Latest News

Sunday, May 20, 2018

ကင်ဂျုံအွန်၏ ခြိမ်းခြောက်မှုကြောင့် ဗုံးကြဲလေယာဉ်များ လေ့ကျင့် ပျံသန်းမှုကို ထရမ့် ဖျက်သိမ်း

ကင်ဂျုံအွန်၏ ခြိမ်းခြောက်မှုကြောင့် ဗုံးကြဲလေယာဉ်များ လေ့ကျင့် ပျံသန်းမှုကို ထရမ့် ဖျက်သိမ်း

ဝါရှင်တန် မေ ၁၉

 မြောက်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့အကြား ကျင်းပမည့် ထိပ်သီး ဆွေးနွေးပွဲကို ဖျက်သိမ်းမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ခြိမ်းခြောက်ပြီးနောက် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုအတွင်း ပြုလုပ်ရန် စီစဉ်ထားသည့် B-52 အမျိုးအစား ဗုံးကြဲလေယာဉ်များ လေ့ကျင့်ပျံသန်းမည့် အစီအစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖျက်သိမ်းလိုက်ကြောင်း သတင်းဌာနများက ဖော်ပြထားသည်။

 အမေရိကန်အစိုးရသည် Max Thunder အမည်ရှိ ပူးတွဲစစ်ရေး လေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂူအမ်ကျွန်းမှ B-52 ဗုံးကြဲလေယာဉ်များ ပျံသန်းပြီး တောင်ကိုရီးယား၊ ဂျပန်စစ်လေယာဉ်များနှင့် ပူးပေါင်းရန် စီစဉ်ထားကြောင်း The Wall Street Journal က ဖော်ပြထားသည်။ သို့ရာတွင် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု ထွက်ပေါ်လာပြီးနောက် တောင်ကိုရီးယား နှင့် ဂျပန်အစိုးရ တို့၏ ဆုံးဖြတ်ချက်များကြောင့် စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ပြောင်းလဲရခြင်း ဖြစ်ကြောင်း အမေရိကန်ပင်တဂွန် စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒါနာဝိုက်က ပြောသည်။

ယင်းနောက် အဆိုပါ ဗုံးကြဲလေယာဉ်များကို ကိုရီးယားကျွန်းဆွယ်သို့ ပျံသန်းခြင်း မပြုရန် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က သဘောတူလိုက်ခြင်း ဖြစ်သည်။ အဆိုပါ Max Thunder ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် မြောက်ကိုရီးယားကို အဓိက ပစ်မှတ်ထားလုပ်ဆောင်ခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယား အစိုးရက ပြောဆိုကန့်ကွက်ပြီး ကိုရီးယား နှစ်နိုင်ငံအကြား မေ ၁၆ ရက်တွင် ပြုလုပ်ရန် သဘောတူထားသည့် အဆင့်မြင့် ဆွေးနွေးပွဲကိုပါ ဖျက်သိမ်းလိုက်သည်။

အမေရိကန်ဗုံးကြဲ လေယာဉ်များသည် ပူးတွဲစစ်ရေး လေ့ကျင့်မှုများအတွင်း တောင်ကိုရီးယား၊ ဂျပန်တိုက်လေယာဉ် များနှင့်အတူ ကိုရီးယား ကျွန်းဆွယ်ပေါ်သို့ ပုံမှန်ပျံသန်းလေ့ရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment