Latest News

Friday, May 4, 2018

မွန်မြတ်သည့် နှလုံးသားပိုင်ရှင်များ

မွန်မြတ်သည့် နှလုံးသားပိုင်ရှင်များ

လူသားတို့ သက်ရှင်ရပ်တည်နေနိုင်ရန်အတွက် ''မီး'' သည်မရှိမဖြစ်သော အရာတစ်ခုပင်ဖြစ်သည်။ သို့သော် ထိုမီးသည် ''သုံးတတ်လျှင်မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူ'' ၊ ''လူခိုးလျှင်အစုတ်ကျန်၊ မီးခိုးလျှင် အပြုတ်နှံ'' ဆိုသောစကားများကလည်း မီးဘေးအန္တရာယ်ကိုကြိုတင် သတိပေးနေခြင်း ပင်ဖြစ်သည်။ စင်စစ်အားဖြင့် ထိုမီး သည် သုံးတတ်လျှင် များစွာ အကျိုးဖြစ်ထွန်း စေမည်ဖြစ်သလို မသုံးတတ်လျှင်တော့ တန်ဖိုး မဖြတ်နိုင်သော လူ့ အသက်များ အပါအဝင် ပိုင်ဆိုင်မှုအားလုံးကို ဝါးမျိုခံ ကြရမည်ဖြစ်သည်။

▄ စတင်ဖွဲ့စည်း ▄

မီးဘေးအန္တရာယ်ကြောင့် နှစ်စဉ်လူ့အသက်ပေါင်းများစွာနှင့် နေအိမ်အဆောက်အအုံများစွာ ဆုံးရှုံးရလျက်ရှိသည်။ ထိုမီးဘေးအန္တရာယ်ကိုကာကွယ်ရန်၊ မီးဘေး အန္တရာယ်အတွင်း ကျရောက်နေသည့် သက်ရှိလူသားများကို အရေးပေါ်ကယ်တင်ရန်၊ မီးလောင်ဆုံးရှုံးမှုများ လျော့ပါးအောင် အချိန်မီ ငြှိမ်းသတ်နိုင်ရန်နှင့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်သည့်အချိန်များတွင် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ရှေးယခင်ကတည်းကပင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် မီးသတ်တပ်ဖွဲ့များကို ဖွဲ့စည်းထားရှိကြသည်။

ထိုနည်းတူစွာ မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို စနစ်တကျဖွဲ့စည်းထားရှိပါသည်။ ၁၉၄၆ ခုနှစ် မေ ၅ ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ စေတနာ့ ဝန်ထမ်း မီးသတ်အစည်းအရုံး ညီလာခံကြီးကို ရန်ကုန်မြို့ ကန်တော်ကလေး ဇိနတ်အစ္စလာမ်အမျိုး သမီးကျောင်း၌ ကျင်းပနိုင်ခဲ့သည်။ ထိုအခမ်းအနားသို့ အမျိုးသား ခေါင်းဆောင်ကြီး သခင်အောင်ဆန်း ကိုယ်တိုင်တက်ရောက်၍ မီးသတ်တပ်ဖွဲ့ဆိုင်ရာ သြဝါဒ မိန့်ခွန်း ပြောကြားခဲ့ သည်။ ထိုအချိန်မှစ၍ နှစ်စဉ် မေ ၅ ရက်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားများကို စည်ကား သိုက်မြိုက်စွာ ကျင်းပလာခဲ့သည်။ ထို့ကြောင့် မေ ၅ ရက်သည် (၇၂) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ပင်ဖြစ်သည်။

▄ မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေး ▄

မျက်မှောက်ကမ္ဘာကြီးတွင် အစွန်းရောက်ရာသီဥတုကြောင့် လူသားတို့သည် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ပိုမိုကြုံတွေ့ခံစားနေကြရသည်။ ခပ်စိပ်စိပ်ဖြစ်ပေါ် လျက်ရှိသည့် သဘာဝဘေးအန္တရာယ်များသည် လူသား တို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတို့ကို ခြိမ်းခြောက်လာလျက်ရှိသည်။ နှစ်စဉ် မိုးကြီးခြင်း၊ ရေကြီး ရေလျှံ ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေငလျင် လှုတ်ခတ်ခြင်း၊ ဆူနာမီလှိုင်းကြီးများ ရိုက်ခတ်ခြင်း၊ မိုးခေါင် ရေရှားခြင်းစသည့် သဘာဝဘေးအန္တရာယ်များအပြင် လူသားတို့၏ ပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ် များကိုပါကြုံတွေ့ခံစားနေကြရသည်။

မြန်မာနိုင်ငံသည် သဘာဝေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲကာလဖြစ်သော ကြောင့် ထိခိုက်ဆုံးရှုံးမှုများပြားနေဆဲ ပင်ဖြစ်သည်။ ထို သဘာဝဘေးအန္တရာယ်အမျိုးမျိုးအနက် မီးဘေး အန္တရာယ် သည် ၇ဝ ရာခိုင်နှုန်းခန့်ရှိနေသည်။ ထိုမီးဘေး အန္တရာယ်နှင့် ရုတ်တရက် ကျရောက်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များအား ထိရောက် စွာကြိုတင်တားဆီး ကာကွယ်ရန်နှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဒီမိုကရေစီအစိုးရ လက်ထက်တွင် ၁၉၉၇ ခုနှစ် မီးသတ်တပ်ဖွဲ့ ဥပဒေကိုရုပ်သိမ်း၍ ခေတ်စနစ်နှင့် ကိုက်ညီသော မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ ဥပဒေကို အသစ်ရေးဆွဲလျက် ၂ဝ၁၅ ခုနှစ် မတ် ၁၇ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးခဲ့သည်။

▄ နိုင်ငံသားတိုင်း၏တာဝန် ▄

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ လူတစ်ဦးတစ်ယောက် ၏ပေါ့ဆမှုကြောင့် ဆုံးရှုံးမှု များစွာဖြစ်ပေါ်စေသည့် မီးလောင်မှုများကို မကြာခဏ ကြုံတွေ့ရ သည်။ အထူး သဖြင့် ပူပြင်းခြောက်သွေ့သောနွေရာသီတွင် ပြည်သူတိုင်း ''မီးအသိ၊ မီးသတိ''ရှိနေရန် လိုအပ်သည်။ ရုံး၊ ဌာန၊ ကုမ္ပဏီများ၊ နေအိမ်၊ အဆောက်အအုံများတွင်မီးသတ်ဆေးဘူးများ၊ ရေ၊ သဲ၊ မီးချိတ်၊ မီးကပ်စသည့် မီးငြှိမ်းသတ်ရေး အထောက်အကူပစ္စည်းများကို လုံလောက်စွာ ထားရှိသင့်သည်။

မီးသတ်ဆေးဘူးများကို နှစ်စဉ်ဆေးဖြည့်ထားရန် လိုအပ်သည်။ ဝန်ထမ်းအားလုံးကိုလည်း မီးသတ်ဆေး ဘူး ကိုင်တွယ်နည်း သင်တန်းများ ပို့ချထားသင့်သည်။ တချို့သောရုံး၊ ဌာများသည် မီးသတ်ပစ္စည်းများကို ဟန်ပြ သက်သက်လောက်သာ ထားရှိကြသဖြင့် မီးဘေး အန္တရာယ်ကြုံတွေ့ရသည့်အချိန်တွင် ထိုပစ္စည်းများကို ထိရောက်စွာ ကိုင်တွယ်အသုံးမပြုနိုင်ကြတော့ပေ။ ထိုသို့ဖြစ်နေရခြင်းသည် စိစစ်ကြပ်မတ်မှုအပိုင်းတွင် အားနည်းသောကြောင့်သာ ဖြစ်သည်။

ရပ်ကွက်၊ ကျေးရွာများတွင်လည်း အိမ်တိုင်း ရေအိတ်၊ သဲအိတ်၊ မီးချိတ်၊ မီးကတ်၊ လှေကားစသည့် မီးငြှိမ်းသတ်ရေး အထောက်အကူပစ္စည်းများကို လုံလောက်စွာထားသင့်သည်။ တတ်နိုင်ပါက ရပ်ကွက် လမ်းဆုံများတွင် အရန်ရေကန်ကြီးများ တည်ဆောက်ကာ ရေအပြည့် ဖြည့်ထားသင့်သည်။ ထို့အပြင် အိမ်တိုင်းတွင် သဲများ စုပုံထားသင့်သည်။ သစ်တော၊ သစ်ပင်များနှင့် နီးသော ရုံးများ၊ စက်ရုံများနှင့်လူနေအိမ်များ၊ အဆောက်အအုံများ၏ ပတ်ပတ်လည်တွင် မီးတားလမ်းများ ကြိုတင် ရှင်းလင်းဖော်လုပ်ထားသင့်သည်။ ထို့အပြင်ကျေးလက် ဒေသများတွင်လည်း ထမင်း၊ ဟင်းချက်ရန်အတွက် မီးကျင်းများကို ခပ်နက်နက် တူးထားသင့်သည်။ အထူးသဖြင့် ထမင်း၊ ဟင်းကို သတ်မှတ်အချိန်တွင်သာ ချက်ပြုတ်စေပြီး မီးကြွင်းမီးကျန်များကိုလည်း စနစ်တကျ စစ်ဆေးသင့်သည်။

မီးလောင်မှုဖြစ်စဉ်ကြုံတွေ့ချိန်မှသာ ဖြစ်သလို မီးငြှိမ်းသတ်သည်ထက် မီးငြှိမ်းသတ်နည်းများကို ရပ်ကွက်၊ ကျေးရွာအလိုက် ကြိုတင် ဇာတ်တိုက်လေ့ကျင့်ထားသင့်သည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် မီးသတ်ကားများ ဝင်၊ ထွက်နိုင်အောင်လမ်းများ ရှင်းလင်းခြင်း၊ ရောဂါသည်များ၊ သက်ကြီးဘိုးဘွားများနှင့် ကလေးများကို ဦးစားပေး ကယ်ဆယ်ရေးအတွက် စနစ်တကျဇာတ်တိုက် ထားသင့်သည်။ ထို့အပြင် ရပ်ကွက်၊ ကျေးရွာအလိုက် လည်း အရန်မီးသတ်တပ်ဖွဲ့များ စနစ်တကျဖွဲ့စည်းထားသင့်သည်။ ရပ်ကွက်မီးကင်းတဲများသည် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရာတွင် အရေးပါသောအခန်း ကဏ္ဍမှ ပါဝင်လျက်ရှိသည့်အပြင် ရပ်ကွက်လုံခြုံရေး ကိုလည်း များစွာအထောက်အကူပြုနေပါသည်။

▄ အတုယူသင့် ▄

စင်စစ်အားဖြင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ရန်အတွက် ဝါသနာ၊ စေတနာနှင့် အနစ်နာခံလိုစိတ်ရှိနေရန် လိုအပ်သည်။ အထူးသဖြင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးသည် ရဲရင့်ပြတ်သားရန် လိုအပ်သည်။ လွန်စွာပူပြင်းလှသည့် တဟုန်းဟုန်းတောက်နေသော မီးတောက်ထဲ သို့ပြေးဝင်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောက်ရွက်ကြရသည်။ အချို့သော မီးသတ်တပ်ဖွဲ့ဝင်များသည် မီးတောက်ထဲတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ဒဏ်ရာများ ရရှိကြသည်။ အချို့ဆိုလျှင် အသက်ကိုပင် ပေးဆပ်သွားကြရသည်။ မွန်မြတ်သောနှလုံးသားပိုင်ရှင် များ၏ စွန့်လွှတ်စွန့်စား အနစ်နာခံမှုများပင်ဖြစ်သည်။ ပြည်သူများအနေဖြင့် ထိုစိတ်ဓာတ်မျိုးကို အတုယူသင့် ပေသည်။

▄ အထင်အမြင်လွဲမှားနေဆဲ ▄

မည်သို့ပင်ဆိုစေကာမူ အချို့သောပြည်သူများသည် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၏ စေတနာအပေါ် အထင်အမြင် လွဲမှားနေကြဆဲပင် ဖြစ်သည်။ သာဓက အနေဖြင့် လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်ရာတွင် နေ့၊ ည အပင်ပန်းခံကာ တာဝန် ထမ်းဆောင်နေသော မီးသတ်တပ်ဖွဲ့ဝင်များ၏အနစ် နာခံမှုအပေါ်ကိုပင် ဝေဖန်ခဲ့ကြသေးသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များသည် ဧပြီ ၂၁ ရက်မှစ၍ မီးခိုးများ ကြားတွင် မီးငြှိမ်းသတ်နေကြရသည်။ မေ ၂ ရက်အထိ ဆိုလျှင် ၁၂ ရက်ပင် ရှိသွားပြီဖြစ်သည်။ မည်သူမျှ ထိုသို့ အနစ်နာခံနိုင်ကြမည်မဟုတ်ချေ။

အထူးသဖြင့် မီးသတ်တပ်ဖွဲ့များသည် မီးလောင်နေသော အဆောက် အအုံများ အနီးရှိ နေအိမ်များ၊ အဆောက် အအုံများကို မီးကူးစက်မှု မရှိအောင် ရေပက်ဖျန်းကြရသည်။ ထိုသို့ ဆောင်ရွက်သည်ကိုပင် အပြစ်မြင်ကြသူများ ရှိနေကြသည်။ လူတိုင်းသည် မိမိ၏အိမ်ကိုသာလျှင် ဦးစားပေး၍ ရေဖျန်းပေးစေလိုကြသည်။ လူ့သဘာဝ ပင်ဖြစ်သည်။ အချို့သော ရပ်ကွက်များရှိ လမ်းများသည် လွန်စွာကျဉ်းမြောင်းသောကြောင့် မီးလောင်ရာနေရာသို့ မီးသတ်ကားများ အချိန်မီဝင်ရောက်နိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် အားလုံးပြာကျသွားချိန်တွင် မီးသတ်ကားများ ရောက်လာပြီဟု ဆိုကြသူများလည်း ရှိနေပြန်သည်။

▄ သင့်လေးသင့်နှင့် စွမ်းရည်လေးရပ် ▄

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးလောင်မှုကို အမြန်ဆုံး သိရှိအောင်ဆောင်ရွက်ပြီး မီးလောင်နေသည့် နေရာသို့ အမြန်ဆုံးရောက် ရှိအောင် သွားရောက်ကာ မီးကိုအမြန်ဆုံး ငြှိမ်းသတ်နိုင်အောင် ဆောင်ရွက် ကြရသည်။ ထိုသို့ အချိန်မီ သိရှိ၍ ငြှိမ်းသတ်နိုင်စေရန်အတွက် ''လူ၊ ယာဉ်၊ စက်သုံးဆီနှင့် ရေ'' တို့ကို အသင့် ပြင်ဆင် ထားကြရသည်။ ထို့အပြင် အနာဂတ်ကာလတွင် မြန်မာနိုင်ငံ၌ မီးလောင်ဆုံးရှုံးမှုများ လျော့နည်း ကျဆင်း လာစေရန်အတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင် များ၏ စွမ်းရည်လေးရပ်ဖြစ်သည့် မီးသတ်စွမ်းရည်၊ ရှာဖွေ ကယ်ဆယ်ရေး စွမ်းရည်၊ အုပ်ချုပ်မှုစွမ်းရည်နှင့် စည်းရုံးရေး စွမ်းရည်များကိုလည်း ပိုမိုမြှင့်တင်ပေး လျက်ရှိသည်။

▄ ထောက်ပံ့ကူညီသင့်▄

မြန်မာနိုင်ငံတွင် လူသားတို့၏ ပေါ့ဆမှုကြောင့်နှစ်စဉ် မီးလောင်ဆုံးရှုံးမှု တန်ဖိုးသည် လွန်စွာပင် များပြားလျက် ရှိသည်။ လူများသေကျေ၊ ထိခိုက်ဆုံးရှုံးမှုလည်းရှိနိုင်ပါသည်။ ထိုမီးလောင်မှုကြောင့် ဘဝပျက် သွားသော မိသားစုများလည်း ရှိမည်ဖြစ်သည်။ အထူးသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အသက်စွန့်လွှတ် ခဲ့ရသည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များလည်း ရှိနေမည်ဖြစ်သည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များသည် လစာ၊ စရိတ် ခံစားခွင့်များ နည်းပါးသော်လည်း ကယ်ဆယ်ရေးလုပ်ငန်း များကို အသက်ကိုပင် ပေးဆပ်ကာ ထမ်းဆောင်လျက် ရှိကြသည်။ မီးဘေးအန္တရာယ်အပြင် သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။ ထို့ကြောင့် မီးဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အသက်စွန့်လွှတ် သွားရသည့် မီးသတ် တပ်ဖွဲ့ဝင်များကို ထိုက်တန်သော စွမ်းဆောင်ရည် ဘွဲ့တံဆိပ်များ ပေးအပ်ခြင်းအပြင် ကျန်ရစ်ခဲ့သော မိသားစုဝင် များ၊ သား၊ သမီးများကိုလည်း လုံလောက်သော ထောက်ပံ့ကူညီစောင့်ရှောက်မှုများ ဆောင်ရွက် ပေးသင့်ပါသည်။

▄ မွန်မြတ်သည့်နှလုံးသာပိုင်ရှင်များ ▄

စင်စစ်အားဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် နိုင်ငံရေး အရောင်အသွေးမရှိဘဲ ပြည်သူ့အကျိုးကိုသာ သယ်ပိုးလေ့ရှိသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိကြသည်။ မီးသတ်တပ်ဖွဲ့ဝင်များ၏ ရင်ထဲတွင် ရန်သူ၊ မိတ်ဆွေမရှိဘဲ ဘေးဒုက္ခ အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသူတိုင်းကို အသက်၊ ခန္ဓာ ပေးဆပ်ကာ ကယ်တင်ပေးလိုသည့်ဖြူစင်သော စေတနာစစ်စစ်သာ ရှိကြသည်။ ထိုသို့ မိမိအသက်ကို ပဓာန မထားဘဲ အန္တရာယ်ကြုံတွေ့နေရသူကိုသာ ကယ်တင်လိုသောဆန္ဒရှိနေသည့် မီးသတ်တပ်ဖွဲ့ဝင် များကို မွန်မြတ်သည့် နှလုံးသားပိုင်ရှင်များဟုပင် ဆိုချင် ပါသည်။

ခြုံ၍တင်ပြရလျှင် နှစ်စဉ် မေ ၅ ရက်သည် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ဖြစ်သည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို ၁၉၄၆ ခုနှစ် မေ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့သောကြောင့် ၂ဝ၁၈ ခုနှစ် မေ ၅ ရက်တွင် (၇၂)နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။ ထိုသို့ ရှည်လျားလှသော သမိုင်းကြောင်းနှင့်အတူ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများကို အသက်ပေးလျက် ထမ်းဆောင်လျက်ရှိကြသည်။ မီးငြှိမ်းသတ်ရေး တာဝန်များအပြင် သဘာဝဘေး အန္တရာယ်ကျရောက်သည့် နေရာများသို့လည်း ချက်ချင်း သွားရောက်ကာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည်။ ထို့ကြောင့် ဝါသနာ၊ စေတနာနှင့် အနစ်နာခံလိုစိတ် ပြည့်ဝသော မွန်မြတ်သည့် နှလုံးသားပိုင်ရှင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ အားလုံး တာဝန်ထမ်းဆောင်စဉ် ဘေးဘယာ ဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ။

မောင်သောင်းဝင်း(တမန်ဟောင်း)

No comments:

Post a Comment