Latest News

Thursday, May 17, 2018

ကျောင်းကား စနစ်သစ်အတွက် ယာဉ်မောင်းအဖြစ် လာရောက် လျှောက်ထားသူ နည်းပါးနေသေး

ကျောင်းကား စနစ်သစ်အတွက် ယာဉ်မောင်းအဖြစ် လာရောက် လျှောက်ထားသူ နည်းပါးနေသေး

 ရန်ကုန် မေ ၁၆

ရန်ကုန်တိုင်းဒေသကြီးအတွင်း လာမည့်ပညာသင်နှစ်မှစ၍ ကျောင်းကားပြေးဆွဲမှုကို စနစ်သစ်ဖြင့် ပြေးဆွဲမည်ဖြစ်ရာ လက်ရှိအချိန်ထိ ယာဉ်မောင်းလျှောက်ထားသူ ၅၅  ဦးရှိကြောင်း  ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ထံမှ သိရသည်။

ဇွန်လကျောင်းဖွင့်ချိန်တွင် TTC ကျောင်းများ၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝယ်ယူထားသည့်   ကျောင်းကားသစ်စီးရေ ၁ဝဝ ခန့်ဖြင့် စတင်ပြေးဆွဲရန် လျာထားသောကြောင့်  ကျောင်းကားပြေး ဆွဲနိုင်ရန်  ဃ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူနှင့် YBS ယာဉ်ကြီးမောင်းသင်တန်း အောင်မြင်ထားသည့် ယာဉ်မောင်းများကို ဦးစားပေး ခေါ်ယူခဲ့ခြင်းဖြစ်သည်။

 ''လက်ရှိအချိန်ထိ လာရောက်လျှောက် ထားသူ  ၅၅  ဦးပဲရှိသေးတယ်။  အဓိကကတော့ သတ်မှတ်လိုင်စင် ရှိရမယ်။ မေ ၂ဝ ရက်အထိ နောက်ဆုံး လျှောက်ထားခွင့်ပေးထားပါတယ်။ စနေနဲ့  တနင်္ဂနွေနေ့တွေမှာလည်း လျှောက်လွှာတွေကို  လက်ခံသွားမယ်'' ဟု  ဒေါက်တာမောင်အောင် ကပြောသည်။ ယာဉ်မောင်းလျှောက်လွှာ လက်ခံ နောက်ဆုံးရက်မှာ လေးရက်သာ ကျန်တော့သဖြင့် လျှောက်ထားလိုသူများ အနေဖြင့်   အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း၊ ရဲစခန်းထောက်ခံ ချက်၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မိတ္တူ နှင့်အတူ   ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရုံးသို့  လာရောက် လျှောက်ထားနိုင်ကြောင်း သိရ သည်။

''ကျောင်းကားအတွက် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက  သတ်မှတ်ထားတဲ့  အချက် ၁၂  ချက်ရှိတယ်။ အရင်က ကျောင်းကားတွေကို ဘယ်မောင်း ယာဉ်ဖြစ်ရမယ်လို့   သတ်မှတ်ထားတယ်။  ဒါပေမဲ့ ကျောင်းကားပြေးဆွဲမယ့် လုပ်ငန်းရှင်တွေရဲ့ အဆင်မပြေမှုကြောင့် ဒီနှစ်ကို ညာမောင်းစနစ်နဲ့ပဲ  ကျောင်းကားတွေကို ပြေးဆွဲခွင့်ပေးမှာပါ'' ဟု ဒေါက်တာမောင် အောင် ကပြောသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ  ကျောင်းကားများ ယာဉ်မှတ်ပုံတင်ခြင်းကို  ကနဦးမှတ်ပုံတင်ရာမှာ  စံနှုန်းသတ်မှတ်ချက်  ၁၂ ချက်နှင့် ကိုက်ညီမှသာ  ခွင့်ပြုရန် သတ်မှတ် ထားကြောင်း၊

ကျောင်းကားအဖြစ်  သတ်မှတ်ထားသော  စံနှုန်း သတ်မှတ်ချက် ၁၂ ချက်မှာ

ခရီးသည် ၁ဝ  ဦးအထက်  တင်ဆောင်နိုင်တဲ့   မိုက်ခရိုဘတ်စ်၊  မီနီဘတ်စ်များ ဖြစ်ရမည်၊ ထိုင်ခုံတိုင်း ခါးပတ်ပါရှိရမည်၊ ဘယ်မောင်းယာဉ်နှင့် ယာဉ်ညာဘက်တွင်  အတက်၊ အဆင်း တံခါးပေါက်ပါရှိရမည်ဖြစ်ပြီး  လုံခြုံစိတ်ချရသော    သော့စနစ် တပ်ဆင်ထားရမည်၊ ရှေးဦးသူနာပြု ဆေးသေတ္တာ   ပါရှိရမည်၊    ယာဉ်၏ အတွင်းတွင် ဓာတုဗေဒပေါင်ဒါမှုန့် ခြောက်နှင့်  မီးသတ်ဆေးဘူး အနည်းဆုံး နှစ်ဘူးပါရှိရမည်၊ ယာဉ်၏ ဆေးအရောင်ကို အဝါရောင်သတ်မှတ်၍  ယာဉ်၏ရှေ့၊ နောက်တွင် School Bus စာလုံး ထင်ရှားစွာပါရှိ ရမည်၊ ကျောင်းအမည်နှင့်  ဆက်သွယ်ရန် ဖုန်းနံပါတ်များကို     ယာဉ်၏နံဘေးတွင်   ရေးသားရမည်၊    ယာဉ်မောင်းသူသည်  သတ်မှတ်ထားသော လိုင်စင်ရှိရမည်၊ အမြန်နှုန်း ၄ဝ ကီလိုမီတာထက်ပို၍ မောင်းနှင်ခြင်း မပြုရန် ကန့်သတ်ထားရမည်၊ အငှားယာဉ် အဖြစ် မှတ်ပုံတင်ရမည်၊ ကျောင်းသားများ အသက် ၁၂  နှစ်အထက်ဖြစ်ပါက လူကြီး ထိုင်ခုံ သတ်မှတ်ပေးရမည်ဖြစ်ပြီး ကျောင်း သားများ  အသက်  ၁၂ နှစ်အောက်ဖြစ်ပါ က မူလလူကြီး ထိုင်ခုံအရေအတွက် တစ်ဆ ခွဲထက်မပိုရမည့်အပြင်ထိုင်ခုံခါးပတ် အပြည့်အစုံ ပါရှိရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

ထို့ပြင် ကျောင်းကားပြေးဆွဲခြင်း လုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပါဝင်သည့်  Royal Golden Hand ကုမ္ပဏီက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment