Latest News

Sunday, May 20, 2018

ကွန်တီကို ရုံးခန်းသို့ ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေး ရယူခဲ့ပြီဟု မော်ရင်ဟိုဆို ဖာဂူဆန်မှာ 'ဆာ'ဟူသော အရည်အချင်းများနှင့် အားလုံးပြည့်စုံသူဟု ဖွင့်ဟ

ကွန်တီကို ရုံးခန်းသို့ ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေး ရယူခဲ့ပြီဟု မော်ရင်ဟိုဆို ဖာဂူဆန်မှာ 'ဆာ'ဟူသော အရည်အချင်းများနှင့် အားလုံးပြည့်စုံသူဟု ဖွင့်ဟ
 
မန်ချက်စတာ မေ ၁၉

မန်ယူနည်းပြ မော်ရင်ဟိုသည် ယမန်နေ့က ချယ်လ်ဆီးအသင်း နည်းပြကွန်တီနှင့် ဖေဖော်ဝါရီ လကတည်းက ငြိမ်းချမ်းရေး ရခဲ့ပြီး ဖြစ်ကြောင်း ဖွင့်ဟပြောကြားသည်။

ဇန်နဝါရီလက ကွန်တီနှင့် မော်ရင်ဟိုတို့မှာ မီဒီယာများ ရှေ့တွင် နှစ်ဦးသား နစ်နစ်နာနာ ပြောဆိုမှုများ ရှိခဲ့ပြီး မော်ရင်ဟိုက မိမိသည် ကွန်တီလို အီတလီ ဘောလုံးလုပ်ပွဲ အရှုပ်တော်ပုံတွင် မည်သည့်အခါမှ ပါဝင်လိမ့်မည်မဟုတ်ဟု ပြောကြားခဲ့ရာ ကွန်တီက မိမိကို အပြစ်မရှိဟု တရားရုံးမှ သတ်မှတ်ပြီးသား ကိစ္စကို ဝေဖန်တိုက်ခိုက် လာခြင်းကြောင့် မော်ရင်ဟို စကားကို တစ်သက်မေ့နိုင်လိမ့်မည် မဟုတ်ဟုဆိုပြီး မော်ရင်ဟိုသည်သာ ဟန်ဆောင်တတ်သော သူဟု တုံ့ပြန်ခဲ့သည်။

အက်ဖ်အေဖလား ဗိုလ်လုပွဲတွင် မော်ရင်ဟိုနှင့် ကွန်တီတို့ မည်သို့စကားလုံး တိုက်ပွဲဆင် မည်လဲဟု မျှော်လင့်နေကြရာ မော်ရင်ဟိုက ဖေဖော်ဝါရီ ၂၅ ရက်က ချယ်လ်ဆီးကို ၂ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရသောပွဲအပြီး အိုးထရက်ဖို့ဒ် ကွင်းမှ မိမိရုံးခန်းထံ ကွန်တီအား ဖိတ်ခေါ်ကာ နှစ်ဦးသား ငြိမ်းချမ်းစွာ ပြောဆိုခဲ့ကြကြောင်း ထုတ်ဖော် ပြောကြားထားသည်။

 ''အဲဒီပွဲ အပြီးမှာ သူနဲ့ကျွန်တော် လက်ဆွဲ နှုတ်ဆက်ခဲ့ကြတယ်။ သူ့ဘက်က ဒီလိုဆိုရင် ကိုယ့်ဘက်ကလည်း ဒီပုံစံအတိုင်းပဲ ဖြစ်ရမှာပေါ့။ ပွဲအပြီးမှာ သူ့ကို ကျွန်တော့်ရုံးခန်းကို ဖိတ်ခေါ်ပြီး စကားတွေ ပြောဖြစ်ကြတယ်။ ဘာအမှားအယွင်းမှ မပါခဲ့ပါဘူး။ အားလုံး အဆင်ပြေပါတယ်'' ဟုပြောသည်။

မော်ရင်ဟို လက်အောက်တွင် ၁၇ နှစ်ကြာ နံပါတ် (၂) နည်းပြအဖြစ် ထမ်းဆောင်ခဲ့သော ရူအီဖာရီယာအတွက် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မော်ရင်ဟိုနှင့် လက်တွဲသည့် နောက်ဆုံးပွဲ ဖြစ်ပြီး အသင်းမှ ထွက်ခွာတော့မည် ဖြစ်ရာ မော်ရင်ဟိုက ရာသီသစ်တွင် အစားထိုးရန် ယခင်လုပ်ဖော်ကိုင်ဖက် နည်းပြတစ်ဦး ရှိပြီးသားဖြစ်ကြောင်းနှင့် လက်ရှိတွင် ထိုနည်းပြမှာ အသင်းတစ်သင်းနှင့် စာချုပ်ရှိထား၍ အမည်ထုတ် မပြောနိုင်သေးဟုလည်း မော်ရင်ဟိုက ဆိုသည်။

ဆက်လက်၍ ဦးနှောက် သွေးကြောပေါက်ပြီး ကုသမှု ခံယူနေရသော ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်နှင့်ပတ်သက်၍ ''သူက ဆာဆိုတဲ့အတိုင်း ထိုက်တန်သူပါ။ အပြုအမူ၊ အသင်းအပေါ်ထားတဲ့ စိတ်နှလုံးသား စတာတွေက အစဆာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်သူပါ။ ဒီအသင်းကို ကျွန်တော် မရောက်မီက မန်နေဂျာတွေက အသင်းမှာ သူဆက်ရှိ ပေးနေတာကို သက်သောင့်သက်သာ မရှိဖြစ်နေကြတယ်လို့ သူထင်ခဲ့တယ်။ လန်ဒန်မှာ ပွဲတစ်ပွဲကစားအပြီး မန်ချက်စတာကို သူပြန်လိုက်ဖို့ ခွင့်တောင်းခဲ့တော့ အကောင်းဆုံး၊ အဆင့်အမြင့်ဆုံး ခုံဖြစ်တဲ့ A-1 နေရာကို ကျွန်တော်ပေးခဲ့တယ်။ ကျွန်တော့် အတွက်တော့ အံ့ဘနန်း လူသားတစ်ဦးပဲ'' ဟု ပြောခဲ့သည်။

MWD

No comments:

Post a Comment