Latest News

Wednesday, May 2, 2018

နာဂစ်မုန်တိုင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ် မေတ္တာပို့၊ အမျှအတန်း ပေးဝေခြင်းနှင့် ပြည်သူလူထု အသိပညာပေး အစီအစဉ် ပြုလုပ်

နာဂစ်မုန်တိုင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ် မေတ္တာပို့၊ အမျှအတန်း ပေးဝေခြင်းနှင့် ပြည်သူလူထု အသိပညာပေး အစီအစဉ် ပြုလုပ်


နေပြည်တော် မေ ၂

၂၀၀၈ ခုနှစ်မေလ (၂)ရက်က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် အသက် ဆုံးရှုံးခဲ့ရသည့် ရဟန်းရှင်လူ ပြည်သူများကို ရည်စူး၍ အလှူငွေများ ပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ရှိ ရွှေမုဌော စေတီတော်မြတ်ကြီးနှင့် မြောင်းမြ ဘုန်းတော်ကြီး ကျောင်းတို့တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးလှမိုးအောင် တို့ တက်ရောက်၍ အလှူငွေများကို ပေးအပ် လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝိသာခါ (ဒေါ်လှယဉ်) ဓမ္မာရုံ တွင် ကျင်းပသည့် နာဂစ် မုန်တိုင်း တိုက်ခတ်ခံရပြီး (၁၀)နှစ်ပြည့် အထိမ်း အမှတ် မေတ္တာပို့၊ အမျှအတန်း ပေးဝေခြင်း အခမ်းအနားသို့တက်ရောက်ပြီး သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်ပြီး လှူဖွယ်ပစ္စည်းများ ဆပ်ကပ် လှူဒါန်း ခဲ့ကြသည်။

ယင်းနောက် နာဂစ်အလွန် ပြန်လည်ထူထောင်ရေးမှသည် ဘေးဒဏ် ရင်ဆိုင် တုန့်ပြန်နိုင်စွမ်းရှိသည့် ပြည်သူ လူထု ဖြစ်ပေါ်လာရေးကို ရှေးရှု့၍ ပြည်သူလူထု အသိပညာပြန့်ပွားရေး အစီအစဉ်အား ဧရာဝတီ တိုင်းဒေသ ကြီး၊ ပုသိမ်မြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်၊ ဦးလှမိုးအောင်၊ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဂုဏ်ထူးဆောင် ဥက္ကဌ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာန ဆိုင်ရာ အကြီးအကဲများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေး အသင်း အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။

ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နာဂစ်မုန်တိုင်း ကျရောက် ခဲ့မှု ဖြစ်စဉ်သည် သမိုင်းတွင် မေ့ပျောက် မရနိုင်သည့် ကိစ္စတစ်ရပ် ဖြစ်ပါကြောင်း၊ နာဂစ် မုန်တိုင်းသည် နိုင်ငံအတွက် ထိခိုက် ဆုံးရှုံးမှု များစွာ ဖြစ်ပွားစေခဲ့သည့် အတွက် ဝမ်းနည်းစရာနေ့အဖြစ် သတိရနေမည် ဖြစ်ကြောင်း၊ ယနေ့(၁၀)နှစ်ပြည့် သတိတရ အခမ်းအနား ကျင်းပရခြင်း သည် သင်ခန်းစာ ရယူရန်နှင့် သဘာဝဘေး တုန့်ပြန်ရန်အတွက်  ပြန်လည် ဆန်းစစ်ပြီး ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သတိရှိစေရန် အတွက်ဖြစ်ကြောင်း၊ နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်ပေါင်း (၃၇) မြို့နယ် တွင် စုစုပေါင်း (၁၁ ဒသမ ၇) ထရီလီယံ ကျပ်ခန့် ဆုံးရှုံးမှုများခဲ့ပြီး လူပေါင်း တစ်သိန်းလေးသောင်းခန့် သေကျေပျက်စီး ပျောက်ဆုံး ခဲ့ရပါကြောင်း၊ ဘေးလွန်ကာလတွင်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်း များကို နိုင်ငံတော်အစိုးရ ဦးဆောင်မှုဖြင့် အဖွဲ့အစည်း အသီးသီးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ပိုမိုကောင်းမွန် သည့် စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေ တို့ကိုရေးဆွဲ ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီ (၁၂)ဖွဲ့ ကိုလည်းဖွဲ့စည်းပြီး စီမံခန့်ခွဲမှု လုပ်ငန်းများကို ထိထိရောက်ရောက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံတော်အဆင့်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကို နှစ်စဉ်ကျပ် ဘီလီယံ(၂၀) ခွဲဝေ သတ်မှတ် ဆောင်ရွက်ထားပါကြောင်း၊ အဆိုပါ ရန်ပုံငွေမှ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနှင့် ဘေးလျော့ ပါးရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ပေးလျက်ရှိပါကြောင်း၊ နာဂစ်လွန် ကာလတွင် ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့၌ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းကျောင်း၊ နေပြည်တော်တွင် အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနနှင့် လပွတ္တာမြို့တွင်လည်း နာဂစ်မုန်တိုင်း အတွင်း မိဘမဲ့ဖြစ် သွားကြသည့် ကလေးသူငယ်များအတွက် လူငယ့် အားမာန် သင်တန်းကျောင်းတို့ကို တည်ထောင်ပေး နိုင်ခဲ့ ပါကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ခိုင်ခံ့သည့် အခြေခံ အဆောက်အဦများ အားနည်းသည့် အတွက် ဘေးဖြစ်ချိန်တွင် ခိုလှုံနိုင်ရန် မုန်တိုင်းဒဏ်ခံ အဆောက်အဦ(၇၀)လုံး၊ အခြားမုန်တိုင်းဒဏ်ခံ အဆောက်အဦ များကို ဆောက်လုပ်ပေးနိုင်ခဲ့ပြီး ယခုနှစ်အတွင်းမှာလည်း ဘက်စုံသုံး မုန်တိုင်း ဒဏ်ခံ အဆောက် အဦ(၅၇) လုံး ထပ်မံဆောက်လုပ် သွားမည်ဖြစ် ပါကြောင်း၊ ထိုနည်းတူစွာ အသိပညာပေးလုပ်ငန်းများနှင့် ဇာတ်တိုက် လေ့ကျင့် မှုများကိုအရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း။
ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့ကျစေရေးအတွက် လူတိုင်းလူတိုင်းမှ ဘေးအန္တရာယ် ဆိုင်ရာ အသိပညာများရှိရန် လိုအပ်သကဲ့သို့ အဆိုပါ အသိတရားအပေါ်တွင် သတိဖြင့် တုံ့ပြန် ဆောင်ရွက်ရန် လည်းလိုအပ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက် အတိုင်း ဘေးဒဏ်ရင်ဆိုင် တုံ့ပြန် နိုင်သည့် လူ့အဖွဲ့အစည်းဖြစ် လာစေရေးနှင့် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရချိန်တွင် အဆင်သင့်ဖြစ်မှု တိုးမြှင့်ပေးနိုင်ရေးအတွက် ပိုမိုရင်းနှီး မြှုပ်နှံမှုပြုလျက်ရှိပါကြောင်း၊ အမျိုးသား သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဗဟို ကော်မတီက ဦးဆောင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရိုင်၊မြို့နယ်အဆင့်အထိ ပိုမိုကောင်းမွန်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုံစံအသစ်ဖြင့် ပြည်သူလူထုအပါအဝင် အဖွဲ့အစည်း အသီးသီး၏ ပူးပေါင်းဆောင်ရွက်မှု ကိုရယူကာဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်၊ ဦးလှမိုးအောင်က နာဂစ်မုန် တိုင်းလွန် ကာလတွင် တိုင်းဒေသကြီးအဆင့် တုံ့ပြန်ဆောင်ရွက် မှုများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများမှ ရရှိသည့် သင်ခန်းစာများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုကော်မတီများနှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်နေ မှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ အာလုံးက ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ် သက်၍ မေတ္တာပို့ ဆုတောင်းမှုပြုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လပွတ္တာမြို့လူငယ့်အားမာန် သင်တန်းကျောင်းမှ နာဂစ်မုန်တိုင်း အတွင်း မိဘမဲ့ဖြစ်သွားသည့် ကလေးသူငယ် များအတွက် ပညာဒါနသင်ကြား ပေးသည့် လူငယ်များအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ပြီး ဌာနဆိုင်ရာ များနှင့် အဖွဲ့အစည်း အသီးသီး၏ နာဂစ်အလွန် ပြန်လည် ထူထောင်ရေးမှသည် ဘေးဒဏ် ရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိသည့် ပြည်သူလူထုဖြစ်ပေါ်လာရေးဆီသို့ ဦးတည် ပြသ ထားသောလူထုပညာပေး ပြခန်းများကိုလှည့်လည်ကြည့်ရှုခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ် ကျရောက် လွယ်မှုများနှင့် စပ်လျဉ်း သည့် သုတေသနတွေ့ရှိချက်များ၊ လေ့လာဆန်းစစ်မှုများကို ဘာသာရပ် ခေါင်းစဉ်အလိုက် တင်ပြဆွေးနွေးခြင်း၊ ပြန်လည် ထူထောင်ရေးနှင့် စပ်လျဉ်းသည့် အတွေ့အကြုံ၊ အသိအမြင်များကို စကားဝိုင်း ဆွေးနွေးမှုများ၊ သရုပ်ပြတင်ဆက်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။(သတင်းစဉ်)

No comments:

Post a Comment