Latest News

Saturday, May 26, 2018

ချန်ပီယံလိဂ်ဖလား သယ်ဆောင်သွားမှာက မက်ဒရစ်ကိုလား၊လီဗာပူးကိုလား . . . .

ချန်ပီယံလိဂ်ဖလား သယ်ဆောင်သွားမှာက မက်ဒရစ်ကိုလား၊လီဗာပူးကိုလား . . . .

၂ဝ၁၇-၂ဝ၁၈ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးတွင် စပိန်ထိပ်သီးကလပ် ရီးရဲမက်ဒရစ်နှင့် အင်္ဂလန်ကလပ် လီဗာပူးအသင်းတို့ မေ ၂၇ ရက် မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၁၅ မိနစ်တွင် ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

ချန်ပီယံလိဂ်သမိုင်းတွင် ရီးရဲမက်ဒရစ်အသင်းသည် အတွေ့အကြုံရင့် အသင်းကြီးဖြစ်၍ နှစ်နှစ် ဆက်တိုက် လက်ရှိချန်ပီယံဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို ၁၂ ကြိမ်ဖြင့် အများဆုံးရရှိထားသည့် အသင်း ဖြစ်သည်။ ယခုနှစ်ရာသီတွင် ဖလားလက်မဲ့ဖြစ်နေသည့် ရီးရဲအသင်းအတွက် ဖိအားများနှင့်ရင်ဆိုင်နေရ သည့်  နည်းပြဇီဒန်းက ချန်ပီယံလိဂ် ဖလားထပ်မံရယူပေးခဲ့လျှင် အသင်းနှင့်အတူ စံချိန်သစ်များ တင်နိုင် မည်ဖြစ်သည်။

အင်္ဂလန်ကလပ်လီဗာပူးသည် ချန်ပီယံလိဂ်ဖလားကို ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာတို့နှင့်အတူ ငါးကြိမ်ရရှိထားသော်လည်း    ဗိုလ်လုပွဲကြီးကို   ၁၁   နှစ်အကြာမှ   ပြန်လည်ရောက်ရှိခြင်းဖြစ်သည်။ ဖလားနောက်ဆုံးရခဲ့သည့် ၂ဝဝ၅ ခုနှစ်အပြီး တစ်နှစ်အကျော် ၂ဝဝ၇ ခုနှစ်တွင် နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီး အေစီမီလန်အသင်းနှင့် တွေ့ဆုံကာ နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ နည်းပြ ဂျာဂျင် ကလော့ပ်၏ လီဗာပူးအသင်းသည် ယခုနှစ်ရာသီတွင်လည်း ဖလားတစ်လုံးမျှ မပိုင်ဆိုင်ရသေးပေ။

ယင်းနှစ်သင်းသည် တိုက်စစ်အသားပေး နှစ်သင်းဖြစ်၍ ချန်ပီယံလိဂ်ဗိုလ်လုပွဲသည် အပြန်အလှန် သွင်းဂိုးများ မြင်တွေ့ရနိုင်ဖွယ်ရှိပြီး ပရိသတ်အကြိုက်ဆွဲဆောင်နိုင်မည့် ပွဲဖြစ်သည်။ ၂ဝ၁၇-၂ဝ၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးကို  ယူကရိန်းနိုင်ငံ  ကိယက်မြို့တွင်  ယှဉ်ပြိုင်မည်ဖြစ်ပြီး  ကွင်းလယ်ဒိုင်အဖြစ်      ဆားဘီးယားနိုင်ငံသား မီလိုရတ်မာဇီက တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။ စံချိန်သစ်ထပ်မံ တင်နိုင်ရန် ရုန်းကန်မည့် ရီးရဲနှင့် ၁၃ နှစ်အကြာ ချန်ပီယံလိဂ်ဖလားငတ်မွတ်နေသည့် လီဗာပူးတို့  အားပြိုင်မှုမှာ ပြင်းထန်မည်ဖြစ်ပြီး ဥရောပ၏ အမြင့်ဆုံးဖလားကြီး ရယူသွားမှာက မက်ဒရစ်လား၊ လီဗာပူးလား ဘယ်မြေတွင် ပျော်မွေ့မလဲ စောင့်မျှော်ကြည့်ရှုရမည့် ပွဲကောင်းတစ်ပွဲဖြစ်ပေသည်။                       သီဟ

No comments:

Post a Comment