Latest News

Sunday, May 20, 2018

ပေါ်တူဂီ လက်ရွေးစင် အသင်းတွင် ဥရောပ ချန်ပီယံအသင်းမှ တစ်ဝက်ကျော် မပါဝင်

ပေါ်တူဂီ လက်ရွေးစင် အသင်းတွင် ဥရောပ ချန်ပီယံအသင်းမှ တစ်ဝက်ကျော် မပါဝင်

လစ္စဘွန်း မေ ၁၉

၂ဝ၁၆ ဥရောပချန်ပီယံ ပေါ်တူဂီ အသင်းသည် ၂ဝ၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် လက်ရွေးစင် ၂၃ ဦးစာရင်းကို ယမန်နေ့က ထုတ်ပြန်ရာ ဥရောပ ချန်ပီယံဖြစ်ခဲ့သည့် အသင်းမှ ကစားသမားတစ်ဝက် မပါဝင်ကြောင်း သိရသည်။

ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်သည် လက်ရွေးစင်အသင်း ရွေးချယ်ရာ၌ ခက်ခဲစွာ ရွေးချယ်ခဲ့ ရသည်ဟု ဝန်ခံထားသည်။ ပြီးခဲ့သည့် ယူရို ၂ဝ၁၆ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပြင်သစ်ဘက်သို့ အနိုင်ဂိုး သွင်းပေးခဲ့သော တိုက်စစ်မှူး အီဒါသည်လည်း ဥရောပ ချန်ပီယံအသင်းမှ ချန်လှပ်ခံရသည့် ကစားသမား ၁ဝ ဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။

တခြားသော ကံမကောင်းခဲ့သည့် ကစားသမား များထဲတွင် ကွင်းလယ် ကစားသမား အန်ဒရေး ဂိုမက်စ်၊ ရီနာတိုဆန်းချက်ဇ်၊ ခံစစ်မှူး အီလီဆူးနှင့် တိုက်စစ်မှူး နာနီတို့ ပါဝင်ခဲ့ပြီး လက်ရွေးစင် စာရင်းမှ ချန်လှပ် ခံခဲ့ရသည်။ နိုင်ငံအတွက် ဂိုးအများဆုံး သွင်းယူထားသည့် စံချိန်တင်ထားသော စီရော်နယ်ဒို ဦးဆောင်မည့် ပေါ်တူဂီ အသင်းသည် လာမည့် ကမ္ဘာ့ဖလားတွင် အုပ်စု (B) ၌ စပိန်၊ မော်ရိုကို၊ အီရန်အသင်း တို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

လက်ရွေးစင် အသင်းတွင် ပါဝင်ခဲ့သော ဝါရင့်ကစားသမားများမှာ ဂိုးသမား ပက်ထရီစီယို၊ ဗဟိုခံစစ်မှူး ပီပီ ၃၅ နှစ်နှင့် ဘရူနိုအဲလ်ဗက်စ် ၃၆ နှစ်တို့ ပါဝင်သလို ကွင်းလယ်ကစားသမား ဝီလျံကာဗယ်လ်ဟို၊ ယာအိုမော်တင်ဟိုနှင့် ဝါရင့်တိုက်စစ် ကစားသမား ကွာရက်စ်မာတို့ ဖြစ်သည်။ နည်းပြ ဖာနန်ဒိုဆန်းတို့စ်က ''လူတိုင်းကို စိတ်ချမ်းသာအောင်တော့ ကျွန်တော့်ဘက်က လုပ်ပေးလို့ မရနိုင်ပါဘူး။ ယူရိုချန်ပီယံဆု ရယူပေးခဲ့သူတွေထဲက ချန်လှပ်ခဲ့ရတာ စိတ်မကောင်း ဘူး''ဟု ပြောသည်။

MWD

No comments:

Post a Comment