Latest News

Monday, May 28, 2018

သားပိုက်ကောင် ရုပ်ရှင်ဇာတ်ကား ဇွန် ၈ ရက်မှစ၍ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပြသမည်

သားပိုက်ကောင် ရုပ်ရှင်ဇာတ်ကား ဇွန်  ၈ ရက်မှစ၍ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပြသမည်

ရန်ကုန်    မေ    ၂၇

အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်သည့်  ''သားပိုက်ကောင်'' ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဇွန် ၈ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)က အဘွား နှင့် မြေးအကြား  ချစ်မေတ္တာ  သံယောဇဉ်ကို အဓိကအခြေခံ ရိုက်ကူးထားသည့် ''သားပိုက် ကောင်''    ရုပ်ရှင်ဇာတ်ကားတွင်  အဘွား ဒေါ်ရင်နစ်အဖြစ် အကယ်ဒမီ စိုးမြတ်သူဇာ၊ ဖိုးရွှေလမင်း (ခေါ်)   ရွှေဂျိုးလေးအဖြစ် အကယ်ဒမီ ထွန်းထွန်း၊ မေယဉ်ကျေးအဖြစ် ရွှေသမီးတို့က    အဓိကသရုပ်ဆောင်များ အဖြစ်  ပါဝင်ထားပြီး   အကယ်ဒမီ  မင်းဦး၊ နေဆန်း၊ ဒိန်းဒေါင်နှင့် ရုပ်ရှင်သရုပ်ဆောင်များစွာနှင့်အတူ   ကလေးသရုပ်ဆောင်များ ပါဝင်ရိုက်ကူး    ပုံဖော်ထားသည့်   ရုပ်ရှင် ဇာတ်ကား ဖြစ်သည်။

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က ''ဒီဇာတ်ကားမှာ     မိဘတွေ    ငယ်စဉ်က    ကွယ်လွန်သွားတာကြောင့် အဘွားဖြစ်သူက စောင့်ရှောက်ခဲ့တာကို အခြေခံပြီး သားအချစ် မြေးအနှစ်ဆိုသလို မြေးလေးကို အချစ်ပိုပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့အကြောင်းကို အခြေခံ ပြီး ရိုက်ကူးခဲ့တဲ့ဇာတ်ကားပါ၊ ဒီဇာတ်ကားထဲ မှာ ပြောတဲ့ စကားလုံးကအစ၊ ပြောမယ့်ဟန်၊ မကြားဝံ့မနာသာ    စကားမျိုးတွေမပါတဲ့ အိုက်တင်မျိုးလည်းပါရအောင်   စဉ်းစားပြီး အဘွားနေရာက   သရုပ်ဆောင် စိုးမြတ်သူဇာ နဲ့ ဒီဇာတ်လေးရိုက်ကူးခဲ့ခြင်း  ဖြစ်ပါတယ်၊ ကျွန်တော်ရိုက်ကူးခဲ့တာ ရုပ်ရှင်ဇာတ်ကား ပေါင်း ၂ဝ ကျော်ပါပြီ၊ တစ်ကားနဲ့တစ်ကား ဇာတ်လမ်းလည်း မတူပါဘူး၊ ပုံသဏ္ဌာန်လည်း မတူပါဘူး၊    ချစ်ခြင်းမေတ္တာတရားတွေ    မေ့သွားမှာစိုးရိမ်မိတဲ့အတွက်ကြောင့်    ဒီ ဇာတ်ကားကို ထုတ်ပြတဲ့သဘောပါ၊ ရုံတင်မယ့် ရက်က   ဇွန်လ ၈ ရက်နေ့မှာ   ရုံတင်မှာပါ၊ ရန်ကုန်မြို့က ရုပ်ရှင်ရုံတွေအပါအဝင် မြန်မာ တစ်ပြည်လုံးမှာ ပြသသွားမှာ  ဖြစ်ပါတယ်၊ ပရိသတ်တွေကို   လာကြည့်စေချင်ပါတယ်၊ ဒီဇာတ်ကားလေးက   တစ်မျိုးထူးခြားတဲ့    ဇာတ်ကားပါ၊  ပရိသတ်ကို   ပြောချင်တာက   လူကြီး၊ လူငယ်၊  လူလတ် အားလုံးကြည့်လို့ရတဲ့ ဇာတ်ကားပါ''ဟု ပြောသည်။

''သားပိုက်ကောင်''  ရုပ်ရှင်ဇာတ်ကား တွင်   သရုပ်ဆောင်ခဲ့သည့်   အကယ်ဒမီ စိုးမြတ်သူဇာက    ''ဒီရုပ်ရှင်ဇာတ်ကားမှာ အဘွားနေရာကနေ သရုပ်ဆောင်ထားပါတယ်၊ ဒီဇာတ်ကားမှာ  စကားပြောတဲ့အခါ  အညာ ဒေသဘက်က စကားပြောသလို ပြောထားပါ တယ်၊ အဘွားဆိုပေမယ့် မြေးလုပ်တဲ့သူက အမေကြီးလို့ခေါ်တယ်၊ အဘွားကို အမေကြီး လို့ခေါ်တဲ့ ဓလေ့တွေရှိတယ်လေ၊ ထွန်းထွန်းနဲ့ မြေးအဘွား လုပ်ရတာလည်း အဆင်ပြေတယ်၊ အတတ်နိုင်ဆုံးကြိုးစားပြီး     သရုပ်ဆောင် ထားပါတယ်၊ ပရိသတ်တွေ လာကြည့်ပေးပါ လို့ ပြောချင်ပါတယ်၊ အမေကြီး သရုပ်ဆောင် က   လက်မြန်ခြေမြန် ဇာတ်ကောင်ပေါ်လွင်ပြီး အသက်ကြီးပေမယ့် ကျန်းမာတယ်၊ စိတ်ဓာတ် ကလည်း မာတယ်၊ နေရာတကာမှာ ပါတယ်၊ သင့်တော်လား မသင့်တော်ဘူးလားဆိုတာ မသိဘူးဆိုတဲ့ ဇာတ်ကောင် ပေါ်လွင်အောင် သရုပ်ဆောင်ထားပါတယ်၊ ဒီဇာတ်ကားက မြေးအဘွားနှစ်ယောက်ရဲ့    သံယောဇဉ် ချစ်ခြင်းမေတ္တာကို  ပြထားတာပါ၊   အဘွားက မွေးကတည်းက   စောင့်ရှောက်လာခဲ့တာ၊ အဘွားတွေနဲ့ ခေတ်လူငယ်တွေမှာ လွဲတာလေး တွေရှိမှာပေါ့၊  အမြင်မတူမှုတွေနဲ့  လွဲချော်မှု တွေကို နားလည်ပေးနိုင်ရင် အင်မတန်ချစ်ဖို့ ကောင်းပါတယ်၊    ဒီကားလေးက    အရင် ရိုက်တဲ့ဇာတ်ကားတွေနဲ့ မတူပါဘူး၊ ရယ်စရာ ကားပေမယ့်လည်း        အဓိပ္ပာယ်ရှိတယ်၊ ပတ်ဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘော သဘာဝတွေနဲ့ ထူးခြားပါတယ်လို့ ပြောချင်ပါ တယ်''ဟု ပြောသည်။

အကယ်ဒမီထွန်းထွန်းက    ''အားမာန် ရုပ်ရှင်ထုတ်လုပ်ရေးကနေ   ယုံကြည်စွာနဲ့ ကျွန်တော့်ကို         စာချုပ်ချုပ်ခဲ့တာပါ၊ ခေါင်းဆောင်မင်းသားအနေနဲ့ သရုပ်ဆောင်ရ တာဖြစ်တဲ့အတွက် တာဝန်လည်း ကြီးပါတယ်၊ ကျွန်တော်    အကယ်ဒမီမရခင်ကတည်းက ရိုက်ကူးခဲ့တဲ့ ကားဖြစ်ပါတယ်၊ သရုပ်ဆောင် တဲ့အပိုင်းမှာဆိုရင် ဒါရိုက်တာ   ကိုစတီးလ် လိုချင်တဲ့အတိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး သရုပ်ဆောင်တယ်၊ နောက်တစ်ခု က   မိဘမေတ္တာဘွဲ့မှာတောင်  ၅၂၈ မှာမှ အဓိကက အဖေ၊ အမေမေတ္တာ မဟုတ်ဘဲနဲ့ မြေးအဘွား မေတ္တာကို ပုံဖော်ထားတာဖြစ်တဲ့ အတွက်   မြေးဇာတ်ကောင်စရိုက်နဲ့   ပါဝင် သရုပ်ဆောင်ခဲ့တာ  ဖြစ်ပါတယ်၊  ဒီဇာတ်ကား ကြည့်ရင်းနဲ့လည်း ကျွန်တော် အသိတစ်ခုရလာ တယ်၊ မိဘနဲ့ မိသားစုကိုလည်း တကယ်အချိန် ပေးဖို့လိုသေးတယ်ပေါ့၊     ပိုက်ဆံတွေ အများကြီးရှာတာထက်  မိဘကို   ပိုပြီးတော့ အချိန်ပေးသင့်တယ်လို့    ကျွန်တော်ထင်ပါ တယ်၊    မိသားစုတစ်ခုမှာတော့    အဓိက ပြဿနာက    အမြင်မတူတာပါ၊   အဲဒီလိုမဖြစ် အောင် ဘယ်လိုမျိုးအကောင်းဆုံးဖြစ်အောင် နေမလဲဆိုတာ     ကျွန်တော်အမြဲတွေးပါ တယ်။

ဇာတ်ကောင်စရိုက်အရ မေယဉ်ကျေး ကို မြင်မြင်ချင်း   ချစ်ခင်နှစ်သက်တဲ့   ပုံစံကို ပြတယ်၊         ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာဆိုတဲ့အတိုင်း    ကောင်လေး တစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချဉ်းကပ်တယ်၊ ပိုးပန်းတယ်၊ ဒီကောင်မလေး ရှိတဲ့နေရာကို   နည်းပေါင်းစုံနဲ့    သွားတယ်၊ အဲဒါကို ဒါရိုက်တာ ကိုစတီးလ်အနေနဲ့ ဟာသ အမြင်လေးနဲ့ ပရိသတ်သဘောကျအောင် ရိုက်ပြသွားတယ်၊ ဒီဇာတ်ကားမှာ နောက်ဆုံး အဘွားကို    ပြောလိုက်တဲ့စကားတွေဆိုရင် စိတ်ထဲမှာရှိနေတဲ့   စကားတွေကို  အဘွားကိုပဲ အပြစ်ပုံချပြောလိုက်တဲ့       သဘောနဲ့ သရုပ်ဆောင်ထားပါတယ်၊     ကျွန်တော် အပါအဝင်    လူတွေတော်တော်များများက အပြင်မှာ အဆင်မပြေလာသမျှ တစ်ခုခုဆိုရင် ကိုယ့်မိသားစုကိုပဲ     အပြစ်ပုံချလေ့ရှိတယ်၊ ပေါက်ကွဲလေ့ရှိတယ်လို့ပဲ     ထင်ပါတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း        အဲဒီလို ဇာတ်ကောင်စရိုက်နဲ့    သရုပ်ဆောင်ခွင့်ရတဲ့ အထဲမှာ သရုပ်ဆောင်လိုက်ပါတယ်၊ အဓိက ကတော့ ကိုယ့်အမှားကိုသိပြီး ပြုပြင်ဖို့လိုတယ် လို့  ထင်ပါတယ်၊ မှားနေတာကို မမှားဘူးဆိုပြီး ဇွတ်တင်းခံနေရင်တော့ အဆင်ပြေမယ် မထင် ပါဘူး။

မကြီးစိုးနဲ့     ရိုက်ကွင်းမှာ    တွဲပြီး သရုပ်ဆောင်တဲ့အခါ    အဘွားအဘွားနဲ့ ခေါ်ပြီး   ရိုက်တာပါပဲ၊  အခက်အခဲ အထွေ အထူးတော့ မရှိပါဘူး၊ ဒီကာရိုက်တာမျိုးက ကျွန်တော်ရိုက်လည်း ရိုက်ခဲပါတယ်၊ ငယ်ငယ် သန့်သန့်ပြန့်ပြန့်နဲ့ ရုံးတက်တဲ့ ပုံစံမျိုးကိုပေါ့၊ မိသားစုကို ဦးစားပေးတဲ့ ပုံစံမျိုးမြင်တွေ့ရ မှာပါ၊  ကျွန်တော် ကြားဖူးတယ်၊ မိသားစုကို ဦးစားပေးတဲ့အခါမှာ         အိမ်ထောင်ပြုရင် ယောက်ျားကောင်းဖြစ်ဖို့     ခဲယဉ်းတယ်၊   အဲဒီလိုပဲ     သားလိမ္မာဖြစ်တဲ့အခါမှာလည်း ယောက်ျားကောင်းဖြစ်ဖို့ ခဲယဉ်းတယ်ဆိုတော့ ဒီဇာတ်ကောင်နှစ်ခုကြားမှာ ကျွန်တော် ဝေမျှ ပြီး  သရုပ်ဆောင်ခဲ့တာ   ဖြစ်ပါတယ်''  ဟု ပြောသည်။

သရုပ်ဆောင် ရွှေသမီးက ''ဒီဇာတ်ကား မှာ      ခေါင်းဆောင်မင်းသမီးအနေနဲ့ သရုပ်ဆောင်ထားပါတယ်၊ ဒီသားပိုက်ကောင် ဆိုတဲ့ဇာတ်ကားအတိုင်း    အဘွားနဲ့မြေး ဇာတ်လေးပါ၊    ကိုယ်ပါဝင်ရတဲ့အပိုင်းကို သေချာကြိုးစားပြီး   သရုပ်ဆောင်ထားပါတယ်၊ ဒီဇာတ်လမ်းကို    မရိုက်ခင်ဖတ်တဲ့အခါမှာ လည်း    ကိုယ်တိုင်က   အဘွားကိုချစ်တဲ့ လူတစ်ယောက်မို့    အခက်အခဲမရှိပါဘူး၊ ဒါကြောင့်   ရိုက်ဖြစ်သွားတာပါ၊   မကြီးစိုးနဲ့ ကိုထွန်းတို့လည်း ပါဝင်တာကြောင့် တကယ် ကြိုက်တဲ့  ဇာတ်ကားလေးမို့  ရိုက်ဖြစ်တာပါ၊ ဒီဇာတ်ကားမှာ အဘွားနဲ့မြေးကို ဇာတ်ပို့ပေး ရတာပါ၊   ကိုယ်တိုင်က  မင်းသားရဲ့ချစ်သူ တစ်ယောက်အနေနဲ့   သရုပ်ဆောင်ရပြီး မင်းသားရဲ့အဘွားကို     မလိုတဲ့စကားတွေ   ပြောပေးရတာပေါ့၊ ကိုယ်ပါဝင်ရတဲ့အပိုင်းမှာ   အကောင်းဆုံးတော့  သရုပ်ဆောင်ထားတာပါ၊ ဒီဇာတ်ကားလေးရဲ့ နောက်ဆုံးမှာ  စာတန်း ထိုးသွားတာက ''အဘွားဆိုတာ တစ်ချိန်တုန်း က  အမေပါပဲ''၊  ကိုယ့်အဖေ   ကိုယ့်အမေကို   မွေးဖွားခဲ့တဲ့   အမျိုးသမီးတစ်ယောက်ပါ၊ ကိုယ်တိုင်လည်း   အဘွားကို   ချစ်ပါတယ်၊  အဘွားတွေအတွက်     အမှတ်တရတွေ     အများကြီးရှိပါတယ်၊ သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်းနဲ့   ကားရိုက်လည်း    များခဲ့ပါပြီ၊ ဒီဇာတ်ကားမှာလည်း    အပေးအယူမျှမျှ သရုပ်ဆောင်ခဲ့ပါတယ်'' ဟု ပြောသည်။

''သားပိုက်ကောင်''   ရုပ်ရှင်ဇာတ်ကား သည် သားအချစ် မြေးအနှစ်ဆိုသည့်အတိုင်း မြေးအပေါ်တွင် အချစ်ပိုသလို မြေးကလည်း အဘွား၏ချစ်မေတ္တာကို နားလည်ပြီး အဘွား အပေါ်ပိုပြီး   ဂရုစိုက်ကာ   ချစ်မေတ္တာတွေ ပေးဖို့ လိုအပ်ကြောင်း၊   မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် အဝတ်အစားမျိုး ဝတ်ဆင် သည့်အခါ လူရမ်းကားများ၏ နှောင့်ယှက်မှု ကို ကြုံတွေ့ရနိုင်ကြောင်း၊ မိဘများကလည်း သားသမီးများအပေါ်   ဆုံးမသွန်သင်ရန် လိုအပ်ကြောင်း၊ အညာကျေးလက်ဒေသ၏ ဓလေ့စရိုက်၊    ပွင့်ပွင့်လင်းလင်းပြောဆိုမှု၊ ရိုးသားမှု၊ လူအများအပေါ်  ကူညီတတ်မှု များကို  ဖော်ကျူးပြသထားကြောင်း၊ ချစ်သူ ထက်  မိသားစုအပေါ်  ပိုပြီးဂရုစိုက်  တန်ဖိုး ထားသည့် ဇာတ်ကားအဖြစ် ရိုက်ကူးပုံဖော် ထားကြောင်း သိရသည်။

ကြေးမှုံ

No comments:

Post a Comment