Latest News

Tuesday, May 22, 2018

မြောက်ကိုရီးယားနှင့် ထိစပ်နေသော နယ်စပ်ဒေသကို တရုတ်နိုင်ငံက တင်းကျပ်စွာ ထိန်းချုပ်ရေး အမေရိကန် တိုက်တွန်း

မြောက်ကိုရီးယားနှင့် ထိစပ်နေသော နယ်စပ်ဒေသကို
တရုတ်နိုင်ငံက တင်းကျပ်စွာ ထိန်းချုပ်ရေး အမေရိကန် တိုက်တွန်း

ဝါရှင်တန်   မေ    ၂၂

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် နျူကလီးယားကင်းမဲ့ဇုန် ထူထောင်ရေးသဘော တူညီချက်ကို      လက်မှတ်ရေးထိုးနိုင်ချိန် ရောက်သည်အထိ တရုတ်နိုင်ငံက မြောက် ကိုရီးယားနိုင်ငံနှင့် ထိစပ်နေသော ယင်း၏နယ်စပ်ဒေသကို တင်းကျပ်စွာ ထိန်းချုပ်ထား ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တိုက်တွန်းလိုက်ကြောင်း ဒေသဆိုင်ရာသတင်း ဌာနများက မေ ၂၂ ရက်တွင် သတင်းထုတ်ပြန် သည်။

ခြိမ်းခြောက်ခဲ့

သမ္မတထရန့်သည် မြောက်ကိုရီးယား ခေါင်းဆောင်နှင့် ဇွန် ၁၂ ရက်တွင် စင်ကာပူ နိုင်ငံ၌ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲ ကျင်းပ ရန် စီစဉ်ထားသည်။ သို့ရာတွင် မိမိတို့၏ နျူကလီးယားအစီအစဉ် ရုပ်သိမ်းလာစေရေး အတွက် အမေရိကန်ဘက်မှ တစ်ဖက်သတ် တောင်းဆိုလာပါက     ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နိုင်မည်မဟုတ်ဟု ကင်က ခြိမ်းခြောက်ခဲ့ သည်။ အမေရိကန်နှင့်  မြောက်ကိုရီးယား အကြား သဘောတူညီချက်တစ်ရပ်  မရရှိသေး သမျှ ယင်းနိုင်ငံနှင့်ထိစပ်နေသော  နယ်စပ် ဒေသကို တရုတ်နိုင်ငံက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသင့်ကြောင်း  သမ္မတထရန့်က မေ ၂၁ ရက်တွင် တွစ်တာမှတစ်ဆင့် ရေးသား ဖော်ပြကာ တိုက်တွန်းခဲ့သည်။

ညွှန်းဆို

မြောက်ကိုရီးယားအပေါ် ချမှတ်ထား သော စီးပွားရေးဒဏ်ခတ်မှု အစီအစဉ်များ အာဏာသက်ဝင်မှု ထိရောက်ခြင်းမရှိစေရန် တရုတ်ဘက်မှ ဖြေလျှော့မှု ပြုလုပ်ခဲ့ဖွယ်ရှိပုံကို  သမ္မတထရန့်၏ ရေးသားဖော်ပြချက်က အရိပ် အမြွက်ညွှန်းဆိုလျက်ရှိသည်။

တရုတ်နိုင်ငံသည် မြောက်ကိုရီးယား၏အကြီးဆုံးသော ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ မြောက်ကိုရီးယား၏   နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များ အဆုံးသတ်နိုင်ရေး အတွက် တရုတ်နိုင်ငံက ယင်းနိုင်ငံအပေါ် ဖိအားပေးရန် သမ္မတထရန့်က ထပ်တလဲလဲ တိုက်တွန်းလာခဲ့သည်။

ပြစ်တင်ရှုတ်ချ

မြောက်ကိုရီးယားသည်  အမေရိကန်၏လက်နက်ဖျက်သိမ်းရေး တောင်းဆိုချက်များကို အာခံနေဆဲဖြစ်ပြီး အမေရိကန်နှင့် တောင် ကိုရီးယားတို့၏  ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ ဒေါသတကြီး ပြစ်တင်ရှုတ်ချခဲ့ သည်။ ယင်းအပြင် လွန်ခဲ့သည့် ရက်သတ္တပတ် က ကိုရီးယား နှစ်နိုင်ငံပြုလုပ်မည့် ဆွေးနွေးပွဲ ကိုလည်း ပြန်လည်ဖျက်သိမ်းခဲ့သည်။

အမေရိကန်နှင့်   မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ အောင်မြင်မည်ဆိုပါက ခေါင်းဆောင်ကြီးကင်အား မိမိတို့က အပြည့် အဝ စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း၊ ကင် အာဏာ ဆက်လက်ရရှိရေးအတွက် မိမိတို့က အာမခံပြီး မြောက်ကိုရီးယားနိုင်ငံကို အလွန် ကြွယ်ဝချမ်းသာသော နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိလာအောင် ပံ့ပိုးကူညီမည်ဖြစ်ကြောင်း သမ္မတထရန့်က ပြောဆိုခဲ့သည်။

Mirror Daily

No comments:

Post a Comment