၂ဝ၁၈ ခုနှစ် မေ ၈ ရက်သည် ကမ္ဘာ့ကြက်ခြေနီနှင့်လခြမ်း နီနေ့ဖြစ်သည်။ နိုင်ငံတကာ ကြက်ခြေနီကော်မတီ (International Committee of The Red Cross,ICRC) ကို တည်ထောင်သူနှင့် ပထမဦးဆုံး ငြိမ်းချမ်းရေးနို ဘယ် ဆုရရှိသူ ကရုဏာရှင်ကြီး ဟင်နရီ ဒူးနန့် (Jean Henry Dunant) ကို ဂုဏ်ပြုသောအား ဖြင့် သူ၏မွေးနေ့(၁၈၂၈ ခုနှစ် မေလ ၈ ရက်နေ့)ကို ကမ္ဘာ့ကြက်ခြေနီနှင့် လခြမ်းနီနေ့အဖြစ် ကျင်းပရခြင်း ဖြစ်ပါသည်။
ကမ္ဘာ့ကြက်ခြေနီလုပ်ငန်းသည် လူသားချင်းစာနာ ထောက်ထားသော ကရုဏာ လုပ်ငန်းကြီးဖြစ်ပြီး စေတနာ ရှင် လုပ်အားပေးများ၊ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ စုစု ပေါင်း လူ ၉၇ သန်းခန့် ပါဝင်လုပ်ကိုင်ဆောင်ရွက်နေ သော ဂုဏ်ပြုဖွယ်ရာ လုပ်ငန်းကြီးဖြစ်ပေသည်။
▲▲ အဖြူရောင် လက်မောင်းပတ် ▲▲
ဆွစ်လူမျိုး ကုန်သည်ကလေး ဟင်နရီဒူးနန့်သည် ၁၈၅၉ ခုနှစ်ဇွန်လတွင် ခရီးသွားလာရင်း အီတလီနိုင်ငံ ဆိုဖာရီနိုတိုက်ပွဲ (Battle of Solferino)ဖြစ်နေ ချိန်၌ ၎င်းစစ်မြေပြင်သို့ ခရီးသွားဟန်လွှဲ ရောက်ရှိ ခဲ့သည်။ထိုစစ်မြေပြင်မှ ကူရာမဲ့ ဒဏ်ရာရသူများ၊ သေလုမြောပါး လူနာများ၊ လူသေများ စသည့် စိတ်မချမ်းမြေ့ဖွယ်ရာ အနိဋ္ဌာရုံ အဖုံဖုံကို သူ၏ ''ဆိုဖာရီနိုသတိရဖွယ် ၁၈၆၂ (A Memory of Solferino 1862)''တွင် ရေးသားဖော်ပြ ခဲ့သည်။ ၁၈၅၉ ခုနှစ် ဇွန်၂၄ ရက်နေ့ တစ်နေ့တည်းတွင် နှစ်ဖက်စစ်သား လေးသောင်းခန့်သည် ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ကြုံတွေ့ရပြီး ဆေးအကူအညီ လုံးဝ မရရှိကြသည်ကို ဒူးနန့်တွေ့ရသော အခါ သွေးပျက် ထိတ်လန့်ခဲ့ရသည်။ သူ၏ မူလသွားမည့် ခရီးကို ဆက် မသွားတော့ဘဲ ထိုဒဏ်ရာရစစ်သားများအား ပြုစုကုသ ခြင်း၊ ကူညီခြင်းများ ကို ဒေသခံရွာသားများ အကူအညီ ဖြင့် ရက်ပေါင်းများစွာ လုပ်ဆောင်ပေးခဲ့သည်။
ဂျီနီဗာသို့ ပြန်ရောက်ပြီးနောက် ထိုစာအုပ်ကို မိမိ ငွေဖြင့် အကုန်အကျခံ ထုတ်ဝေခဲ့သည်။ ဥရောပတစ်လွှား ရှိ နိုင်ငံရေးနှင့်စစ်ရေး အထက်ပိုင်းပုဂ္ဂိုလ်များ အနေနှင့် ဒုက္ခရောက်သူများကို ကူညီရန်၊ သူ့အား အကူအညီ ပေးလိမ့်မည်ဟု ထင်သောကြောင့်ဖြစ်ပေသည်။ ထို့ပြင် စစ်မြေပြင်တွင် ဒဏ်ရာရသူများကို ဘက်မလိုက်ဘဲ သူနာ ပြုရသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို အကာအကွယ် ပေးနိုင်ရေး အတွက် လည်းကောင်း၊ စစ်မြေပြင်ဆေးရုံများ ကို နှစ်ဦးနှစ်ဖက်မှ အန္တရာယ်မပြုနိုင်ရေးအတွက် လည်းကောင်း အစီအမံများ၊ မူဝါဒများကို တင်ပြခဲ့သည်။ ဤသို့ ကူရာမဲ့ဒုက္ခရောက်နေသူများကို (လူသားချင်း စာနာထောက်ထားသောအားဖြင့်) ကူညီရန်၊ ကြက်ခြေနီ လုပ်ငန်းများ လုပ်ရန် လိုအပ်ကြောင်း၊ ကြက်ခြေနီလုပ်ငန်း များအတွက် အခြေခံမူများ လိုအပ်ကြောင်း ရေးသားခဲ့ သည်။ သို့နှင့် ထိုစာအုပ် ထွက်ပြီး တစ်နှစ် အကြာ(၁၈၆၃ ခုနှစ်)တွင်၊အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Committe of The Red Cross, ICRC) ကို ဖွဲ့စည်း လှုပ်ရှားနိုင်ခဲ့သည်။
၁၈၆၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့၌ နိုင်ငံတကာ ကြက်ခြေနီကော်မတီသည် အောက်ပါ အခြေခံမူများကို ချမှတ်နိုင်ခဲ့သည်။ (၁) အမျိုးသား အဖွဲ့အစည်းများကို ဒဏ်ရာရစစ်သား များအား ကူညီပြုစုကုသရေးအတွက် ဖွဲ့စည်းနိုင်ရေး၊ (၂) ဒဏ်ရာရ သူများကို ကြားနေဝါဒဖြင့် အကာအကွယ် ပေးနိုင်ရေး၊ (၃) ဒေသခံများကို စေတနာလုပ်အားပေး များအနေဖြင့် စစ်မြေပြင်လူနာများ ပြုစုကူညီရာတွင် အသုံးပြုနိုင်ရေး၊ (၄)ကြက်ခြေနီ အခြေခံမူများကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရေးအတွက် နောက်ထပ်ညီလာခံများ ထပ်မံစည်းရုံးဆောင် ရွက်နိုင် ရေး၊ (၅) ကြက်ခြေနီအဖွဲ့ဝင်ကို စစ်မြေပြင်တွင် နှစ်ဖက် စစ်သည်များနှင့် မရောထွေးစေရန်၊ အကာအကွယ် ဖြစ်စေရန် သင်္ကေတအဖြစ် ကြက်ခြေနီသင်္ကေတပါသော အဖြူရောင် လက်မောင်းပတ်ကို ဝတ်ဆင်ရန်တို့ဖြစ် သည်။
နောက်တစ်နှစ်ကြာသောအခါ ဆွစ်ဇာလန်အစိုးရ သည် ဥရောပနိုင်ငံများ သာမက အမေရိကန် ပြည်ထောင်စု၊ ဘရာဇီးနှင့် မက္ကဆီကိုနိုင်ငံများကိုပါ ဖိတ်ကြားသည်။
သို့နှင့် ၁၈၆၄ ခုနှစ်သြဂုတ် ၂၂ ရက်တွင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကိုယ်စား လှယ်ပေါင်း ၂၆ ဦးပါဝင်သော ညီလာခံမှ ပထမဦးဆုံးအကြိမ် ဂျီနီဗာ သဘော တူစာချုပ် (Geneva Convention) ကို ချုပ်ဆိုနိုင်ခဲ့သည်။ စစ် မြေပြင်တွင် ဒဏ်ရာရစစ်သားများကို သက်သာအောင် ဆောင်ရွက်ပေးရန် (Amelioration of The Conditions of The Wounded in Armies in The Field) အတွက် ဖြစ်သည်။ နိုင်ငံ ၁၂ နိုင်ငံမှ ကိုယ်စား လှယ်များက လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုစာချုပ်တွင် အချက်(၁ဝ)ချက်ပါဝင်ပြီး ဒဏ်ရာရ စစ်သားများ၊ စစ်မြေပြင်ဆေးဝန်ထမ်းများ၊ လူသားချင်း စာနာထောက်ထားသော အဖွဲ့အစည်းများအတွက် ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်းနှင့် ကာကွယ်ခြင်းများကို လုပ်ဆောင်နိုင်ရန် အဓိကထားရှိသည်။သို့မှသာ စစ်မြေ ပြင်တွင် ကြက်ခြေနီများအနေဖြင့် ဒဏ်ရာရသူများကို ကူညီပြုစုရာတွင် အန္တရာယ်ကင်းစွာ လုပ်ဆောင်နိုင်မည် ဖြစ်ပေသည်။
▲▲ နိုင်ငံအလိုက် ကြက်ခြေနီအသင်းအဖွဲ့များ ပေါ်ထွန်းလာခြင်း ▲▲
ဂျီနီဗာကွန်ဗင်းရှင်း ထွက်ပေါ်လာပြီးနောက် ဘယ်လ် ဂျီယံ၊ ဒိန်းမတ် ၊ပြင်သစ်၊ အိုဒင်ဘာဂ်ျ၊ပရပ်ရှား၊ စပိန်နှင့် ဝူတင်ဘာဂ်ျ (Wurttemberg) နိုင်ငံများတွင် ကမ္ဘာ့ပထမ ဦးဆုံး ကြက်ခြေနီအသင်းများကို ဖွဲ့စည်း ခဲ့ကြသည်။ ၁၈၆၄ ခုနှစ်တွင် ဒပ်ခ်ျစစ်တပ်မှ ဗိုလ်ကြီးလူးဝစ်အက်ပ် ပီးယား (Louris Appia)နှင့် ချားလ်ဗန်ဒီဗဲဒီ (Charles Vande Velde)တို့သည် လွတ်လပ်သော၊ ကြားနေသော၊ ဘက်မလိုက်သော ကြက်ခြေနီ ကိုယ်စားလှယ် များဖြစ်လာခဲ့ကြသည်။
၁၈၆၇ ခုနှစ်တွင် စစ်မြေပြင်ဒဏ်ရာရသူများအတွက် အမျိုးသားရှေးဦး သူနာပြု နိုင်ငံတကာညီလာခံ (International Conference of National Aid Societies for The Nursing of The War Wounded) ကိုကျင်း ပနိုင်ခဲ့သည်။ နောင်နှစ်များတွင် ဥရောပရှိနိုင်ငံ တိုင်းတွင် ကြက်ခြေနီ အဖွဲ့များကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၈၇၆ ခုနှစ်တွင် ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ကိုInternational Committee of The Red Cross, ICRC အဖြစ် တရားဝင် ခေါ်ဝေါ်သတ်မှတ်ခဲ့ရာ ယနေ့ တိုင်ဖြစ်ပါသည်။ ဤသို့ဖြင့် ကမ္ဘာ့နိုင်ငံအားလုံးနီးပါး ဂျီနီဗာကွန်ဗင်းရှင်းကို လက်မှတ်ရေး ထိုးလာကြသည်။ကမ္ဘာ့ကြက်ခြေနီလုပ်ငန်းသည် နိုင်ငံတကာက လေးစား ရသော လုပ်ငန်းကြီးဖြစ်လာပြီး စေတနာ့ဝန်ထမ်းလုပ်ငန်း အဖြစ် ထင်ရှားလာခဲ့ပေသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီသည် ၁၉၂၁ ခုနှစ်တွင် ပြဋ္ဌာန်းသောစည်းမျဉ်းဥပဒေ၌ ဆင်းရဲ နွမ်းပါးသူများအားကူညီခြင်း၊ ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်း၊ လွတ်လပ်ခြင်းနှင့်ခွဲခြားမှုမရှိခြင်း စသည့်အချက် လေး ချက်ကို မူဝါဒအဖြစ်ထည့်သွင်းခဲ့သည်။
၁၉၄၈ ခုနှစ်တွင် အမျိုးသားကြက်ခြေနီအသင်းများ အတွက် အခြေခံအချက်အလက်များကို ပြင်ဆင်သတ် မှတ်ရာ၌ ဖော်ပြပါ အခြေခံမူလေးချက်ကို ထည့်သွင်းခဲ့ သည်။ ၁၉၄၉ ခုနှစ် ဂျီနီဗာ ကွန်ဗင်းရှင်းတွင် ယင်းမူဝါဒ များကို ပုဒ်မ ၄၄/၁ နှင့် ၆၃/၄ တို့တွင်ဖော်ပြ ထားရှိ သည်။ ၁၉၅၅ ခုနှစ်တွင် ဂျင်ပစ်တေးဆိုသူက နောက် ထပ်အချက် များကို ဖြည့်စွက်၍ အခြေခံမူများကို ပြင်ဆင်သတ်မှတ်လိုက်သည့်အခါ ယခုလက်ရှိကျင့်သုံး နေသော ကြက်ခြေနီအခြေခံမူ ခုနစ်ချက်အဖြစ် ပေါ် ထွက်လာခဲ့သည်။ ယင်းတို့မှာ (၁) လူမှုကရုဏာနှင့် စာနာထောက်ထားခြင်း (Humanity)၊ (၂) ခွဲခြားမှုမရှိ ခြင်း(Impartiality)၊ (၃) ကြားနေခြင်း (Neutrality)၊ (၄) လွတ်လပ်ခြင်း(Independence)၊ (၅) စေတနာ့ ဝန်ထမ်း အကျိုးဆောင်ခြင်း (Voluntary Service)၊ (၆) စည်းလုံး ညီညွတ်ခြင်း (Unity)၊ (၇) ကမ္ဘာတစ်လွှား ပျံ့နှံ့ခြင်း (Universality) ဟူ၍ ဖြစ်ပါသည်။
အဆိုပါအခြေခံမူ(၇)ချက်ကို ၁၉၆၅ခုနှစ် ဗီယင်နာမြို့ တွင်ပြုလုပ်သော အကြိမ်(၂ဝ)မြောက် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီညီလာခံတွင် ကြက်ခြေနီနှင့်လခြမ်းနီ လှုပ်ရှားမှု၏ အခြေခံမူများအဖြစ် အတည်ပြုနိုင် ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ကျင်းပသော (၂၅) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီညီလာခံတွင် အဆိုပါ မူဝါဒများကို ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုနည်း ဥပဒေ၏ နိဒါန်းတွင်ထည့်သွင်းပြီး အမျိုးသားကြက်ခြေနီ နှင့် လခြမ်းနီအသင်းများအနေနှင့် လေးစား လိုက်နာရန် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အများသိရှိအောင် အသိ ပညာပေးရန်တာဝန်ပေးအပ်ခဲ့ပါသည်။
▲▲ မြန်မာနိုင်ငံနှင့်ကြက်ခြေနီ ▲▲
ဒုက္ခရောက်သူကို ကူညီခြင်း၊ ဆင်းရဲသူများအား ပေးကမ်းလှူဒါန်း ဒါနပြုခြင်း၊ အများကောင်းကျိုး ဆောင်ရွက်ခြင်း၊ ဆေးလှူခြင်းနှင့် ဆေးကု လုပ်အားဒါန အလှူ လုပ်အားပေးခြင်းတို့သည် မြန်မာတို့ပြုနေကျ လုပ်ငန်းများဖြစ်သဖြင့် ကြက်ခြေနီလုပ်ငန်းများတွင် မြန်မာတို့ မစိမ်းဟု ဆိုရပေမည်။ မြန်မာနိုင်ငံ ကြက် ခြေနီအသင်းကို ၁၉၂ဝ ပြည့်နှစ် တွင် စတင်ဖွဲ့စည်းကာ ၁၉၉၂ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ဂျီနီဗာသဘောတူ စာချုပ် လက်မှတ်ရေးထိုးသည့် နိုင်ငံဖြစ်လာသည်။
▲▲ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက် ▲▲
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ် ပေရာ ဒေသအလိုက်ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါ တားဆီးရေးနှင့် ဘေးဒုက္ခရောက်သူများအား ကူညီရေး လုပ်ငန်းစဉ် များကို ပြည်နယ်ပြည်မ၊ တောင်ပေါ်မြေပြန့်၊ တောရောမြို့ပါမကျန် ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ၊ အသားအရောင်မခွဲခြားဘဲ ကြီးကြပ် မှုကော်မတီအဆင့် ဆင့်ဖွဲ့စည်းဆောင်ရွက်လျက် ရှိပေသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်ခြေနီကော်မတီ များ၊ ခရိုင်၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် တက္ကသိုလ်၊ ကောလိပ်သိပ္ပံကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာမကျန် ကြက်ခြေနီအသင်းခွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်း လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။
ကမ္ဘာ့ကြက်ခြေနီ အမြင့်ဆုံးဟင်နရီဒူးနန့်ဆုကို ၁၉၇၇ ခုနှစ်တွင် စိုင်းအောင်လှိုင်မြင့်က ရရှိခဲ့ခြင်းသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ထိပ်တန်းအောင်မြင်မှု သမိုင်းမှတ်တိုင်ကြီးဖြစ်ပေသည်။
၂ဝဝ၈ ခုနှစ်က မြန်မာနိုင်ငံတွင် လူတစ်သိန်းခွဲနီးပါး သေကျေပျောက် ဆုံးခဲ့ရသည့် နာဂစ်မုန်တိုင်းတွင်လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လက်တွဲလျက် ကမ္ဘာ့ ကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့၊ ကမ္ဘာအနှံ့အပြားမှ ကြက်ခြေနီအဖွဲ့များ ပူးပေါင်း၍ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းမှာလည်း မြန်မာ့ကြက်ခြေနီအသင်း ၏ သမိုင်းမှတ်တိုင်ကြီး တစ်ခုလည်းဖြစ်ပါသည်။
သို့ပါ၍ ''ရိုင်းပင်းကူညီ ကြက်ခြေနီ'' ဟူသော ဆောင်ပုဒ်နှင့်အညီ ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနှင့် လခြမ်းနီနေ့တွင် လူသားတိုင်းသည် လူအချင်း ချင်း မေတ္တာ စေတနာထားကြ၍ ကမ္ဘာ့နေရာမရွေး၊ လူမျိုး မရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ခရီးအနီး အဝေးမရွေးဘဲ ဆင်းရဲ ဒုက္ခရောက်၍ အကူအညီလိုအပ်ပါ က အချိန်မရွေးပေးနိုင်ကြစေရန် ရည်သန်၍ ကမ္ဘာ့ ကြက်ခြေနီလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ခြင်း၊ ကူညီ ထောက်ပံ့ခြင်းများ ပြုလုပ်နိုင်ကြပါစေကြောင်း တိုက် တွန်းရေးသား လိုက်ရ ပါသည်။ ။
ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)
No comments:
Post a Comment