Latest News

Wednesday, May 2, 2018

သွေးသစ်လောင်းကိုလောင်းရမယ့် ဗမာစစ်တပ်

သွေးသစ်လောင်းကိုလောင်းရမယ့် ဗမာစစ်တပ်

ကုလသမဂ္ဂဆိုတဲ့ခေါင်းစဉ်ရဲ့အောက်ကနေရောက်လာတဲ့ကိုယ်စားလှယ်အဖွဲ့ကို ညွှန်ချုပ်အဆင့်သာရှိရမယ့်စစ်သူကြီးက လက်ခံတွေ့ဆုံပြီး ပေါက်လွှတ်ပဲစားစကားတွေကို အာပေါင်အာရင်းသန်သန်နဲ့ပြောချလိုက်တယ်၊ သေချာတာက ၉၀% ဟာမုသား၊ ကျန်တဲ့ ၁၀% ကတော့လေဖမ်းဒန်းစီးပေါ့။ ဒီအစည်းအဝေးကိုမြင်လိုက်တာနဲ့ ဗမာစစ်တပ်ဟာ အတိုဆုံးပြောရရင် “Hopeless” တစ်လုံးထဲနဲ့ လုံလောက်ပါပြီ။

ဗမာပြည်စစ်တပ်ရဲ့စစ်ခေါင်းဆောင်တွေဟာ လက်နက်ကိုင်၊ တိုင်းပြည်ဘဏ္ဍာကိုလိုသလိုခိုးဝှက်၊ တန်းတူအခွင့်အရေးရရမယ့် နိုင်ငံသားတွေကိုပါးနားရိုက်၊ ပြည်သူ့ဆန္ဒကိုသေးကော့ပန်းတာမျိုးတွေကို နိုင်ငံရေးလို့ထင်နေတာကိုက ဗမာပြည်ကြီးအတွက် ကျိန်စာဖြစ်နေတာပါ။ မယုံမရှိနဲ့၊ အချို့စစ်ဗိုလ်တွေဆို အဲသလိုလှိမ့်လုံးတွေ၊ ကျေးဇူးတော်ဂျင်းတွေကို တကယ်ကြီးကိုမှန်တယ် လို့အယူလွဲနေကြတာ။ အဲသလိုအယူလွဲနေကြတဲ့ကောင်တွေဟာ ထမင်းရှင်အစစ်ဆိုတာကို ဘယ်မှာလာသိပါတော့မလဲ။ အနေအထားက ရပ်ကွက်ထဲ ၁၀၉-၁၁၀ တစ်ကောင်အိမ်တကာလှည့်ထမင်းကျန်ဟင်းကျန်တောင်း၊ ရလာတာတွေကိုစုပြီးနယ်ဖတ်၊ အရပ်ထဲကခွေးလေခွေးလွင့်တွေကိုကျွေး၊ အဲဒီခွေးလေခွေးလွင့်တွေက ၁၀၉-၁၁၀ ကိုသခင်အစစ်ထင်၊ အရပ်ထဲကလူတွေလာတာနဲ့ မာန်ဖီရတာနဲ့၊ သွားဖြဲပြရတာနဲ့၊ ထိုးဟောင်ရတာနဲ့၊ လိုက်ဆွဲရတာနဲ့။ ဒီဥပမာမျိုးဟာ ကနေ့ဗမာစစ်တပ်အတွက် ဘယ်ရှုထောင့်ကကြည့်ကြည့် လုံးဝ ကွက်တိကိုက်ညီနေမယ့် အကိုးအကားဖြစ်နေလိမ့်မယ်။

ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံးမင်း သီပေါအဖမ်းခံရအပြီး အနှစ် (၅၀) ကျော်အကြာ အမြဲတမ်းတပ်ကင်းမဲ့နေတဲ့ဗမာပြည်မှာ ရဲဘော်သုံးကျိပ်ကအစပြုခဲ့တဲ့ အမြဲတမ်းတပ်ပြန်ဖြစ်လာခဲ့တာအားလုံးသိပြီးသားပါ။ အဲဒီအချိန်ကတော့ စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်ကိုသိပ်ချစ်ကြတဲ့ လူငယ်နိုင်ငံရေးသမားတွေမို့ အမြင်လည်းရှိတယ်၊ ရည်မှန်းချက်လည်းခိုင်မာတယ်၊ နိုင်ငံရေးသီလလည်း ရှိကြတယ်ပေါ့။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဆိုတာဟာ အဲဒီအချိန်ကစစ်ဗိုလ်စစ်သားတွေရဲ့သစ္စာတရားနဲ့ ရဲစွမ်းသတ္တိကြောင့် ဖြစ်ခဲ့ရတာပါ။ နေရမယ်မှန်း သေရမယ်မှန်းဘာမှမသေချာတဲ့ ဗလာဟင်းလင်းအနာဂါတ်ကိုမြင်နေရလျက်သားနဲ့ နိုင်ငံနဲ့လူမျိုးအတွက် တကယ်ဘဲစွန့်စားပြီးစစ်ထဲဝင်ခဲ့ကြတာဟာ အဲဒီခေတ်ရဲ့သိပ်ချစ်စရာကောင်းတဲ့အလှတရားဖြစ်ပါတယ်။ ခုများတော့လား၊ မိဘအတော်များများက ငါ့သားကိုဗိုလ်သင်တန်းပို့၊ ဒီကောင်ရင်းနှီးရလှဆယ်နှစ်၊ ဂွင်ကောင်းကောင်းရအောင်ဝင်ထွက်ပြီး အခြေအနေပေးရင်ခိုးရချည့် ဆိုတဲ့အတွေးအခေါ်ဟာ ၉၀% ပါ။ ကျန် ၁၀% ကတော့ ဘုမသိ ဘမသိပေါ့။ တိုင်းပြည်ကိုချစ်လို့ ဒီခေတ်မှာစစ်ထဲဝင်ပါတယ်ဆိုရင်တော့ “ဟ ဟ” တောင်တစ်စိတ်ဘဲရမယ်မှတ်။ ချေးစားပြောရင်ချေးကြိုက်လို့သာမှတ်တယ်။

အဲသလိုအခြေခံစိတ်ဓာတ်ကိုကညံ့ဖျင်းနေတဲ့ကောင်တွေစစ်ထဲဝင်လာပါပြီဆိုကတည်းက ဘုံရည်မှန်းချက်ဟာ ခိုးဝှက်ခြင်း၊ အနိုင်အထက်ပြုကျင့်ခြင်း၊ မတော်မတရားအလွဲသုံးစားခြင်းတွေဖြစ်လာတာ ဘာမှမဆန်းဘူးရယ်။ သန္ဓေကိုကယုတ်သကိုး။ ဒီတော့ ထူးပြီးဘယ်ခြားနားပါ့မလဲလေ။ ဗိုလ်နေဝင်းလက်ထက်ကနေစလို့ ထိပ်တက်လာတဲ့စစ်ခေါင်းဆောင်တွေကြည့်လိုက် မိဘကြွယ်ဝတာ ရှာမှရှား။ အားလုံးနီးပါးဟာ မပြေလည်ကြတဲ့မိသားစုကနေဆင်းလာကြတာချည်းဘဲ။ ဒီတော့ မစားဖူးတာတွေစားရ၊ မဝတ်ဖူးတာတွေဝတ်ရ၊ မသုံးဖူးတာတွေသုံးရလေတော့ ပညာချွန်းဘယ်မှာလာအုပ်နိုင်ပါတော့မလဲ။ အချို့ကျတော့လဲ တပ်တဲမှာ အဖေဖြစ်သူကရာထူးလက်ကိုင်နဲ့ဆိုတော့ ဇာတ်တူသားတွေကိုချနင်းပြီးအပေါ်ကိုခုန်ပျံကျော်လွှားတက်၊ ခိုးစရာဂွင်ထဲ ခပ်မြန်မြန်ရောက်ဖို့အာမခံချက်ရှိတဲ့အခင်းအကျင်းလည်းရှိလေတော့ ဆူလွယ်နပ်လွယ်တဲ့ဒီအလုပ်ဘဲ လုပ်ကြတော့တာပါ။ လွယ်ရင် သူကြွယ်တောင် သူခိုးဖြစ်သေးတယ်မဟုတ်လား။ ဒီတော့ အုပ်ချုပ်တဲ့စစ်ဗိုလ်အများစုက သူခိုးနဲ့အခွင့်အရေးသမား၊ တိုင်းပြည်တကယ်ချစ်လို့ မျက်စိလည်လမ်းမှားပြီးတပ်ထဲဝင်မိရင် အဲဒီအမျိုးကောင်းသားခမြာ သန်းခေါင်ညဝယ်တောအုပ်လယ် ဘဝရောက်ပြီး ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်တော့မှာဧကန်ဘဲလေ။ ရေများရေနိုင်မီးများမီးနိုင်ဆိုသလို သူခိုးများအလယ်မှာ ဘယ်ကြာကြာတောင့်ခံနိုင်ပါတော့မလဲ။ ဒီကြားထဲ ယူထားတဲ့မယားနဲ့သားတွေ ငါ့ဝမ်းပူဆာမနေသာတော့ရင် စောရဂိုဏ်းကို အလိုလိုဝင်ရောက်ဖြစ်သွားမှာပါဘဲ။

တပ်ဆိုတာသေစေနိုင်တဲ့လက်နက်ခဲယမ်းတွေနဲ့အလုပ်လုပ်ရတာမို့ အမိန့် ဟာအရေးကြီးတယ်ဆိုတာ ကြိုက်ကြိုက်မကြိုက်ကြိုက် လက်ခံရမှာပါ၊ အထူးသဖြင့် လုပ်ထုံးလုပ်နည်းအရာမှာ နိုင်ငံတကာကတပ်တွေလို လုံးဝအားမကောင်းတဲ့ ဗမာစစ်တပ်အတွက် ပိုမှန်ပါလိမ့်မယ်။ ဒီတော့ ဒီအမိန့်စတင်စီးဆင်းတဲ့စစ်ခေါင်းဆောင်တွေ စာရိတ္တအရာမှာစုတ်ပြတ်ချွတ်ခြုံကျနေလေတော့ ငယ်သားတွေ ခွေးဇာတ်ခင်းတာဘာဆန်းမလဲ။ သူခိုးတစ်ကောင်က သူ့ငယ်သားကို သူခိုးဒေသနာနဲ့နိဗ္ဗာန်ရောက်ကြောင်းတရား နှစ်ပါးဟောရင် ဘယ်ဒင်းကိုငယ်သားကလက်ခံမယ်ဆိုတာ ထင်ရှားလှပါတယ်။ နိဗ္ဗာန်ရောက်ကြောင်းဟောတဲ့ဓမြဗိုလ်ကို ငယ်သားအနေနဲ့ ကြောက်လို့သာပြန်မပြောချင်နေမယ်၊ ရင်ထဲတော့ တခွိခွိနဲ့နေမှာပါဘဲ။ လက်တွေ့မှမဆန်တာကိုး။ ငယ်သားအများစုလည်း တပ်ထဲဝင်လာတာ စားဝတ်နေရေးကြောင့်ဖြစ်ပြီး နိုင်ငံချစ်လို့မှမဟုတ်တာ။ နိုင်ငံကိုချစ်တယ်ဆိုပြီး မျက်ကန်းလိုယုံကြည်ခဲ့ရင်တောင် တပ်ဖွဲ့စည်းပုံဟာ ကနေ့လိုဆပ်ပြာသည်လင်ပျောက်သလိုဖြစ်မနေဘူးဆိုတာ ထင်ရှားလှပါတယ်။

ဒါတွေအားလုံးကိုပြန်ကြည့်တဲ့အခါ အရင်းစစ်တော့အမြစ်မြေ ဆိုသလိုဘဲ အခြေခံကျကျပျက်စီးနေပြီဖြစ်တဲ့ တပ်ရဲ့ ခံယူချက်၊ ကိုယ်ကျင့်တရား၊ ကျင့်သုံးဆောက်တည်ပုံတွေကို အကုန်ပြန်ပြင်ပစ်မှ တပ်အနေနဲ့အကောင်းဘက်ကိုပြန်ဦးလှည့်ဖို့ရှိပါတယ်။ ဒီအတွက် တပ်ရဲ့ခေါင်းဆောင်အများစုကိုဖယ်ရှားဖို့ အပူတပြင်းလိုတယ်ဆိုတဲ့အချက်ဟာ ဗေဒင်မေးစရာမလိုအောင်ကို ရှင်းလွန်းလှပါတယ်။ သူခိုးတွေ၊ ဓမြတွေ၊ အကြမ်းဖက်သမားတွေ၊ လူလိမ်တွေ၊ စောက်ပေါတွေဟာ နိုင်ငံကိုကာကွယ်ရမယ့် လက်နက်ကိုင်တပ်ကြီးရဲ့ အကြီးအကဲမဖြစ်ထိုက်ပါဘူး။ မတော်လောဘကြောင့်မတန်မရာတွေလိုချင်၊ လိုချင်တော့ကြိုးပမ်း၊ ဒုစရိုက်မှုတွေလုပ်၊ စောက်ရှက်မရှိတွေပြော၊ ဆက်တိုက်လိမ် ဆိုတာတွေနဲ့ ဗမာစစ်ခေါင်းဆောင်တွေဟာ ဂျာအေးသူ့အမေရိုက်ပြီး သံသရာလည်နေတော့တာပါ။ ခေါင်းဆောင်ကစံပြမဟုတ်ရင် တစ်သွေးတစ်သံတစ်မိန့်သွားရတဲ့တပ်အတွက် ငယ်သားတွေအပေါ် အများကြီးမျှော်လင့်စရာမရှိနိုင်ပါဘူး။

လုပ်စရာနှစ်ခုထဲက တစ်ခုကိုသာရွေးချယ်ရမှာပါ၊ အဲဒါကတော့
(၁)
လက်ရှိစစ်ခေါင်းဆောင်အများစုကိုအရေးယူပြီးအပြစ်ပေးဖယ်ရှားတာရယ်
(၂)
စင်ပြိုင်ဖက်ဒရယ်တပ်မတော်ကိုဖွဲ့စည်းတာရယ်
ဆိုတာပါဘဲ။

ဗမာစစ်တပ်ဟာ သွေးသစ်ကိုလောင်းရတော့မှာပါ၊ နိုင်ငံတကာမှာဗမာစစ်တပ်ရဲ့အဆင့်အတန်းဟာ မိန်းမရွှင်ဖာသည်လို အဆင့်အတန်းနိမ့်လှတာမို့ ဒီတပ်ရှိနေတဲ့ ဒီတိုင်းပြည်ဟာ ဒီအကြောင်းအရာနဲ့နှီးနွှယ်လေတိုင်း အမြဲကိုအရှက်ရရတယ်။
ကျက်သရေတုံးချက်ဟာ ဂိတ်လွန်ပါလေ … ။     ။

ရှင်းတဲ့
လင်းမြတ်

No comments:

Post a Comment