ရန်ကုန် မေ ၇
မြန်မာနိုင်ငံ၌ ကွမ်းယာနှင့် ဆေးရွက်ကြီး စားသုံးမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအဖြစ် လုပ်ဆောင်ခဲ့ရာ ယင်းလှုပ်ရှားမှုမှ တစ်ဆင့် ကွမ်းစားသုံးသူ ၆၂ ရာခိုင်နှုန်းခန့်ကို ကွမ်းစားခြင်း မပြုလုပ်ရန် လှုံ့ဆော်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ''တစ်ဝက်လောက်က ဒီလှုပ်ရှားမှုကို သေချာမှတ်မိကြတယ်။ ၉ဝ ရာခိုင်နှုန်းလောက်က ဒီလှုပ်ရှားမှုမှာပါတဲ့ လှုံ့ဆော်မှုတွေက သူတို့ကို သေချာ သုံးသပ်စေခဲ့တယ်လို့ ပြောပါတယ်။
၈၇ ရာခိုင်နှုန်းကျော် ကွမ်းစားသူတွေကို ဒီလိုဝါးစားရတဲ့ ဆေးရွက်ကြီးတွေက ကျန်းမာရေး ဘယ်လို ထိခိုက်စေခဲ့တယ်ဆိုတာ လှုပ်ရှားမှုကြီးက တစ်ဆင့် သိရှိခဲ့ရပြီး စိုးရိမ်မှုတွေ ရှိခဲ့တယ်လို့ အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။ ၈၄ ရာခိုင်နှုန်းလောက်က ဆေးရွက်ကြီး စားသုံးခြင်းမှ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့အမြင် ဘယ်လိုရှိလဲ ဆိုတာကို သိရှိခဲ့ရပါတယ်''ဟု လှုပ်ရှားဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ လူထု ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသန်းစိန် ကပြောသည်။
ကွမ်းယာနှင့် ဆေးရွက်ကြီး စားသုံးမှု တိုက်ဖျက်ရေး လှုပ်ရှားမှု၏ ပထမအကြိမ် အဖြစ် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း လှုပ်ရှားမှုကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကြီးမှူး၍ People's Health Foundation မှပံ့ပိုးကူညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါစုပေါင်းမီဒီယာ ရက်သတ္တခြောက်ပတ် လှုံ့ဆော်လှုပ်ရှားမှုကို ရုပ်မြင်သံကြား မီဒီယာ၊ အသံလွှင့်မီဒီယာနှင့် ကွမ်းစားခြင်းမှ ရရှိလာနိုင်သော ခံတွင်းကင်ဆာ အစရှိသည့် ဆိုးကျိုးများကို ဖော်ပြသော ပိုစတာများနှင့် လှုပ်ရှားမှုများကို ထည့်သွင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဓိကအားဖြင့် ဆေးရွက်ကြီး အမျိုးအစားနှင့် ကွမ်းယာ စားသုံးသူများကို ဆိုးကျိုး များသိရှိလာပြီး ရပ်တန့်နိုင်ရေး တွန်းအားပေးနိုင်ရန်နှင့် ဥပဒေနှင့် အစိုးရဘက်မှ ပါဝင်လာစေရန် ရည်ရွယ်၍ လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ တစ်နိုင်ငံလုံး အတိုင်းအတာအရ အမျိုးသား ၁ဝ သန်း၊ အမျိုးသမီး ၂ သန်း စုစုပေါင်း လူဦးရေ ၁၂ သန်းခန့်မှာ ကွမ်းစားသုံးလျက်ရှိပြီး ယခုကဲ့သို့ ကွမ်းစားသုံးခြင်းကြောင့် ကျန်းမာရေး ဆိုးကျိုးများ အပြင် ငွေကြေးကုန်ကျမှုလည်း ဖြစ်စေနိုင်ကြောင်း သိရသည်။
MWD
No comments:
Post a Comment