Latest News

Sunday, May 13, 2018

ဥရောပသမဂ္ဂနှင့် အမေရိကန်ကြား ထွက်ပေါ်လာနိုင်သည့် အက်ကြောင်းများ

ဥရောပသမဂ္ဂနှင့် အမေရိကန်ကြား ထွက်ပေါ်လာနိုင်သည့် အက်ကြောင်းများ

အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန် နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက် လိုက်ခြင်းကြောင့် ကမ္ဘာ့နိုင်ငံ အများအပြား၏ ကန့်ကွက်ဝေဖန်မှုများ ထွက်ပေါ် လာစေရုံသာမက ယင်းဆုံးဖြတ်ချက်သည် မဟာမိတ်နိုင်ငံများနှင့်အမေရိကန် အစိုးရတို့ကြား စည်းလုံး ညီညွတ်မှု၊ ပေါင်းစည်းမှု အပေါ်သို့ပါ အကျိုးသက်ရောက်မှု ရှိစေခဲ့သည်ကို တွေ့ရသည်။ အီရန်နှင့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံ တို့ကြား ၂ဝ၁၅ ခုနှစ်က ချမှတ်ခဲ့သည့် နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ခြင်း မပြုရန် ဥရောပရှိ အမေရိကန် အစိုးရ ၏ အဓိက မဟာမိတ်နိုင်ငံကြီးများ ဖြစ်သော ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်တို့က ဖျောင်းဖျနေသည့် ကြားမှ ထရမ့်အစိုးရက ဂရုမစိုက်ဘဲ ဆင်ကန်းတောတိုး ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည် ဟူသော ပြောဆိုမှုများလည်း ထွက်ပေါ်လျက်ရှိသည်။

အီရန်နျူကလီးယား အစီအစဉ်နှင့် စပ်လျဉ်း၍ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်တို့ အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ကာ ထရမ့်နှင့် အသေးစိတ် ဆွေးနွေးခဲ့ပြီး နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ခြင်း မပြုရန် ဖျောင်းဖျခဲ့ကြသည်။ သို့သော် ၎င်းတို့၏ ကြိုးပမ်းမှုမှာ သဲထဲရေသွန်ဖြစ်ခဲ့ရသည်။ အမေရိကန်က အီရန် နျူကလီးယား အစီအစဉ်မှ နုတ်ထွက်သည်ဟု ထရမ့် အစိုးရက ကြေညာလိုက်သည့် အချိန်သည် ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့ကြား ကုန်သွယ်ရေးနှင့် ပတ်သက်၍ အနည်းငယ် တင်းမာနေချိန်လည်း ဖြစ်သည်ကို တွေ့ရသည်။ ယင်းအချိန်တွင် အီရန် နျူကလီးယား အစီအစဉ်မှ အမေရိကန် နုတ်ထွက်မည့် အစီအစဉ်ကို တားမြစ်နိုင်ရေး အတွက် ဥရောပ ခေါင်းဆောင်များက ဦးစားပေး ကြိုးပမ်းနေချိန်လည်း ဖြစ်သည်။ သို့သော် ယခုအားလုံးလွန်သွားပြီ ဖြစ်သည်။

အမေရိကန် အစိုးရသည် ခေါင်းမာစွာ နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်သွားပြီ ဖြစ်သည်။ ထို့ကြောင့် အမေရိကန် အစိုးရ၏ ဆုံးဖြတ်ချက်သည် မဟာမိတ် နိုင်ငံများအား ကျောခိုင်းလိုက်ခြင်းပင်ဖြစ်သည် ဟု ဥရောပ ကော်မရှင်ဥက္ကဋ္ဌ ဂျင်းကလောက် ယွန်ကာက တုံ့ပြန် ပြောဆိုလိုက်သည့် အပြင် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်၌ လွှမ်းမိုးနိုင်သည့် အင်အားကြီး နိုင်ငံအဖြစ်မှ သွေဖည်သွားပြီ ဖြစ်သောကြောင့် ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်၏ နေရာတွင် အစားထိုး လုပ်ဆောင်ရမည်ဖြစ်သည် ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ထိုသို့ အီရန်၏ နျူကလီးယား သဘောတူညီချက်တွင် အမေရိကန် ပြည်ထောင်စု မပါဝင်တော့သော်လည်း ဥရောပသမဂ္ဂ အနေဖြင့် အဆိုပါ သဘောတူညီချက်ကို ဆက်လက် ထိန်းသိမ်းသွားရန် ဆုံးဖြတ်ထားသည်။ ထို့ပြင် အီရန်အနေဖြင့် သဘောတူညီချက်ပါ အချက်များကို လိုက်နာစေရေးအတွက် အနာဂတ်တွင် ကြိုးပမ်းသွားမည်ဟု ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်က ပြောကြားထားသည်။

နျူကလီးယား သဘောတူညီချက်မှ အမေရိကန် နုတ်ထွက်ကြောင်း ကြေညာပြီးနောက်ပိုင်းတွင် နျူကလီးယား သဘောတူညီချက်ကြောင့် အမေရိကန်က အီရန်အပေါ် ဖြေလျှော့ထားခဲ့သည့် ပိတ်ဆို့မှုများကို ပြန်လည် ချမှတ်လိုက်ပြီဖြစ်သည်။ ထို့ပြင် အပြင်းထန်ဆုံးသော စီးပွားရေး ပိတ်ဆို့မှုများ ကိုပါ ထပ်မံချမှတ်ခဲ့သည်။ ထိုမျှမက ထရမ့် အစိုးရက သတိပေးချက် တစ်ရပ်ကိုပါ ထုတ်ပြန်လိုက်သည်။ ယင်း သတိပေးချက်သည် ဥရောပရှိ မဟာမိတ် နိုင်ငံများကို အထိတ်တလန့်ဖြစ်စေခဲ့သည်။ ထရမ့်အစိုးရက ထုတ်ပြန်လိုက်သည့် သတိပေးချက်မှာ ယခု ထပ်မံချမှတ်လိုက်သည့် ပိတ်ဆို့မှုများကို လိုက်နာခြင်း မရှိဘဲ ချိုးဖောက်သည့် နိုင်ငံများ အပေါ် အမေရိကန်က ပိတ်ဆို့ပစ်မည် ဟူ၍ပင်ဖြစ်သည်။ ယင်းနိုင်ငံများတွင် ဥရောပရှိ အမေရိကန်၏ မဟာမိတ်များ ဖြစ်သည့် ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်တို့လည်း ပါဝင်နေသည်။

သို့ရာတွင် ဥရောပ အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျာမနီ အနေဖြင့် အမေရိကန်က နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ခြင်းကြောင့် ထွက်ပေါ်လာသည့် အကျိုးဆက်များသည် ဥရောပကုမ္ပဏီကြီးများအပေါ်သို့ ကျရောက်ခြင်း မရှိစေရန် တတ်စွမ်းနိုင်သမျှ နည်းလမ်း ရှာဖွေကာ အကာအကွယ် ပေးမည်ဟု ဂျာမနီ ဘဏ္ဍာရေးဝန်ကြီး အိုလက်ရှို့က တုံ့ပြန် ပြောကြားထားသည်။ ထို့ကြောင့် အမေရိကန်က နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ခြင်းသည် အမြင်တွင် ရိုးရှင်းသော်လည်း အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်နိုင်ငံများကြား နောက်ဆက်တွဲ အကျိုးဆက်များ အနေဖြင့် တင်းမာမှုများ ဖြစ်ပေါ်စေနိုင်သည်ကို တွေ့ရသည်။

အမေရိကန်၏ ပိတ်ဆို့မှုကြောင့် ပြင်သစ် လေယာဉ်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Airbus မှာ အထိအနာဆုံး ဖြစ်လာနိုင်သည်။ ယင်းကုမ္ပဏီသည် အီရန်သို့ အမေရိကန် ဒေါ်လာ ၁၉ ဘီလီယံတန်ဖိုးရှိ လေယာဉ် အစင်း ၁ဝဝ ရောင်းချပေးရန် ၂ဝ၁၅ ခုနှစ် အတွင်းက သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးထားသည်။ ယခုအချိန်တွင် အဆိုပါ လေယာဉ် ကုမ္ပဏီကြီးသည် အီရန်သို့ လေယာဉ်သုံးစင်းသာ ပေးပို့ ထားနိုင်သေးသည်။ နောက်ထပ်ပေးပို့ရန် ၉၇ စင်း ကျန် ရှိနေသေးသည်။ ယင်းအခြေအနေသည် ပြင်သစ် အစိုးရကိုများစွာ အကျပ်ရိုက်စေမည် ဖြစ်သည်။

ဤအခြေအနေများသည် အမေရိကန် အစိုးရနှင့် ၎င်း၏ မဟာမိတ်များကြား ရှိ ဆက်ဆံရေးတွင် အက်ကြောင်းများ အဖြစ်သို့ ရောက်ရှိလာနိုင်သည်။ ယင်းအခြေအနေကို သက်သေပြသည့် အနေဖြင့် ဂျာမနီဝန်ကြီးချုပ် မာကယ်က အာချင်မြို့၌ မေ ၁ဝ ရက်က ကျင်းပသည့် ဆုပေးပွဲ အခမ်းအနား တစ်ခု၌ ဥရောပသမဂ္ဂ အဖွဲ့က အမေရိကန် အပေါ် အားကိုး၍ မရတော့ဟု အတိအလင်း ပြောကြားခဲ့သည်။ ထို့ပြင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မိမိတို့၏ ကံကြမ္မာကို မိမိတို့ ဘာသာ ဖန်တီးရမည်ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု အနေဖြင့် အဖွဲ့ကြီးအပေါ် အကာအကွယ် ပေးနိုင်တော့မည် မဟုတ်ဟု မာကယ်က ပြင်သစ်သမ္မတ မက်ခရွန်အား ဥရောပသမဂ္ဂ ပေါင်းစည်းမှုနှင့် စည်းလုံးမှု တိုးမြှင့်ရေး ဆောင်ရွက်မှုအတွက် Charlemagne ချီးမြှင့်သည့် အခမ်းအနားတွင် ထပ်လောင်း ပြောကြားလိုက်သည်။

ဥရောပသမဂ္ဂအဖွဲ့အနေဖြင့် မိမိတို့၏ အချုပ်အခြာအာဏာကို တည်ဆောက်နိုင်ရေး အတွက် ဆုံးဖြတ်ရမည့် အချိန် ရောက်ရှိလာပြီ ဖြစ်သောကြောင့် ယခုပင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ မိမိတို့၏ အချုပ်အခြာအာဏာ တည်မြဲ မှသာလျှင် အရှေ့အလယ်ပိုင်း၌ တည်ငြိမ်ရေးအတွက် အာမခံပေးနိုင်သည့် အဖွဲ့အစည်းကြီး တစ်ရပ်ဖြစ်လာမည်ဟု မက်ခရွန်က ပြောကြားလိုက်ခြင်းသည် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကြား အက်ကွဲကြောင်း ထွက်ပေါ်လာခြင်းကို ပိုမိုထင်ရှားလာစေသည်။ ထို့ပြင် ဥရောပသမဂ္ဂ အတွင်း စစ်ရေးတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ပူးပေါင်းတုံ့ပြန်နိုင်ရေး အတွက် ပူးပေါင်း တပ်ဖွဲ့တစ်ဖွဲ့ကို တည်ထောင်ရန်နှင့် နည်းပညာ ကုမ္ပဏီကြီးများ အပေါ် ဥရောပသမဂ္ဂက အခွန်ကောက်ခံရန် ပြင်သစ်သမ္မတ မက်ခရွန် က ဂျာမနီဝန်ကြီးချုပ် မာကယ်အား ဖိအားပေး လျက်ရှိသည်။ စင်စစ်တွင် မက်ခရွန်သည် ဥရောပသမဂ္ဂ အဖွဲ့တစ်ခုလုံး ပိုမိုပေါင်းစည်းရေးကို လိုလားလျက် ရှိနေခြင်းဖြစ်သည်။

ဥရောပသမဂ္ဂ ပေါင်းစည်းရေး အတွက်နှင့် ရေရှည်တည်မြဲစေရေး အတွက် လုပ်ဆောင် ရန် မာကယ်က ဆုံးဖြတ်ထားသော်လည်း ဥရောပသမဂ္ဂအတွင်း ဘုံအသုံးစရိတ် သတ်မှတ်ရေးကို လက်ရှိတွင် တစ်စုံတစ်ရာ ပြောကြားထားခြင်း မရှိပေ။ သို့ရာတွင် ဥရောပသမဂ္ဂ ပေါင်းစည်းရေးသည် အဖွဲ့ကြီးတစ်ခုလုံး အတွက် အလွန်တရာ အရေးပါကြောင်း ကို ဗြိတိန်က ဥရောပသမဂ္ဂ အဖွဲ့အတွင်းမှ နုတ်ထွက်ခြင်းသည် အလွန်ကောင်းမွန်သည့် လုပ်ဆောင်ချက် ဖြစ်သည်ဟူသော အမေရိကန် သမ္မတ၏ ပြောဆိုမှုများသည် အပြုသဘော မဆောင်ဘဲ အဖွဲ့ကြီး၏ ပေါင်းစည်းမှုကို ဖျက်လိုဖျက်ဆီး လုပ်ဆောင်လိုသည့် သဘောများ ပါဝင်နေကြောင်းကို ဥရောပခေါင်းဆောင် များက ထိုအချိန်ကတည်းက ကောင်းစွာ သဘောပေါက်ထားသည်။

ယခုလည်း အီရန် နျူကလီးယား သဘောတူညီချက်မှ အမေရိကန် နုတ်ထွက်ခြင်းအပေါ် ၎င်းတို့အနေဖြင့် ကောင်းစွာ နားလည်ထားသည့်အပြင် အမေရိကန်၏ ဆုံးဖြတ်ချက်ကြောင့် ထွက်ပေါ်လာနိုင်သော အကျိုး သက်ရောက်မှုများကို ကောင်းစွာ ရှောင်ရှားနိုင်ရန် ကြိုးပမ်းမည် ဖြစ်သောကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကြား ထွက်ပေါ်လာမည့် အက်ကြောင်းများမှာ ပိုမို ကြီးမားလာနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း သုံးသပ် ရပါသည်။ ။

ဇေယျဘုန်း
MWD

No comments:

Post a Comment