Latest News

Monday, May 28, 2018

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုလျော့နည်းစေရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုလျော့နည်းစေရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်  မေ  ၂၇

ရန်ကုန်မြို့တော်  သန့်ရှင်းသာယာလှပစေရေး၊  သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်  စွန့်ပစ်အမှိုက်များ လျှော့ချရေး၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့နည်းစေရေး နှင့်အတူ စွန့်ပစ်ပစ္စည်းများမှ လူ့အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ကာ  ပြန်လည်အသုံးပြုနိုင်စေရေး   ရည်ရွယ်၍      ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ Clean Yangon Campaign နှင့်  အမှိုက်ကောက်ပရဟိတအဖွဲ့ ၅ဝ ကျော်တို့က ပူးပေါင်းစီစဉ်ကျင်းပသော Clean Yangon Campaign  နှစ်ပတ်လည်အခမ်းအနားနှင့်   အမှိုက် လျှော့ချရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ ညနေ ၅ နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံ၌ ကျင်းပသည်။

''ဒီလိုမျိုးပွဲတွေ အများကြီးလုပ်ဖို့လိုပါတယ်၊ ဒီလို လုပ်တဲ့အတွက် အများကြီးထိရောက်ပါတယ်၊ စွန့်ပစ်တဲ့ အမှိုက်သိမ်းနေရုံနဲ့မပြီးပါဘူး၊ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့၊ အမှိုက်ခွဲခြားစွန့်ပစ်ဖို့၊ အမှိုက်ကို လျှော့ချဖို့ ပညာပေးအစီအစဉ်တွေ   အများကြီးလိုအပ်ပါတယ်၊ စည်းကမ်းပိုင်းအနေနဲ့က အရင်ထက်စာရင် တိုးတက်လာ တာတွေ့ရပါတယ်၊ အရင်တုန်းကဆိုရင် အမှိုက်ကိုစနစ် တကျ မစွန့်ပစ်ကြတာများတယ်၊ အခုလို့ ပရဟိတအဖွဲ့တွေ၊ အနုပညာရှင်တွေ ပူးပေါင်းလာတာဖြစ်တဲ့အတွက် အများကြီး တိုးတက်လာပါတယ်''ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ အနောက်ပိုင်းခရိုင်ဌာနမှူး ဌာနခွဲမှူး ဦးအောင်ထိုက် က ပြောသည်။

အဆိုပါပွဲသည် Clean  Yangon  Campaign တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအနေဖြင့် အမှိုက် လျှော့ချရေး  အသိပညာပေးဆွေးနွေးပွဲကို  ကျင်းပခြင်း ဖြစ်ပြီး အမှိုက်လျှော့ချရေးနှင့်ပတ်သက်၍ စာရေးဆရာမ ဂျူး၊  စာရေးဆရာမ  ဒေါ်သန်းမြင့်အောင်၊ ကိုရင်လှ (Extensionist)တို့က အသိပညာပေးဆွေးနွေးသွားမည် ဖြစ်သည်။

''အမှိုက်ကနေ ရွှေဆိုတဲ့အတိုင်းပဲ အမှိုက်ကထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို လူ့အသုံးအဆောင်ပစ္စည်းတွေ လုပ်ထား တဲ့အခင်းအကျင်းတွေ   ပြသမယ်၊  စွန့်ပစ်အမှိုက်တွေကို လိုက်လံပြီးတော့ကောက်တယ်၊  ရရှိလာတဲ့ ပစ္စည်းတွေကို လူ့အသုံးအဆောင်ပစ္စည်းတွေလုပ်ပြီး ပြန်လည်ရောင်းချ တယ်၊ ရောင်းချလို့ရတဲ့ ငွေတွေကို ရန်ပုံငွေအနေနဲ့ပြန်သုံးပါ တယ်''ဟု Clean Yangon Campaign မှ တာဝန်ခံ ကိုဇေယျာထွန်းက ပြောသည်။

အဆိုပါပွဲတွင် စွန့်ပစ်ပစ္စည်းများမှ လူ့အသုံးအဆောင် ပစ္စည်းများပြုလုပ်၍ ရောင်းချသော ဆိုင်ခန်းပေါင်း ၁၅ ခန်း ပါဝင်ကာ အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ Clean Yangon  သံချပ်အဖွဲ့၏ဖျော်ဖြေမှု၊ ပျိုးခင်း Child Center(သုဝဏ္ဏ)အဖွဲ့နှင့် Care Teens Charityအဖွဲ့တို့၏ အသိပညာပေးဇာတ်လမ်းဖြင့် ဖျော်ဖြေမှုများ ပါဝင်ကြောင်း သိရသည်။  

ကြေးမှုံ၊သတင်း-အေးမင်းသူ၊ ဓာတ်ပုံ-ဇာနည်မောင်

No comments:

Post a Comment