Latest News

Sunday, May 20, 2018

ဆေးနည်းတို ကဏ္ဍ

ဆေးနည်းတို ကဏ္ဍ

ဆေးနည်းတို(အရပ်စကားဆေးမြီးတို)ဟူသည် မိမိအိမ် သို့မဟုတ် မိမိပတ်ဝန်းကျင်တွင် အလွယ်တကူရနိုင်သော    ဆေးအမယ်(အမည်)များဖြင့် ရောဂါဝေဒနာကို လွယ်ကူ စွာပျောက်ကင်းစေနိုင်သည့်ဆေးနည်း (ကုသနည်း)ကို  ဆိုလိုပါသည်။

ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသုံးစွဲလာခဲ့သည့်မြန်မာတို့၏ရိုးရာဆေးနည်းတိုများကို ဆက်လက်ထိန်း သိမ်းနိုင်စေရန်နှင့် ကျန်းမာရေးကဏ္ဍတွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ဆရာ ကြည်လွင်မြင့် (မုဒြာ) ရေးသားသော''မြန်မာ့ရိုးရာဆေးနည်းတို ကုထုံးများ''စာအုပ်မှ ဆေးနည်းအချို့ကို မြဝတီ စာဖတ် ပရိသတ်များအား ဝေမျှလိုက်ရပါသည်-

ကိုယ်ဝန်ရှိစ ပျို့အန်လျှင်

ဆားကို ကွမ်းရွက်ဖြင့်ကတော့ထိုး၍ အထုပ်ပြုလုပ်ပါ။ သံပြားပေါ်တွင်တင်၍မီးဖုတ်ပြာချပါ။ ထိုပြာကို သံပရာရည်ဖြင့် ဖျော်၍ လျက်ပေးလျှင် အအန်သက်သာစေ သည်။ အစာကိုနည်းနည်းချင်းစားပါ။ စားပြီး ရေမသောက်ပါနှင့်။  ရေသောက်လျှင် ပြန် အန်တတ်သည်။  ရေကျက်တွင်  ပျားရည် တစ်ဇွန်းထည့်ဖျော်တိုက်လျှင် အအန်သက် သာပါသည်။  မုန်ညင်းဆီကိုမီးဖြင့်နွှေး၍ ဝမ်းဗိုက်တွင်  ရင်ညွန့်မှ  ချက်တိုင်အထိ  ဆွဲချလိမ်းပေးလျှင်   အအန်သက်သာစေပါသည်။

ကျောပူခေါင်းပူ

သူငယ်နာရောဂါတစ်မျိုးဖြစ်သည်။ အပူ ကြီးလျှင် တက်တတ်သည်။ ကလေးခြေဖဝါးကို ဆားပွတ်ပြီး ရေဖတ်တိုက်ပါ။ ဝမ်းဗိုက် နှင့်ကျောတွင် မုန်ညင်းဆီ၊ နှမ်းဆီမီးနွှေး၍ လိမ်းပါ။ ဦးခေါင်းပူလျှင် ကွမ်းရွက်အရည် ညစ်၊   အုန်းဆီနှင့်ရောပြီး   ငယ်ထိပ်တွင် လိမ်းပါ။ ကြာဆူးပေါက် အရေပြားပေါ်တွင် ကြာဆူးကဲ့သို့အဖု များပေါက်သောရောဂါ။ အချဉ်ဓာတ်အစား နည်းသူ၊ အာဟာရချို့တဲ့သူများတွင် ဖြစ်လေ့ ရှိသည်။ သံပရာသီးကိုယိုထိုး၍ စားပါ။ သံပရာရည်နှင့်သနပ်ခါးရောစပ်၍ လိမ်းပါ။

ခါးနာ

(က)ကျောက်ကပ်ခါးနာဖြစ်လျှင် တောဆီးဖြူပင်၊ ထိကရုံးပင်ပြုတ်သောက်ပါ။ ကျောက်ဖရုံသီးဟင်းချိုချက် သောက်ပါ။

(ခ)အကြောအဆစ်ရောင်ခါးနာ ဖြစ်လျှင် မုန်ညင်းဆီ၊ နှမ်းဆီကိုမီးဖြင့် ချက်လိမ်းပါ။ သက်ရင်းကြီးမြစ်သွေးလိမ်းပါ။ သက်ရင်းကြီး ရွက်ကို အိပ်ရာအောက် ခင်းအိပ်ပါ။

(ဂ) ကျီးပေါင်းခါးနာဖြစ်လျှင် မိဿလင် ကို အမှုန့်ပြုလုပ်ပြီး အထုပ်ထုပ်၍ ကြပ်ထုပ်ထိုးလျှင် သက်သာစေသည်။ ချင်းခြောက် အမှုန့်နှစ်ဆ၊ လင်းလေအမှုန့် တစ်ဆရောစပ်ပြီး ရေနွေးဖြင့်ဖျော်စပ်၍ လိမ်းကျံပေးပါ။ မိဿလင်ဥ အစိုကို ထုထောင်း၍အရက်ဦး ရည်ဖြင့်   စိမ်ထားပြီးလိမ်းပါ။ ဝံအူမြစ်၊  တောရှောက်မြစ်နှစ်မျိုးကို  သွေးလိမ်းလျှင် သက်သာ စေနိုင်သည်။

ခြေတုန်လက်တုန်

 အသက်ကြီးသူများတွင် ဖြစ်လေ့ရှိသည်။ နနွင်းမှုန့်ကို ဟင်းစားဇွန်းတစ်ဇွန်း၊ ပျားရည် ဟင်းစားဇွန်းတစ်ဇွန်း နံနက်၊ ည နှစ်ကြိမ် ခွဲ၍ သောက်ပေးခြင်းဖြင့် သက်သာစေနိုင် သည်။ ဂေါ်ဖီထုပ်ကြီးကိုပြုတ်ပြီး ခြေ၍ သကြားနှစ်ဇွန်း၊   ပျားရည်တစ်ဇွန်းရော၍ တစ်ပတ်လျှင် တစ်ကြိမ်စားပေးပါ။ မြေကြီး တွင် ဖိနပ်မပါဘဲ တွဲ၍ လမ်းလျှောက်ပေးခြင်း ဖြင့်လည်း သက်သာစေနိုင်သည်။  ချောင်းဆိုးရောဂါ  အိမ်သုံးဆားကို နီရဲအောင်လှော်ပြီး သံပရာရည်ဖြင့် ဖျော်လျက်ပါ။ သိန္ဓောဆား၊ ဇဝက်သာ၊ ပတဲကော တစ်ကျပ်သား စီကို နွယ်ချိုသုံးကျပ်သားနှင့်ရောကြိတ်ပြီး အမှုန့် ပြု၍ လျက်ပေးပါ။ ချင်းပါးပါးခုနစ်လွှာ၊ ကွမ်းရွက်သုံးရွက်၊ ထန်းလျက်ငါးခဲကိုရေနွေး မတ်ခွက်တစ်လုံးစာရောကျိုပြီး ဆားလှော် အနည်းငယ်ထည့် သောက်လျှင် အဖျားနှင့် တွဲဖြစ်သောချောင်းဆိုးရောဂါပျောက်သည်။ တောင်အော်ရွက်၊ လဲလူရွက် များကို ဟင်းချို ချက်သောက်ပါ။   ။

MWD

No comments:

Post a Comment