ဘဲ ဒေသသုံး လိုအပ်ချက်အနေဖြင့်သာ စိုက်ပျိုးသင့်ကြောင်း သိရသည်။
''ဈေးကွက်မှာ မတ်ပဲ၊ ပဲတီစိမ်းက ဒီလောက်မဟုတ်ဘူး။ ပဲစင်းငုံကတော့ ၄ဝ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ဒီအတွက် ပဲစင်းငုံကို စီးပွားရေးအရ မစိုက်သင့်ဘူး။ ဒါပေမဲ့ ဒီနှစ်မှာ ပဲစင်းငုံ တစ်သိန်းခွဲ၊ နှစ်သိန်းလောက်တော့ တင်ပို့နိုင်ဖို့ရှိတယ်''ဟု ဦးတိုးအောင်မြင့် ကပြောသည်။
MWD
No comments:
Post a Comment