Latest News

Tuesday, May 22, 2018

မိုးကုတ်တွင် ကျောက်မျက်လုပ်ကွက်ပေါင်း ၂၀၀ ကျော် သက်တမ်းကျန်နေရှိနေသေး

မိုးကုတ်တွင် ကျောက်မျက်လုပ်ကွက်ပေါင်း ၂၀၀ ကျော် သက်တမ်းကျန်နေရှိနေသေး


မေ ၂၃ ( မိုးကုတ် )

မိုးကုတ်မြို့တွင် လုပ်ကိုင်ခွင့် ရရှိထားသည့် ကျောက်မျက်လုပ်ကွက်များအနက် လုပ်ကွက်ပေါင်း ၂၀၀ ကျော် သက်တမ်း ကျန်ရှိနေသေးကြောင်း  မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှုး ဦးအောင်ညွန့်သိန်းက ပြောသည်။

သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းသည် ၂ဝ၁၆ ခုနှစ် ဧပြီမှစ၍ ယခုနှစ် မတ်လကုန်အထိ  နှစ်နှစ်တာနီးပါးကာလအတွင်းတွင် ရတနာနယ်မြေအသီးသီးရှိ လစဉ်သက်တမ်းကုန်သွားသော လုပ်ကွက်များကို သက်တမ်းမတိုးပေးဘဲ လုပ်ကွက်များ လျှော့ချခဲ့သည်။

“  မိုးကုတ်၊ လုံးခင်၊ ဖားကန့်၊ မော်လူး၊ မော်ဟန်၊ ခန္တီး နန့်ယာဆိပ်၊ မိုင်းရှူးရတနာနယ်မြေတွေမှာတော့ သက်တမ်းရှိကျန်ရှိနေတဲ့လုပ်ကွက် စုစုပေါင်း ၈,၆၈၄ ကွက်ကျန်ရှိနေသေးပါတယ် “ ဟု ၎င်းကပြောသည် ။

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ တရားဝင်ဝက်ဘ်ဆိုက်၌ ရတနာနယ်မြေအသီးသီးတွင် လုပ်ကိုင်နေသော လုပ်ကွက်များမှာ  ၂ဝ၂၁ ခုနှစ်အထိ သက်တမ်းကျန်ရှိမည်ဖြစ်ပြီး အချို့မှာ ၂ဝ၁၈၊ ၂ဝ၁၉၊ ၂ဝ၂ဝ ခုနှစ်များတွင် အသီးသီး သက်တမ်းကုန်ဆုံးကြမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ သက်တမ်းရှိသေးတဲ့ လုပ်ကွက်တွေကလုပ်တဲ့သူတွေလည်းရှိတယ် မလုပ်တော့တဲ့ သူတွေလည်းရှိတယ် မိုးကုတ်မှာက ကျောက်ကလည်းရှာလာတယ် ဈေးကွက်ကလည်း မကောင်းဘူးဆိုတော့ အရှုံးပေါ်ကြတယ် အဲ့တာတွေကြောင့် မလုပ်ကြတော့တဲ့ လုပ်ကွက်တွေများတယ် ” ဟု မိုးကုတ်ကျောက်တွင်းလုပ်ကွက်တွင် လုပ်နေသော ကိုအားလျှံက ပြောသည် ။

အဆိုပါ သက်တမ်းကျန်ရှိသည့် လုပ်ကွက်များအနက် လုံးခင်၊ ဖားကန့် ရတနာနယ်မြေတွင် လုပ်ကွက် ၄,ဝဝဝ ကျော်ဖြင့် အများဆုံးကျန်ရှိနေပြီး ဒုတိယအများဆုံးမှာ မော်လူး၊ မော်ဟန်ရတနာနယ်မြေတွင် လုပ်ကွက်၁,၆ဝဝ ကျော် သက်တမ်းကျန်ရှိကာ တတိယအများဆုံးဖြစ်သည့် ခန္တီးရတနာနယ်မြေတွင် လုပ်ကွက် ၁,၃ဝဝ ကျော် ကျန်ရှိနေသိရသည် ။

ကျောက်မျက်လုပ်ကွက်များ လျှော့ချခဲ့မှုများအနက် နိုင်ငံတော်နှင့်အကျိုးတူလုပ်သော လုပ်ကွက်ဧရိယာ ဧက ၈,၂၇ဝ ကျော်ကိုလျော့ကျခဲ့သည့်အပြင် ပုဂ္ဂလိကလုပ်ကွက် ဧက ၁၂,၃ဝဝ ကျော်ကိုလည်း  စုစုပေါင်းလုပ်ကွက် ဧက ၂ဝ,၆ဝဝ ကိုလျှော့ချခဲ့ကြောင်းသိရသည် ။

ကျောက်မျက်လုပ်ကွက်အသီးသီးအား သက်တမ်းတိုးပေးခြင်း ၊ လုပ်ကွက်သစ်များ ချထားပေးခြင်းများကို ယခု လွှတ်တော်တွင် ဆွေးနွေးနေဆဲဖြစ်သည့် ကျောက်မျက်ဥပဒေထွက်ရှိမှသာ ပြန်လည်လုပ်ဆောင်ဖို့ စဉ်းစားသွားမည်ဟု သိရသည်။

Mogok Views
နေထက်

No comments:

Post a Comment