Latest News

Saturday, May 26, 2018

တားမြစ်ထားတဲ့ သီချင်းလေးတွေ...(စောဘွဲ့မှူး)



စောဘွဲ့မှူးရေးတဲ့ သုခုမရဲ့ သီးသန့်ပိုင်ရှင်ကလေး ဆိုတဲ့ သီချင်းရှိပါတယ်။ 1998ဝန်းကျင်လောက်က ထုတ်တဲ့ စောဘွဲ့မှူးအမှတ်တရအခွေဖြစ်တဲ့ ဟန်နီးမွန်းခရီးအခွေမှာ ချစ်စမ်းမောင် ပြန်ဆိုထားပါသေးတယ်။ အရမ်းကောင်းတဲ့ သီချင်းဖြစ်ပြီး ကျွန်တော့်အကြိုက်ဆုံးတွေထဲက တစ်ပုဒ်လည်း ဖြစ်ပါတယ်။ အဲ့ သီချင်းရဲ့ ဖြစ်တည်မှုတွေ……ရေးဖြစ်သွားအောင် လှုပ်ဆော်မှုတွေရဲ့ နောက်ကွယ်မှာ ပြောပြစရာ တချို့ရှိပါတယ်။ ဒီအကြောင်းတွေကို ကျွန်တော်ကို ပြန်ပြောပြသူကတော့ စောဘွဲ့မှူးရဲ့ ငယ်သူငယ်ချင်း ကိုသော်ဖြစ်ပါတယ်။အဲ့အတွက် အစ်ကိုကြီး ကိုသော်ကိုလည်း ကျေးဇူးတင်ပါတယ်။

1979 80 ဝန်းကျင်လောက်က တစ်ခုသော ညနေခင်းမှာ စောဘွဲ့မှူးနဲ့ ကိုသော်တို့ဟာ ဘားလမ်းဖက်ကို လမ်းလျှောက်ထွက်လာကြတယ်။ အဲ့ခေတ်က ဆူးလေတစ်ဝိုက်က ကားအသွားအလာရှင်းပြီး လမ်းလျှောက်လို့ကောင်းတယ်ဗျ။ဂုဏ်ရုံတို့ ပပဝင်းရုံတို့ရှိနေစဲ ကာလတွေပါ။ မြဝတီ စာပုံနှိပ်တိုက်လည်း ရှိသေးတယ်။ ဆူးလေပန်းခြံသေးသေးလေးကတော့ ခုထိ ရှိပါသေးတယ်။ ဒါပေမယ့် ပန်းခြံရယ်လို့လဲ မမည်တော့ပါဘူး။ အဲ့နားမှာ BUSကားမှတ်တိုင်လေးလည်း ရှိပါတယ်။ စောဘွဲ့မှူးတို့လမ်းလျှောက်လာတာကို လူတစ်ယောက်က လာမေးပါတယ်။ ' ဘရားသား တို့ ဇေ ရှိတယ်နော် ဟိုနားက အပြာရောင်ဝတ်ထားတဲ့ ကောင်မလေးကိုတွေ့လား ၃ကျပ်ပဲပေး ' တဲ့။ ဇေ ဆိုတာ ညဥ့်ငှက်မလေးတွေကို သုံးတဲ့ ဗန်းစကားပါ။ အရင်တုန်းကတော့ အမှုမဲ့ အမှတ်မဲ့ဆိုပေမယ့် အခုတည့်တည့်ကြီးလာမေးတဲ့အခါမှာကြတော့ စောဘွဲ့မှူးရဲ့ရင်ထဲမှာ တစုံတရာခံစားလိုက်ရပါတယ်။ ဘေးက ကိုသော့်ကို ' သော်ကြီးရေ ငါ သီချင်းပြန်ရေးတော့မယ်ကွာ ' ဆိုပြီး ပြောလိုက်ပါတော့တယ်။


အဲ့အချိန်က Prince ဘသော်ရဲ့ အရပ်မြင့်မြင့်အချစ်ဆုံး အခွေလုပ်နေချိန်ဖြစ်ပါတယ်။ တစ်ခွေလုံး စောဘွဲ့မှူးပဲ ရေးတာဖြစ်ပါတယ်။ Prince ဘသော်ဟာ မန္တလေး Shell Bandက အဆိုတော်တစ်ဦးပါ။ ဒါပေမယ့် မန္တလေးသားတော့မဟုတ်ပါဘူး။ မတ္တရာသားပါ။ စောဘွဲမှူးဟာ အဲ့သီချင်းကို prince ဘသော်ကိုပဲ ရေးပေးဖို့ ဆုံးဖြစ်လိုက်ပါတယ်။ 1980မှာ အရပ်မြင့်မြင့်အချစ်ဆုံးဟာ ယင်းမာတေးသံသွင်းကနေ ထွက်ရှိခဲ့ပါတယ်။ ပေါက် အခွေတစ်ခွေဖြစ်ခဲ့ပါတယ်။အခွေကို တီးတုန်းက Section playerတွေနဲ့ပဲတီးတာပါ။ဂစ်တာက စောဘွဲ့ မှုးဖြစ်ပြီး....ကီးဘုတ်က လီယိုနတ်စ် မောင်မောင်လွင်……ဘေ့စ်က ပီတာဇုံနဲ့ ဒရမ်က တွတ်ကီဖြစ်ပါတယ်။ The Raysလို့ နာမည်တပ်ခဲ့တာက အဲဒီခွေထွက်ချိန်မှာ စောဘွဲ့မှူးက ကိုအော်စတင်နဲ့ သွားပြီးပေါင်းတီးနေရတဲ့အချိန်မို့ ပါ။

မူလ သီချင်းနာမည်က ' ညဥ့်ငှက် ' ဖြစ်ပါတယ်။ စောဘွဲမှူးဟာ နေ့ခင်း
ဘက်မှာ ပုံမှန်အလုပ်လုပ်နေကြတဲ့သူတွေနဲ့ ကွဲလွဲပြီး ညဖက်ကြမှ အလုပ်လုပ်ရတဲ့ သူတို့အပေါ်ကို စာနာနားလည်ခဲ့တယ်။စောဘွဲ့မှူးအရင်ရေးခဲ့တဲ့စာသားတွေက

Verse: နေခင်းဖက်ထွက်တဲ့ ငှက်ကလေးတွေ အိပ်တန်းဝင် အိမ်ပြန်ပြီဆို '
ညခင်းဖက်ထွက်တဲ့ ငှက်ကလေးတွေ အသံပေးကာဟိုဒီ ပေါ်လာ
နေ့ခင်းဖက်အလုပ်နဲ့ ဝမ်းရေးဖြေရှင်းတဲ့ သူတွေ အိမ်အပြန်
ညခင်းဖက်အလုပ်နဲ့ ဝမ်းရေးဖြေရှင်းတဲ့ သူတွေပေါ်လာ
Precho:အစာရှာတာခြင်းတော့ ထပ်တူ အစာရှာပုံကြတော့ လွဲတဲ့ကျေးငှက်ကလေးများ ပမာ
ဘဝက ခိုင်းလို့ စိတ်ထဲကမပါ သဘောလဲမတူ ပျက်ဆီးတဲ့ ခရီးကို လှမ်းခဲ့ကြပြီ
Cho: အဝတ်အစားခများနဲ့ ထမင်းဖိုးသာ မလိုအပ်ရင် ဒီကမ္ဘာပေါ်မှာ
ပျက်ဆီးခဲ့ဖူးတဲ့ မိန်းကလေးတွေ အမြောက်အများဘဝ
နေသာလာမယ်
အိမ်လခများနဲ့ မိးဖိုးသာ မလိုအပ်ရင် ဒီကမ္ဘာပေါ်မှာ
ပျက်ဆီးခဲ့ဖူးတဲ့ မိန်းကလေးတွေ အမြောက်အများဘဝ
နေသာလာမယ်……

တို့ပဲဖြစ်ပါတယ်။ဒီသီချင်းစာသားတွေဟာ အဲ့ခေတ်ထဲက ဆင်ဆာရဖို့ခက်ခဲခဲ့ပါတယ်။

စောဘွဲ့မှူးဟာ သူ့စာသားတွေဟာ ဆင်ဆာထိစရာ ဘာအကြောင်းမှ မရှိတဲ့အတွက် ပြင်ပေးဖို့ ငြင်းဆန်ခဲ့တယ်။မ.ဆ.လ ခေတ်ဆိုတော့ သိတဲ့အတိုင်းပဲ လူကြီးတွေနဲ့သိရင် သိသလိုအဆင်ပြေတယ်လေ။နောက်ဆုံးတော့ အခွေထဲထည့်ခွင့်ရသွားပါတယ်။ ဒါပေမယ့် အခွေကာဗာမှာတာ့ သီချင်းနာမည်ပါလာခြင်းမရှိပါဘူး။ princeဘသော်ရဲ့ ဆံပင်ရှည်ရှည်အရပ်မြင့်မြင့်အခွေမှာ သီချင်းပါပြီး ကာဗာမှာမပါခဲ့တာက 'ညဥ့်ငှက်'ရယ် 'ရွှေပေါက်တူး'ရယ်ဖြစ်ပါတယ်။စာနယ်ဇင်းတွေက ဝိုင်းဝေဖန်ကဲရဲ့နေကြပေမယ့် ဒီသီချင်းဟာ1980မှာ hitဖြစ်ခဲ့ပါတယ်။

1990 ဝန်းကျင် စောဘွဲ့မှူးမကွယ်လွန်ခင်မှာ ဒီသီချင်းကို နောက်တစ်ခါ ပြန်ဆိုဖို့စီစဉ်ကြပါသေးတယ်။ အဲ့အချိန်ကတော့ စစ်အစိုးရ လက်ထက်ဖြစ်ပြီး စီစစ်ရေးက ဆင်ဆာလုံးဝ မပေးခဲ့ပါဘူး။ သီချင်းရဲ့သံစဉ်ဟာ အရမ်းကောင်းပြီး ပြန်ဆိုမယ့်အဆိုတော်ကလည်း အရမ်းဆိုချင်တာကြောင့် နောက်ဆုံးမှာ စောဘွဲမှူး အလျော့ပေးပြီး စာသားကို ပြန်ပြင်ဆင်ပေးခဲ့ပါတယ်။ အဲ့လို ပြန်ပြင်ဆင်ပေးရတဲ့အတွက်လည်း
သူ တော်တော်ခံစားလိုက်ရပါတယ်။ဒုတိယ Verseကစပြီး သူ့ခံစားရတဲ့အကြောင်းကို ရေးခဲ့ပါတယ်။

(ညဖက်ညဖက် လထွက်ချိန်နေ့တိုင်းမှာ သီဆိုနေကြ
တားမြစ်ထားတဲ့ သီချင်းလေးတွေ ခပ်တိုးတိုး သီဆိုကာ ငို
သူ့ကြောင့်တတ်တဲ့ သီချင်းစပ်တာ သူမကြိုက်တော့ ထိုင်နေရုံပေါ့
သူ့အတွက်ရေးတဲ့ သီချင်းလေးတွေ မဆိုရတော့ ထိုင်နေရုံပေါ့ )
ဒီ စာသားကတော့ စောဘွဲမှူး ပထမဆုံးရည်ရွယ်ခဲ့တဲ့ စာသားထဲက ကောင်မလေးတွေကို ရည်ညွှန်းချင်ပုံရပါတယ်။
Pre:Choမှာတော့ စာသားကို ဆင်ဆာမပေးတဲ့အကြောင်းကို ရည်ရွယ်ထားပါတယ်။
(ခံစားချက်တေးကို သတ်ပစ်ရက်သူ
သူကလေးအတွက်ဆို စွန့်စားစွန့်လွှတ်သူ
ပြုဖူးတဲ့သစ္စာ ကျိုးပျက်သောအခါ
လူသားတစ်ဦးမှာ သမုဒယ စိတ်ဝေဒနာ) လို့ရေးပြီး သီချင်းထဲမှာ လှောင်ရီ ရီတဲ့အသံပါထည့်ဆိုသွားပါ
တယ်။ချစ်စမ်းမောင်ပြန်ဆိုတဲ့ Versionမှာတော့ ရီသံ မပါတော့ပါဘူး။

ပြီးတော့ သူထပ်ပြောပါသေးတယ်။ ဒီလို အနုပညာဖန်တီးမှုတွေကို ဘယ်သူက တားပိုင်ဆိုင်ခွင့်ရှိလဲ???တားလို့ရော ရရဲ့လား???
ဒါပေမယ့် တားမြစ်တာကိုတော့ သူခံလိုက်ရတယ်။ အဲ့လို တားတဲ့သူ ပျော်ပါစေဆိုပြီး Cho:မှာ ရေးခဲ့ပါတယ်။
( သုခုမရဲ့ သီးသန့်ပိုင်ရှင်လေးရယ် ပျော်ပါရဲ့လား
ဆွံ့အသွားတဲ့သီချင်းလေးငယ် ဆုတောင်းမှာ
ရင်နာစရာပါ
တားမြစ်ထားတဲ့ သီချင်းတွေ ခပ်တိုးတိုး သီဆိုကာ ငို ) ဆိုပြီး ပိတ်လိုက်ပါတယ်။

အကြောင်းအမျိုးကြောင့် ဒီသီချင်းဟာ ပြန်ထွက်မလာခဲ့ပါဘူး။ စောဘွဲ့မှူးအမှတ်တရအခွေဖြစ်ခဲ့ ဟန်းနီးမွန်းခရီးကြမှပဲ ပြန်ပါလာတယ်။မူရင်း price ဘသော်ဆိုထားတာကိုတော့ ပြန်ရှာမတွေ့လို့ တင်မပေးနိုင်တာ စိတ်မကောင်းပါဘူး။ဒီ သီချင်းကို စောဘွဲမှူးကိုယ်တိုင်ဆိုထားတဲ့ demoလေးတော့ရှိပါတယ်။အဲ့ဒါလေးကို downလို့ရအောင် dropoxမှာတင်ထားပေးပါတယ်။

https://www.dropbox.com/…/%E1%80%9E%E1%80%AF%E1%80%81%E1%80…

Thanks a lot
De Mon
\m/

မှတ်ချက်။ ။ ဆရာစောဘွဲ့မှူး အမှတ်တရ ရေးခြင်းသာ ဖြစ်ပြီး အခြားမည်သည့် အကြောင်းအရာမှ မပါဝင်ပါ ခင်ဗျား။
Credit Scorpion soup for soul

No comments:

Post a Comment