Latest News

Wednesday, May 2, 2018

စစ်တပ်အပေါ်ထားတဲ့ကျနော့သဘော

စစ်တပ်အပေါ်ထားတဲ့ကျနော့သဘော

“တပ်မတော်ကြီးကို မင်းသိပ်မုန်းနေတာလား” တဲ့၊ အဟက် ဟက်။
ပေါကား၊ ပေါစာအုပ်၊ ပေါတွေး ဆိုတာမျိုးသာရှိခဲ့ရင် ဒီမေးခွန်းကို “ပေါ ပုစ္ဆာ” လို့ဆိုရလိမ့်မယ်။ ဟုတ်တယ်လေ လုပ်ရပ်ကိုမကြိုက် မမှန်တာတွေလုပ်နေသူမှန်သမျှကိုမနှစ်ခြိုက်ခြင်းဆိုတာ သိသိသာသာထင်ထင်ရှားရှားကြီးမြင်နေရလျက်နဲ့ ဒြပ်မဲ့တဲ့အဖွဲ့အစည်းနာမ စစ်တပ် သို့တည်းမဟုတ် တပ်မတော် ဆိုတာသုံးပြီးအဲဒီအသင်းအပင်းဝင်တွေနဲ့ဖမ်းတည်ပေးတာ မသိရင်ခက်မယ်။ ကဲပါလေ၊ နည်းနည်းသရုပ်ခွဲကြည့်မယ်၊ ဖွာစုတ်ကုန်ရင်တော့မတတ်နိုင်ဘူးရယ်။

ရင်ထဲကမြင်ချင်တဲ့တပ်ကိုအရင်ဆုံးပြောကြည့်မယ်။
သမိုင်းတော့နည်းနည်းစွက်မယ်ပေါ့လေ။ သခင်အောင်ဆန်းနဲ့သခင်လူငယ်တွေ၊ ထွန်းသစ်စနိုင်ငံချစ်မြတ်နိုးသူတွေဟာ အဲဒီအချိန်ကဗမာပြည်ကြီးကိုအုပ်ချုပ်နေခဲ့တဲ့ အင်္ဂလိပ် အင်ပိုင်ယာကိုနိုင်ငံရေးနည်းနဲ့စကားပြောပြီးလွပ်လပ်ရေးတောင်းကြည့်တဲ့အခါမှာ ရဖို့မလွယ်လှတဲ့သဘောကိုအတပ်သိခဲ့ကြတယ်။ ဒီအချိန်မှာဘဲ ဒုတိယကမ္ဘာစစ်ကစတင်ခဲ့ပြီ။ နေမဝင်အင်ပိုင်ယာလို့ဘယ်လိုဘဲပြောပြော မဟာမိတ်ထဲပါလာမယ့်အင်္ဂလိပ်အနေနဲ့ ဂျာမန်တွေကိုကျွတ်ရတာတော့အမှန်ပါဘဲ။ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့တောင်မျက်ဖြူနည်းနည်းလန်လာတဲ့အတွက် ကိုလိုနီနယ်တွေကို ဆက်ထိန်းထားဖို့အားလျော့လာတာဟာ သိပ်သဘာဝကျတဲ့အခင်းအကျင်းတစ်ခုပါ။ ဒီအချက်ကို ဉာဏ်ရည်မြင့်တဲ့ ဗမာလူငယ်တွေကောင်းကောင်းသိတာမို့ နိုင်ငံရေးနည်းအရတောင်းတာရော၊ လက်ရုံးကိုပြတာရောစုံသွားရင် လွတ်လပ်ရေးဆိုတာမဝေးဘူးလို့နားလည်ခဲ့ကြတယ်။ ဒါနဲ့ဘဲ ဗမာပြည်မှာသီပေါဘုရင်နောက်ပိုင်း အမြဲတမ်းစစ်တပ်ပေါ်ခဲ့တာပါ။ အဲဒီအချိန်ကစစ်ခေါင်းဆောင်ဟာ သူမတူအောင်စွန့်လွှတ်နိုင်သူသခင်အောင်ဆန်းဖြစ်နေလေတော့ သံလိုက်တုံးကြီးကိုသံမှုန်တွေကပ်သလိုဘဲ သူ့နားမှာစွန့်လွှတ်နိုင်သူတွေသာဝန်းရံခဲ့တာဖြစ်ပါတယ် (သခင်ရှုမောင် ခေါ် ဗိုလ်နေဝင်းဆိုတဲ့လူဟာ ကနဦးရဲဘော်သုံးကျိပ်ထဲပါခဲ့တာတော့မဟုတ်ပါဘူး)။ “စစ်တပ်သည် တိုင်းပြည်ရဲ့အစေခံ” ဆိုတဲ့စိတ်ဓာတ်၊ “ဘာမှဝတ်စရာမရှိလည်း ပုဆိုးခါးတောင်းကျိုက်တိုက်မယ်” ဆိုတဲ့ခံယူချက်၊ “ပြည်သူကိုရေလို လလို” ဆိုတဲ့သစ္စာတွေကြောင့် အဲဒီခေတ်က ဗမာစစ်တပ်ဟာပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့။ ဘယ်လောက်ကြည်နူးစရာကောင်းတုန်း။ ပြည်သူငတ်ရင် တပ်လည်းငတ်မယ်၊ ပြည်သူချို့တဲ့ရင် တပ်လည်းချို့တဲ့မယ်၊ ပြည်သူဆင်းရဲရင် တပ်လည်းဆင်းရဲမယ် ဆိုတဲ့အမြုတေစိတ်ထားဟာ ပြည်သူနဲ့တစ်ထပ်ထဲရှိနေရခြင်းရဲ့အခြေခံအကြောင်းတရားဘဲမဟုတ်လား။ မြင်ကြည့်လိုက်ပါ၊ ပြည်သူနဲ့အတူတူဆန်ကြမ်းစား၊ ဟင်းရည်ကျဲသောက်၊ မြေကြီးမှာထိုင်၊ တဲမှာနေ၊ ရင်ကိုမြေကတုတ်ပြုပြီး တိုင်းပြည်ရန်ကိုကာကွယ်နေတဲ့စစ်ဗိုလ်စစ်သားတွေကို။ ဘယ်ပြည်သူကမချစ်ဘဲနေပါ့မလဲ။ ဒီလိုမေတ္တာတရားကိုမွေးဖွားစေတာဟာ သေနတ်လည်းမဟုတ်ဘူး၊ သြဇာလည်းမဟုတ်ဘူး၊ အမိန့်လည်းမဟုတ်ဘူး၊ အာဏာလည်းမဟုတ်ဘူး၊ အုပ်ဖွဲ့အင်အားပြခြင်းလည်း မဟုတ်ပြန်ပါဘူး။ တသားတည်းဖြစ်ခြင်း၊ လေးစားတတ်ခြင်း၊ နားလည်တတ်ခြင်း၊ ညှိနှိုင်းတတ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း ဆိုတာတွေကြောင့်သာ ဖြစ်လာရတာမျိုးပါ။ ပြည်သူတွေတကယ်လိုချင်နေတဲ့တပ်မျိုးဟာ အထက်ကနှလုံးရည်တွေရှိပြီး လက်ရုံးရည်အရလည်း နိုင်ငံတကာကို    ရင်ဘောင်တန်းနိုင်တဲ့တပ်မျိုးဖြစ်ပါတယ်။ ပြည်သူကျွေးတာကိုတိတ်တိတ်ဆိတ်ဆိတ်စား၊ ပြည်သူ့ပိုက်ဆံနဲ့ဆင်တဲ့ဝတ်စုံကိုဝတ်  လေ့ကျင့်စရာရှိတာကိုလေ့ကျင့်၊ တိုင်းပြည်ကိုကာကွယ်၊ ချို့တဲ့နေတဲ့တိုင်းပြည်ကိုအမြတ်မထုတ်၊ ထမင်းကျွေးတဲ့ပြည်သူလက်ကို မကိုက်တတ်တဲ့ သိက္ခာရှိသောစစ်တပ် သို့တည်းမဟုတ် တပ်မတော်စစ်စစ်ကိုသာလိုလားကြတာပါ။ ဒါဟာ ကျနော်တင်မဟုတ် တစ်ပြည်လုံးကပြည်သူအများစုလိုချင်နေတဲ့တပ်ဖြစ်ပါတယ်။ အဆုံးစွန်အားဖြင့် တကယ့်စစ်သားစစ်စစ်တွေ၊ ရိုးဂုဏ်ကိုအသက်လို တန်ဖိုးထားမြတ်နိုးတတ်တဲ့စစ်မှုထမ်းတွေကတောင် လိုချင်မက်မောကြတဲ့တပ်မျိုးဖြစ်ပါတယ်။ ပေါက်လွှတ်ပဲစားတွေ လာပြောနေမယ့်အစား အဲသလိုတပ်မျိုးလိုချင်၏ မလိုချင်၏ သတ္တိရှိရင်တောင် မဲပုံးထောင်ဆန္ဒခံယူလို့ရပါသေးတယ်။

ဖြစ်နေတဲ့တပ်ကိုဆက်ပြောရဦးမယ်။
အခန့်မသင့်ချင်တော့ ဗမာတပ်ဟာအဲသလိုဂုဏ်ဒြပ်တွေနဲ့ကာလရှည်ကြာမနေနိုင်ခဲ့ရှာပါဘူး။ လူအချို့က “ဘာသာဟာဘိန်း” လို့ပြောကြတယ်။ တကယ်တမ်းမှာ အာဏာဟာဘိန်းထက်ဆိုးပါတယ်။ “အာဏာဟာဟီးရိုးအင်း” လို့ပြောရလောက်အောင်အစွမ်းထက်လှတာပါ။ ဗမာစစ်တပ်ဟာ အဲဒီဟီးရိုးအင်းအာဏာစက်ဝန်းအတွင်းသက်ဆင်းခဲ့ရရှာပါတယ်။ “အာဏာအလို့ငှာအသုံးပြုသောလက်ကိုင်ဒုတ်” လို့ပြောလိုက်ရင် ကနေ့ခေတ်ဗမာစစ်တပ်အတွက်လုံလောက်ပါပြီ။ ခုခေတ်ဗမာပြည်မှာ အမျိုးမျိုးအဖုံဖုံဝါဒဖြန့်ပြောဆိုနေတဲ့ စွန့်လွှတ်စွန့်စားသောတို့ ရဲရင့်ထက်မြက်သောတို့ မွန်မြတ်တည်ငြိမ်သောတို့ အစရှိတဲ့စကားလုံးမှန်သမျှဟာ ပစ္စုပ္ပန်ဗမာစစ်တပ်နဲ့လားလားမျှမဆိုင်တော့တာဟာ ဝမ်းနည်းစရာဖြစ်ပါတယ်။ လက်ရှိဗမာစစ်တပ်ကို သရုပ်ခွဲရင် ဆီနဲ့ရေလို့နှစ်ပိုင်းသတ်သတ်ကြီးကွဲထွက်လာမှာဖြစ်ပါတယ်။ အဲဒါကတော့ လက်နက်၊ လုပ်ပိုင်ခွင့်၊ အာဏာ၊ ခြိမ်းခြောက်ခြင်း၊ ယုတ်မာခြင်း၊ အကြပ်ကိုင်ခြင်း၊ သစ္စာမဲ့ခြင်း၊ အခွင့်အရေးယူခြင်းတွေနဲ့တန်ဆာဆင်ထားတဲ့ အရာရှိ အရာခံ အကြပ် စစ်သည်များ ဆိုတဲ့အပိုင်းရယ်၊ အဲဒီအမှောင်ဖုံးတဲ့အပိုင်းရဲ့အသုံးချခံ အရာရှိ အရာခံ အကြပ် စစ်သည်များ ဆိုတဲ့အပိုင်းရယ်ပါ။ ပထမပြောခဲ့တဲ့အပိုင်းဟာ တပ်ကိုလည်းချနင်းသလို လူထုကိုလည်းချနင်းပါတယ်။ သူတို့ရပ်တည်မှုဟာ သူတို့အတ္တသက်သက်အတွက်သာဖြစ်ပါတယ်။ ကျန်ရှိတဲ့သက်ရှိသက်မဲ့အရာအားလုံးဟာ သူတို့ရဲ့အသုံးချခံသက်သက်ဖြစ်ပါတယ်။ ဒီလိုသတ္တဝါအမျိုးအစားတွေမင်းမူနေတဲ့ ဗမာစစ်တပ်ကြီးဟာအပုပ်နံ့တစ်လှိုင်လှိုင်နဲ့ဖြစ်နေပါတော့တယ်။ ချီးတွင်းကြီးကို ရေမွှေးတစ်အိုးလုံးကုန်အောင်ဖြန်းလည်း စက်ဆုပ်ဖွယ်ရာအနံ့ဆိုးကိုမအုပ်နိုင် မဖုံးနိုင်သလိုဘဲ၊ အနည်းငယ်မျှသော စစ်သားကောင်းတွေ၊ ဂုဏ်သိက္ခာရှိသူတွေဟာ အမည်ဆိုးနဲ့ကျော်ကြားတဲ့စစ်တပ်ရဲ့ကြီးမားတဲ့အစိတ်အပိုင်းကို ဘယ်လိုမှ မလွှမ်းမိုးနိုင်တော့တာဟာ ဒီနေ့တကယ့်ပကတိအရှိတရားဖြစ်ပါတယ်။ ဒီတော့ "စစ်တပ်က" ဆိုပြီးပြောရတော့တယ်။ တပ်ဟာလက်နက်လည်းရှိ၊ ယုတ်မာတဲ့နောက်ပိုင်းခေါင်းဆောင်တွေရဲ့ဦးဆောင်မှုကိုလည်းရလိုက်လေတော့ အင်မတန်လက်ရဲဇက်ရဲဖြစ်လာတဲ့ “တိုင်းပြည်ရဲ့ တရားဝင်သူပုန်အဖွဲ့” ဖြစ်လာပါတော့တယ်။ သူပုန်ကမှဆက်ကြေးတောင်းပါသေးတယ်၊ ဗမာစစ်တပ်ကတော့ မရရင်လုယူပါတယ်။ လုယူတာကိုတောင်မှ အမှန်ဖြစ်သယောင်လိမ်ညာပြီးစာတစ်တန်ပေတစ်တန်ဝါဒဖြန့်အထက်စီးယူတာပါ။ စစ်အစိုးရအဆက်ဆက် အဲသလိုလုယက်မှုတွေအများအပြားကျူးလွန်ခဲ့ပါတယ်။ ဧကသိန်းသန်းချီတဲ့တပ်မြေတွေဆိုတာဟာ ဗမာစစ်တပ်ကျူးလွန်ခဲ့တဲ့ လုယက်မှုများရဲ့ သာဓကတွေဖြစ်ပါတယ်။ နောက်ပြီး တိုင်းပြည်ဘဏ္ဍာတွေကိုလည်းစစ်ယူနီဖောင်းဝတ်လျက်ရော ချွတ်လျက်ရော ခိုးတာပါ။ အခွင့်အရေးတွေကိုမောင်ပိုင်စီးတာဟာလည်း သူများမရအောင်တား၊ ကိုယ်သာရအောင်ယူတာမို့ ခိုးတာပါဘဲ။ စာဖတ်နေတယ်ဆိုတဲ့ ဗိုလ်သန်းရွှေတစ်သက်စာလုပ်ခလစာအကုန်ပေါင်းရင်တောင် သူနေတဲ့အိမ်တစ်လုံးဆောက်ဖို့ မဖြစ်နိုင်တာမို့ ကျန်တာအားလုံးဟာ ခိုးထားတယ်ဆိုတာထင်ရှားလှပါတယ်။ ဗမာစစ်တပ်ထဲက အရာရှိ အရာခံ အကြပ် စစ်သည် အများစုဟာ သူခိုးတွေဖြစ်ပါတယ်၊ မခိုးရင်လည်းငတ်ကြပါတယ်။ ဒါပေမယ့် ငတ်မှာစိုးလို့ခိုးရပါတယ်ဆိုတဲ့ဆင်ခြေမျိုးကတော့ လက်ခံစရာမရှိပါဘူး။ တစ်ပြည်လုံးမှာ ခိုးလို့လည်းမရ၊ ရလည်းမခိုးကြဘဲငတ်နေတဲ့ပြည်သူ သန်းပေါင်းများစွာရှိနေလို့ပါဘဲ။ နောက်ပြီး အာဏာတည်ဆောက်တဲ့ဗမာစစ်တပ်ဟာ တိုင်းရင်းသားဒေသတွေမှာ မုဒိမ်းမှုအမြောက်အများကျူးလွန်ခဲ့ပါတယ်။ သုံးတောင်ဝတ်ထဘီဆင်မြန်းတဲ့မိန်းမသားတွေလောက်တောင်မှသတ္တိမရှိတဲ့ဗမာစစ်တပ်ဟာ ဒီကိစ္စအပေါ် စိန်မခေါ်ရဲပါဘူး။ ပေါ်တင်စိန်ခေါ်ပြီး တရားအစွဲအဆိုခံဝံ့ရင် ဗမာစစ်တပ်ထဲက အရာရှိ အရာခံ အကြပ် စစ်သည် အတော်များများဟာ ထောင်နန်းစံရမှာဧကန်ပါဘဲ။ ဗမာစစ်တပ်ကျူးလွန်တဲ့လူသတ်မှုတွေကတော့ ပြောမဆုံးပေါင်တောသုံးထောင်ပါ။ ဒီကိစ္စတွေကိုလည်း တရားဥပဒေပြည့်ဝမျှတစွာသာစီရင်နိုင်ခဲ့ရင် ဗမာစစ်တပ်ထဲက အရာရှိ အရာခံ အကြပ် စစ်သည် အတော်များများဟာ ထောင်၊ ကျွန်း၊ ကြိုး အစရှိတဲ့ပြစ်ဒဏ်တွေနဲ့ ဘဝနိဂုံးချုပ်ကြရမှာမုချပါဘဲ။

ကဲ … မေးပါရစေ
ချီးတွင်းကြီးကို ချီးတွင်းကြီးလို့အမှန်အတိုင်းပြောပြီး ရွံရှာစက်ဆုပ်မိတာ မှားသလား ????? အပြောမခံချင် ကောင်းအောင်နေပေါ့။ ဖာခေါင်းလုပ်စားပြီး ဘုရားဒကာအခေါ်ခံချင်လို့တော့မရဘူးလေ ... ။     ။

ရှင်းတဲ့
လင်းမြတ်

No comments:

Post a Comment