Latest News

Friday, May 4, 2018

ထိန်ပင်အမှိုက်ပုံ မီးလောင်မှု အစအဆုံး မှတ်တမ်းပြုစုထားရှိမည်

ထိန်ပင်အမှိုက်ပုံ မီးလောင်မှု အစအဆုံး မှတ်တမ်းပြုစုထားရှိမည်

ရန်ကုန် မေ ၎

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုမှစ၍ မီးငြှိမ်းသတ်နိုင်ခဲ့သည့် အခြေအနေများအထိ မှတ်တမ်းပြုစုရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) ၌ ကျင်းပသည့် ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုဖြစ်စဉ် နှင့် စပ်လျဉ်း၍ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ဆည်မြောင်းဝန်ကြီးဌာန အစရှိသည့် ဌာနဆိုင်ရာများမှ Report များကို စုစည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

''မှတ်တမ်းမှတ်ရာတွေ အကုန်လုံးကို အချက်အလက်တွေစုစည်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေ ပါဝင်ကူညီခဲ့တဲ့ အပိုင်းတွေလည်း ထည့်သွင်းပြီး ဒီ Report ကို ဆောင်ရွက်ဖို့ ဖြစ်ပါတယ်၊ ပြီးရင် စာအုပ်တစ်အုပ် ထုတ်ပြီး အကြံပြုချက်တွေ၊ နောင်ဒီလိုမဖြစ်အောင်ဘာတွေ ပြင်ဆင်ဆောင်ရွက်သင့်တယ်ဆိုတဲ့ အခြေအနေတွေကို ရယူစုဆောင်းသွားမှာပါ'' ဟု ဝန်ကြီးချုပ်ကပြောသည်။

ထို့အပြင်မီးငြှိမ်းသတ်မှုတွင် ပါဝင်ဆောင်ရွက်သူများကို ကျန်းမာရေး စစ်ဆေးခြင်းနှင့် အစာအာဟာရများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ဂုဏ်ပြုညစာစားပွဲကို ယခုလ အလယ်တွင် ကျင်းပ ပေးမည် ဖြစ်ကြောင်း၊ ကျေးဇူးတင်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းစွာ ကူညီသည့် လှိုင်သာယာပြည်သူများကိုလည်း ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် မီးငြှိမ်းသတ်ရေး ဆပ်ကော်မတီ၊ ကယ်ဆယ်ရေးနှင့် ပြောင်းရွှေ့နေရာချ ထားရေးဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး ဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီစသည့် ဆပ်ကော်မတီများမှ သက်ဆိုင်ရာကဏ္ဍ အလိုက် တင်ပြဆွေးနွေးကြသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် ကော်မတီ ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သတင်းနှင့် စာနယ်ဇင်းမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းနှင့် ဓာတ်ပုံ - ဇာနည်မောင်၊ အေးမင်းသူ

No comments:

Post a Comment