ရေတာရှည် မေ ၁၇
ပဲခူးတိုင်းဒေသကြီးအတွင်း ဆည်ရေသောက်စနစ်ဖြင့် စပါးစိုက်ပျိုးနိုင်ကြသည့် ပဲခူး၊ ဖြူး၊ အုတ်တွင်း၊ တောင်ငူ၊ ရေတာရှည်မြို့နယ်တို့ရှိ တောင်သူများ အနေဖြင့် ယခုအခါ စပါးများ ရိတ်သိမ်းကာ ဈေးကွက်သို့ တင်ပို့လျက်ရှိရာ စပါးဈေးကျဆင်းမှုကြောင့် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
အဆိုပါမြို့နယ်တို့၌ စပါးစပေါ်ချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ အေလာမြို့တစ်ဝိုက်မှ စပါးဝယ်သူများမှာ စပါးတင်း ၁ဝဝ လျှင် ငွေကျပ် ၅၇ဝဝဝဝ အထိ ပေးဝယ်ကြသော်လည်း မေလ ဒုတိယ ပတ်မှ စတင်ကာ စပါးဖြိုင်ဖြိုင်ပေါ်၍ ရောင်းလိုအားနှင့် ဝယ်လိုအား မမျှဖြစ်ရာက အဝယ်အေးကာ စပါးတင်း ၁ဝဝ လျှင် ငွေကျပ် ၅၁ဝဝဝဝ အထိ ကျခဲ့သည်။
တောင်သူများအနေဖြင့် စက်ရိတ်သိမ်းခနှင့် လုပ်အားခ အကြွေးပေးရန် အတွက် ရသည့်ဈေးဖြင့် အကြွေးရောင်းချနေရသော်လည်း ၁၅ ရက် တစ်လခန့်ကြာသည်အထိ စပါးဖိုးငွေ မရခြင်းအပြင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာ လမ်းကြောင်းဖြစ်သော မူဆယ်မြို့တွင် လတ်တလော အခြေ အနေကြောင့် ဆန်တင်ပို့မှုများ ရပ်ဆိုင်းသွားခဲ့သဖြင့် စပါးဈေးများ ဆက်လက်ကျဆင်းကာ စပါးတင်း ၁ဝဝ လျှင် ငွေကျပ် ၄၉ဝဝဝဝ အထိ ကျဆင်းလာကြောင်း သိရသည်။
''ရောင်းသာ ရောင်းလိုက်ရတာ စပါးဖိုးက ၁၅ ရက်လောက်ကြာချင်လည်း ကြာတယ်။ တစ်လ ကြာချင်လည်းကြာတယ် အဲ့လောက်မှ ရတာ။ ပွဲစားတွေ စပါးတင်း သောင်းနဲ့ချီပြီး ပိုက်မိနေတာ အချို့ပွဲစားတွေဆိုရင် ထွက်ပြေးကုန်တယ်လို့ သတင်းကြားနေရတော့ ရင်တမမနဲ့ပဲ စောင့်နေရတာပေါ့'' ဟု တောင်သူတစ်ဦးက ပြောသည်။ တောင်သူများအနေဖြင့် မိမိတို့ လယ်မှထွက်ရှိသည့် စပါးကို အခြောက်လှန်းရခြင်းအတွက် ကုန်ကျစရိတ်၊သယ်ယူစရိတ်နှင့် လုပ်အားခများ တိုးမြင့်လာသည့်အတွက် ကုန်ကျမှု ပိုမိုများပြား လာခြင်းအပြင် ရောင်းချရသည့် စပါးဈေးကွက် တည်ငြိမ်ခြင်း မရှိသည့်အတွက် အဆင်မပြေမှုများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။
MWD
No comments:
Post a Comment