Latest News

Sunday, May 20, 2018

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲ မပျက်ပြားရေးအတွက် အလျှော့ပေး လုပ်ဆောင်လာသည့် အမေရိကန်နှင့် တောင်ကိုရီးယား

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲ မပျက်ပြားရေးအတွက် အလျှော့ပေး လုပ်ဆောင်လာသည့် အမေရိကန်နှင့် တောင်ကိုရီးယား


မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ကြား  နောက်လတွင် ကျင်းပရန် စီစဉ်ထားသည့်  ထိပ်သီး ဆွေးနွေးပွဲကို ဖျက်သိမ်းပစ်မည်ဟု ကင်က ခြိမ်းခြောက် လိုက်ပြီးနောက်တွင် တောင်ကိုရီးယားနှင့် အမေရိကန် အစိုးရ တို့က မြောက်ကိုရီးယားအား အလျှော့ပေး ဆက်ဆံလာသည်ကို တွေ့ရသည်။

တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ကြား ပူးတွဲပြုလုပ်သည့် လေတပ် စစ်ရေးလေ့ကျင့်မှုကြောင့် ထွက်ပေါ်လာသော တင်းမာမှုကို ဖယ်ရှားနိုင်ရေး ကြိုးပမ်းမည်ဟု တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က မေ ၁၇ ရက်က ပြောကြားလိုက်သည်။ မြောက်ကိုရီးယား အစိုးရ၏ ခြိမ်းခြောက်မှုကြောင့် ကိုရီးယား ကျွန်းဆွယ်ပေါ် နျူကလီးယား ကင်းစင်ရေးကို မျှော်လင့်နေသည့် တောင်ကိုရီးယားနှင့် ဒေသတွင်း နိုင်ငံများကို အထိတ်တလန့် ဖြစ်စေခဲ့သည်။

မြောက်ကိုရီးယား အစိုးရသည် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ကန့်ကွက်သည့် အနေဖြင့် တောင်နှင့်မြောက်ကိုရီးယား တို့ကြား မေ ၁၆ ရက်က ကျင်းပရန် သဘောတူညီထားခဲ့သည့် အဆင့်မြင့် ဆွေးနွေးပွဲကိုပါ ဖျက်သိမ်းပစ်ခဲ့သည်။ ထို့ကြောင့် ကိုရီးယားနှစ်နိုင်ငံကြား ထွက်ပေါ်လာပြီး ဖြစ်သည့် ဆက်ဆံရေး တိုးတက်မှုကို ထိန်းသိမ်းရေးနှင့် မြောက်ကို ရီးယား ခေါင်းဆောင်ကင်နှင့် ထရမ့်တို့ကြား ပြေလည်မှု ရရှိစေရေးအတွက် တောင်ကိုရီးယားက ကြားဝင် ဖျန်ဖြေပေးရန် မတ် ၁၇ ရက်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင်  မြောက်ကိုရီးယားအစိုးရက ခြိမ်းခြောက်ထားလင့်ကစား အမေရိကန် အစိုးရ အနေဖြင့် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေးကို ဆက်လက် လုပ်ဆောင်နေသည်။ ထို့ပြင် အမေရိကန် အစိုးရက ၄င်းတို့၏ B-52 အမျိုးအစား ဗုံးကြဲလေယာဉ် နှစ်စင်းကို ကိုရီးယားကျွန်းဆွယ်ပေါ် ပျံသန်းခြင်း မပြုရန် ညွှန်ကြား လိုက်သည့်အပြင် ကင်နှင့်ထရမ့်တို့ကြား ထိပ်သီး ဆွေးနွေးပွဲ ကျင်းပပြီး သဘောတူညီချက် တစ်ရပ်ကို ချမှတ်နိုင်ပါက အမေရိကန် အစိုးရ အနေဖြင့် ကင်၏ ရပ်တည်မှုအတွက် အကာအကွယ် ပေးမည်ဟု အာမခံချက် ပေးလိုက်သည်ကို  တွေ့ရသည်။

အလားတူ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲ ကျင်းပရေးကို ပျက်ပြားစေနိုင်မည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်း မပြုရန် တောင်ကိုရီးယားနှင့် ဂျပန်တို့ကလည်း သဘောတူလိုက်သည်။ ကင်နှင့်ထရမ့်တို့သည် ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပကာ တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားသော်လည်း ပူးတွဲစစ်ရေး လေ့ကျင့်မှုနှင့် နျူကလီးယား လက်နက်များကို တစ်ဖက်သတ် စွန့်လွှတ်ရန် အမေရိကန်က အတင်းအကျပ် တောင်းဆိုခြင်းကြောင့် အခြေအနေ တင်းမာလာခြင်း ဖြစ်သည်။

စင်စစ်တွင် အမေရိကန်နှင့် တောင်ကိုရီးယား တို့ကြား လုပ်ဆောင်သည့် Max Thunder ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် ပုံမှန် လုပ်ဆောင်မြဲ စစ်ရေးလေ့ကျင့်မှု တစ်ရပ် ဖြစ်သော်လည်း ယခုကဲ့သို့ အတိမ်းအစောင်း မခံသည့် အချိန်ကာလ မျိုးတွင် ကျင်းပခြင်းသည် အပြုသဘော ဆောင်သည့် လုပ်ဆောင်ချက်ဖြစ်မလာခဲ့ပေ။ ထို့ကြောင့် အဆိုပါ စစ်ရေး လေ့ကျင့်မှုသည် တောင်နှင့်မြောက်ကိုရီးယား တို့ကြား ချမှတ်ခဲ့သည့် ပန်မွန်ဂျုံ သဘောတူညီချက်ကို ချိုးဖောက်ခြင်းပင် ဖြစ်သည်ဟု မြောက်ကိုရီးယား ခေါင်းဆောင်ကင်က စွပ်စွဲလိုက်ခြင်း ဖြစ်သည်။

အကြောင်းမှာ အမေရိ ကန်နှင့် တောင်ကိုရီးယားတို့ကြား လုပ်ဆောင်သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို  တိုက်ခိုက်ရန် လေ့ကျင့်နေခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယား အစိုးရက ယခင်ကတည်းက ယူဆထားသည်။ ယခုအခါ တောင်ကိုရီးယားနှင့် အမေရိကန် အစိုးရတို့၏ တင်းမာမှု ပြေလျော့ရေး နှင့် ပတ်သက်၍ မြောက်ကိုရီးယားက ထုတ်ပြန်ပြောကြားထားခြင်း မရှိသေးသော်လည်း အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲ ကျင်းပမည့် အစီအစဉ်သည် ပျက်ပြားမည် မဟုတ်ဟု ခန့်မှန်းရသည်။

ထိုထိပ်သီး ဆွေးနွေးပွဲကို ကျင်းပနိုင်ပြီး အမေရိကန်နှင့်  မြောက်ကိုရီးယား တို့ကြား သဘောတူညီချက် တစ်စုံတစ်ရာကို   ချမှတ်နိုင်ပါသာလျှင်  ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် နျူကလီးယား ကင်းစင်ရေး အာမခံပေးနိုင်မည့် အပြင် ဒေသတွင်းနိုင်ငံများ၏ စိုးရိမ်မှုများကိုပါ ဖယ်ရှားနိုင်မည် ဖြစ်သည်။

MWD

No comments:

Post a Comment