ဟိုင်းကြီးကျွန်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများရှိ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့နှင့် အနီး ပတ်ဝန်းကျင်ကျေးရွာများတွင် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ် နေသောမုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်းများတိုက်ခတ်လျက်ရှိရာ မေ ၂၉ ရက်နံနက်ပိုင်းက ရုတ်တရက်မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှု ကြောင့် စေတီပုထိုး၊ လူနေအိမ်၊ စာသင်ကျောင်းနှင့်လျှပ်စစ်မီးတိုင်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
မြတ်မော်တင်စွန်းစေတီတော် ရင်ပြင်တော်ရှိ သောကြာထောင့် အရံစေတီတော်၏ စိန်ဖူးတော်မြေခသွားခဲ့ရာ ယင်းစိန်ဖူးတော်ကို ဂေါပကရုံးသို့ပင့်ဆောင်၍ ထိန်းသိမ်းထားရှိကြောင်း၊ ဒုတိယရင်ပြင် တော်ရှိ RC ကွန်ကရစ်ကနုတ်ပန်းများဖြင့် တည်ဆောက်ထားသော ခေါင်းလောင်းပြသာဒ်ထိပ်၏အမိုးစွန်း နှစ်ပေခန့် ကျိုးပဲ့ကာပြိုကျသွား ခဲ့ကြောင်းနှင့် ရှင်ဥပဂုတ္တကျောင်းဆောင်၏ အရှေ့ကဲလားအမိုးများ ပျက်စီးသွားခဲ့ကြောင်းသိရသည်။ မေ ၂၈ ရက် ညနေပိုင်းကလည်း အင်္ဂါထောင့်ရှိ အရံစေတီတော်၏ စိန်ဖူးတော်မြေခမှုဖြစ်ထားပြီး နောက်တစ်ရက်တွင် ထပ်မံထိခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။
ဟိုင်းကြီးကျွန်းမြို့ ဒီးဒူးကုန်းကျေးရွာအုပ်စု ကျောက္ကလပ် ကျေးရွာ၌ လူနေအိမ်နှစ်လုံး၊ ဒီးဒူးကုန်းကျေးရွာအုပ်စု ပြည်သာယာ ကျေးရွာ၌ လူနေအိမ်နှစ်လုံး၊ သက္ကယ်သောင်ကျေးရွာအုပ်စု ဖိုးညိုကုန်း ကျေးရွာ၌ လူနေအိမ်တစ်လုံးနှင့် အောင်ခိုင်ကျေးရွာ၌ လူနေအိမ် တစ်လုံး စုစုပေါင်းလူနေအိမ် ခြောက်လုံးမှာ ယနေ့နံနက်ပိုင်းက လေပြင်းများတိုက်ခတ်စဉ် ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လေဘေးသင့်အိမ်ထောင်စုများကို နီးစပ်ရာဆွေမျိုးသားချင်းများ၏နေအိမ်များသို့ ယာယီပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ဆောင်ရွက်ပေးသည်။
ဟိုင်းကြီးကျွန်းမြို့ သက္ကယ်သောင်ကျေးရွာအုပ်စု အုန်ချောင်း ကျေးရွာရှိ အထကကျောင်းဆောင်အရှေ့ခြမ်းနှင့် ဖိုးညိုကုန်းကျေးရွာ အလက(ခွဲ)ကျောင်းဆောင် အရှေ့ခြမ်းရှိ အမိုးသွပ်များလေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ငါးပြေမဓာတ်အားခွဲရုံမှ ဟိုင်းကြီးကျွန်းမြို့သို့ သွယ်တန်းထား သော မရမ်းကွင်းကျေးရွာနှင့်တောင်ကလေးကျေးရွာအကြား (၈၆/၅) မိုင်အတွင်း လျှပ်စစ်မီးတိုင်နှစ်ချောင်းမှာ မိုးရွာသွန်း၍ မြေပျော့ နေသည့်အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လဲကျသွားခဲ့ကြောင်း သိရသည်။ လျှပ်စစ်မီးတိုင်နှစ်ချောင်း လဲကျသွားခြင်းကြောင့် ဟိုင်းကြီးကျွန်းမြို့သို့ ယာယီလျှပ်စစ်မီးဖြတ်တောက်ထားပြီး လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက ကရိန်းကားများဖြင့် လဲကျနေသော မီးတိုင်နှစ်ချောင်းကို ပြန်လည်စိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ လျှပ်စစ်မီးပြန်လည်ပို့လွှတ်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင် မေ ၂၇ ရက် ညပိုင်းမှစတင်၍ ယနေ့ အချိန်အထိ လေပြင်းများ တိုက်ခတ်လျက်ရှိပြီး လေတိုက်နှုန်း တဖြည်းဖြည်း မြင့်လာခဲ့ရာ မေ ၂၈ ရက် ညပိုင်းနှင့် ၂၉ ရက် နံနက်ပိုင်းတွင် တိုက်ခတ်ခဲ့သောလေမှာ အပြင်းထန်ဆုံးဖြစ်သည်။ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများ ကျိုးပဲ့ပြိုလဲမှုများ၊ လူနေအိမ် ပြိုကျမှုများ၊ စာသင်ကျောင်းများ အမိုးလန်ပျက်စီးမှုများ၊ စေတီပုထိုးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယနေ့အချိန်အထိ လူ၊ တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် သဘာဝဘေးနှင့်ပတ်သက် ၍ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
ပြန်/ဆက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment