Latest News

Sunday, May 27, 2018

ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်း(၁၄) အောင်ဝေး


ဘယ်ခေတ်မှာမဆို မဆလ ခေတ်ပဲဖြစ်ဖြစ်၊ နဝတ ခေတ်ပဲဖြစ်ဖြစ်၊ အခုလက်ရှိ နအဖ ခေတ်မှာပဲဖြစ်ဖြစ်၊ ဘယ်ခေတ်ဖြစ်ပစေ၊ မြစ်ဝကျွန်းပေါ်တိုင်းဟာ သမိုင်းအရ အမြဲအရေးပါတယ်။

ဒီလိုအရေးပါတဲ့နေရာ၊ သေနင်္ဂဗျူဟာကျတဲ့နေရာကို မဆလ- နဝတ စစ်ပဒေသရာဇ် အဆက်ဆက်က အခိုင်အမာ စိုးမိုးနေရာယူထားကြတယ်။ မဆလ စစ်တပ်က ထွန်းလင်းယုန်၊ ရွှေလင်းယုန်၊ မိုးဟိန်း စတဲ့ စစ်ဆင်ရေးတွေနဲ့ ပြည်သူ့ ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကို ချေမှုန်းခဲ့တယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ ခုခံရေးစစ်ပွဲတွေထဲက သိလ်လာတိုက်ပွဲ၊ ငွေသောင်ယံတိုက်ပွဲတို့ဟာ ထင်ရှားခဲ့တာပေါ့။ နောက်ပိုင်းမှာလည်း ထောင်ပိုင် စစ်ဆင်ရေးဆိုပြီး မဆလ ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။

အဲဒီလို သေနင်္ဂဗျူဟာကျတဲ့ မြစ်ဝကျွန်းပေါ်တိုင်း၊ တနည်းအားဖြင့် ဧရာဝတီတိုင်းဟာလည်း ရှစ်လေးလုံးအရေးတော်ပုံကြီးထဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့အတူ လှိုင်းထခဲ့တာပဲပေါ့။

စစ်ဌာနချုပ်အနေနဲ့ ‘နတခ’ ဧရိယာလို့ သတ်မှတ်ထားတဲ့ ဧရာဝတီတိုင်းမှာ ရှစ်ဆယ့်ရှစ်အလွန်ကာလ တိုင်းမှုးက ဗိုလ်ချုပ်မြင့်အောင်ပါ။ ဗိုလ်ချုပ်မြင့်အောင်ဟာ ‘တခြားနေရာတွေမှာ ဒီမိုကရေစီတောင်းလို့ ရချင်ရမယ်၊ ကျုပ်နယ်မြေမှာတော့ ဘယ်တော့မှ ဒီမိုကရေစီ မရစေရဘူး’ လို့ ကြွေးကြော်ထားတဲ့ စစ်ပဒေသရာဇ်တဦးပါ။

အဲဒီစစ်ဗိုလ်ချုပ်နဲ့ ကျနော်တို့ ထိပ်တိုက်ရင်ဆိုင်ရတာဟာ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းခရီးစဉ်ကျမှ မဟုတ်ပါဘူး။ ဒီ့အရင် ဒေါက်တာသက်မင်းနဲ့ ကျနော် ဧရာဝတီတိုင်းကို စည်းရုံးရေး စ ဆင်းကြပြီ ဆိုကတည်းကပါပဲ။

ကျနော်တို့ စည်းရုံးရေး မဆင်းခင် NLD ဌာနချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်းစည်းတွေကို ခေါ်တွေ့ပြီး သြဝါဒပေးပါတယ်။ တိုင်းစည်းထဲမှာ မြန်မာ့အလင်း သတင်းစာ အယ်ဒီတာဟောင်း ဦးမြရှိန်တို့၊ ဆရာဗန်းမော်တင်အောင်သား ကိုဗဟိန်းအောင်တို့လည်း ပါပါတယ်။ လူထုကြားကို စည်းရုံးရေးဆင်းတဲ့နေရာမှာ စစ်တပ်နဲ့ မလွဲမသွေ ရင်ဆိုင်ကြရမှာပဲ။ အဲဒီအခါမှာ ကိုယ့်ဘက်က ညင်သာပျော့ပျောင်းဖို့၊ နည်းပရိယာယ်ကြွယ်ဝဖို့၊ သဘောထားကြီးဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားပါတယ်။

ပုသိမ်ဟာ တိုင်းမြို့ဆိုတာ၊ ပုသိမ်မှာ ‘တဝတ’ ဥက္ကဌ တိုင်းမှူးမြင့်အောင်နဲ့ ထိပ်တိုက် တွေ့ရတော့တာပါပဲ။ သူ့အောက်က ‘တဝတ’ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီးမောင်ညိုနဲ့ ဆက်ဆံရတာ အဆင်ပြေသလောက်၊ တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်နဲ့ တွေ့ရင်တော့ တခုမဟုတ်တခု အမြဲ ပြဿနာလုပ်နေတော့တာပါပဲ။

အဲဒီလို ဖိအားတွေများလွန်းတဲ့နေရာကို ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်လာတာပါ။ အမျိုးမျိုး ပိတ်ဆို့ ဟန့်တားထားတဲ့ ကြားကပဲ၊ ဟော - အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါးခယ်မမြို့ကို ရောက်လာခဲ့ပါပြီ။

ဝါးခယ်မဟာ ဘကြီးနုရဲ့မြို့။ ဝါးခယ်မဟာ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးတွေတုန်းက အစဉ်အလာ ကြီးမားခဲ့တဲ့မြို့။ ဝါးခယ်မ သခင်သိန်းဖေ၊ ဝါးခယ်မ သခင်သိန်းမောင် စတဲ့ မျိုးချစ် သခင်ဟောင်းကြီးတွေ အလံမလှဲတဲ့မြို့။ အဲဒီမြို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။

ဝါးခယ်မမှာ ကျနော်တို့ ပြန်ရင်ဆိုင်ရတဲ့ တတပ်ကတော့ ကျုံမငေးမှာတုန်းက ကျနော်တို့တွေခဲ့ရတပ်ပါပဲ။ ဒီစစ်တပ်ကို မြင်တော့ ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို အခုလို မေးပါတယ်။ ‘ကျုံမငေးမှာတုန်းက စစ်တပ်က ကျည်ထိုး အသင့်ပြင် ဆိုပြီး သေနတ်နဲ့ ပစ်မလို့လုပ်တဲ့ အချိန်မှာ ကြောက်မသွားဘူးလား’ တဲ့။ ကျနော် အမှန်အတိုင်း ပထမတော့ ကြောက်သွားမိကြောင်း ဝန်ခံဖြေလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ‘သူသူကိုယ်ကိုယ် ကြောက်စရာတွေ့ရင်တော့ ကြောက်မိမှာပါပဲ တဲ့။ ဒါပေမဲ့ ကျမတို့ဟာ ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကိုတော့ ကြောက်ကြောက်နဲ့ပဲ ရှေ့ဆက်ပြီး ပြီးဆုံးအောင် လုပ်သွားရမှာပဲ တဲ့။ လူမှာကြောက်စရာ အကောင်းဆုံးက ကြောက်စိတ်ပဲ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ဝါးခယ်မ လူထုရှေ့မှောက်မှာ ပြောကြားခဲ့တာပါ။

ဝါးခယ်မမှာတော့ စစ်တပ်က သိပ်ပြီး ဆိုးဆိုးရွားရွား အနှောင့် အယှက် အဟန့် အတား မလုပ်ခဲ့ပါဘူး။

အဲဒီအချိန်က ရှစ်လေးလုံး အရေးတော်ပုံတုန်းက ဝါးခယ်မမှာ ခေါင်းဆောင်ခဲ့တဲ့ လူငယ်တွေကို စစ်တပ်က ဖမ်းပြီး မြောင်းမြထောင်ထဲ ထည့်ထားတဲ့အချိန်ပါ။

ဝါးခယ်မမြို့နယ် NLD စည်း တာဝန်ယူထားကြတဲ့ လူငယ်တွေနဲ့ သီးသန့် တွေ့ဆုံရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဖက်ဆစ်တော်လှန်ရေးကြီးပြီးလို့ ‘ဖဆပလ’ ကို တည်ထောင်တဲ့အချိန်မှာ လူငယ်တယောက်ဖြစ်တဲ့ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း အနီးမှာ တည့်မတ် ထိန်းကျောင်းပေးနိုင်တဲ့ လူကြီးတယောက် မဖြစ်မနေ လိုအပ်နေတယ်။ ဒါကြောင့် ဝါးခယ်မကို ပြန်ရောက်နေတဲ့ ဘကြီးနုကို ကျုံမငေး သခင် တင်မောင်တို့က အမြန် သွားခေါ်လာခဲ့ရတယ် လို့ စာရေးဆရာမကြီး ဒေါ်ခင်နှင်းယုရေးထားတာ သူဖတ်ဖူးတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

လူငယ်တွေက လူကြီးတွေကို လေးစား အသိမှတ်ပြုမယ်၊ လူကြီးတွေ ဘက်ကလည်း လူငယ်တွေအပေါ် နားလည်လက်ခံပေးမယ်ဆိုရင် လူကြီးနဲ့လူငယ်ဟာ ဘာပြဿနာမှ ဖြစ်စရာအကြောင်း မရှိပါဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က သင်ကြားခဲ့တာပါ။

အဲဒီနေ့ကတော့ ဝါးခယ်မဟာ ပင်နီရောင်တောက်ပတဲ့ နေ့တနေ့ပါပဲ။

ဝါးခယ်မက မခွာခင် ဘကြီးနုနဲ့ ဒေါ်ခင်နှင်းယုတို့ မောင်နှမတွေ နေထိုင်ခဲ့တယ်ဆိုတဲ့ ဘုရားကြီးနားက ပျဉ်ထောင်အိမ်ကြီးကို ဒေါ်အောင်ဆန်းစုကြည် သွားကြည့်ပါတယ်။ ကျနော်တို့အားလုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်တူ ဇာတိမာန် အိမ်လွမ်းစိတ်ကို ခံစားလိုက်ကြရပါတယ်။

အင်္ဂလိပ်သမိုင်း ပညာရှင်ကြီး ‘ဂစ်ဘွန်း’ က တော့ အခုလို ဆိုခဲ့ဖူးပါတယ်။ ‘အိမ်လွမ်းစိတ်ဟာ သမိုင်းနဲ့ ကဗျာကို မွေးဖွားပေးနိုင်တယ်’ တဲ့။

ဝါးခယ်မကနေ မြောင်းမြကို ထွက်ခွာလာတဲ့လမ်းမှာတော့၊ ရွေးမြစ်ကမ်းနဖူးပေါ်က ရွှေဝါရောင်မှည့်ဝင်းနေတဲ့ လယ်ကွင်းတွေထဲမှာ ကောက်ဦးရိတ်နေတဲ့ လယ်သမားကြီးတွေ၊ လယ်သူမကြီးတွေနဲ့ သင်္ဘောပေါ်က ဒေါ်အောင်ဆန်းစုကြည်တို့ အပြန်ပြန်အလှန်လှန် လက်ပြနှုတ်ဆက်နေတာကို တွေ့လိုက်ကြရပါတယ်။

လူထုကို ချစ်တဲ့သူအပေါ်မှာ လူထုက ပြန်ချစ်တာဟာ ယဉ်ကျေးတဲ့ အမှန်တရားတရပ်ပဲမဟုတ်ပါလား။ ။



( မူရင်း - Radio Free Asia )

No comments:

Post a Comment