Latest News

Saturday, May 26, 2018

ဒန့်သလွန် အစွမ်း အံ့မခန်း

ဒန့်သလွန် အစွမ်း အံ့မခန်း

ဆေးပင်ဝါးပင်တို့သည် မြို့ကြီးပြကြီး တို့၌ မရှိသလောက်ဖြစ်သည်။ မြို့နယ်တို့၌ အနည်းငယ်ရှိပြီး ကျေးလက်တောရွာ၊ တောတောင်ရိပ်ကြီးတို့၌ သဘာဝအတိုင်း ပေါက်ရောက်ကြ၏။

ထို့ကြောင့် ''ဆေးလိုတောကိုသွား''ဟူ၍ ဆိုစကားပြု ခဲ့ကြသည်။ ကျေးလက်တောတောင် တစ်ခွင်တွင် သဘာဝအလျောက် ပေါက်ရောက်ပေါ များသည့် ဆေးပင်ဆေးမြစ်များကို ကျေးလက်နေ ပြည်သူလူထု တို့က သုံးစွဲရုံမျှသာ ယူငင်ကြ သော်လည်း မြို့နေ လူတန်းစား အထူးသဖြင့် ကုန်သည်များက ထိုဆေးများကို သုံးရန် မဟုတ်ဘဲ တန်ဖိုးကြီးကြီးနှင့် ရောင်းချရန် စီးပွားရေးဆန်ဆန် ယူငင်တတ်ကြသည်။ ကျေးလက် ဒေသတွင် အခမဲ့ရနိုင်သော ဆေးပစ္စည်းများစွာ တို့သည် မြို့ကြီးပြကြီးရှိ ဘယဆေးကုန်သည် တို့၏ လက်တွင်းသို့ ရောက်သော် တန်ဖိုးကြီး မြင့်လှသည့် ပစ္စည်းများ ဖြစ်လာတော့သည်။ ထို့ကြောင့် ကျေးလက်တွင် လူတိုင်းအတွက် လက်လှမ်းမမီတော့ဘဲ ငွေရှင်ကြေးရှင် တို့သာလျှင် လက်လှမ်းမီ နိုင်တော့သည်။

သာမန်လက်လုပ် လက်စားလူတန်းစား တို့မှာ ထိုဆေးပစ္စည်း များကို မြင်သာမြင်ရ မကြင်ရသည့် ဘဝသို့ ရောက်ကြရသည်။ ရစေဦးတော့ နှစ်ချို့အဟောင်းများသာ ဖြစ်ပြီး လတ်လတ်ဆတ်ဆတ် မရနိုင်တော့ပေ။ ထိုအခက်အခဲကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးသော အနေဖြင့် လူတိုင်း လက်လှမ်းမီရာ ဆေးပင်ဝါးပင်များနှင့် ၄င်းတို့၏အသုံးကို သိရှိနားလည် ထားဖို့ လိုအပ်လာသည်။

လေ့လာကြဖို့လည်း လိုလာသည်။ ''ဤကမ္ဘာမြေပေါ်တွင် ဆေးဖက်မဝင်သော အပင်မရှိ''ဟူ၍ သမားတော်ကြီး ဇီဝကက ယူဆသည်။ ဤစကားသည်မှန်၏။ ရေကိုမှီ၍ ပေါက်သော အပင်၊ မြေကိုမှီ၍ ပေါက်သောအပင်၊ သစ်ပင်ကြီး များကိုမှီ၍ ကပ်ပေါက်ရသော ကပ်ပါးပင်၊ သစ်တုံးကျောက်တုံး တို့၌ အညှိစွဲ၍ ထိုအညှိမှ တစ်ဆင့်ပေါက်သော အပင်များဟူ၍ ရှိသည်။ ၄င်းအပင် တို့သည် ကျေးလက်တောရွာ တောတောင်ရေမြေတို့၌သာ ပေါများသည်ကို တွေ့ရသည်။ အပင်တို့တွင် ''ပူ၊ အေး၊ တက်၊ သက်၊ပွင့်၊ ပိတ်၊ ဖြည့်၊ ဖျက် ဤရှစ်ချက်တွင် အကျုံးဝင် နေကြသည်က များ၏။

ထိုသို့အပင်မှန်သမျှ ဆေးဖက်ဝင် သော်ငြားလည်း ယင်းဆေးပင်များမှာ-
(၁) လူသိများခြင်း
(၂) နီးစပ်တွေ့ထိလွယ်ခြင်း
(၃) ရယူလွယ်ခြင်း
(၄) ငွေကြေးပမာဏ အကုန်အကျ နည်းပါး သက်သာခြင်း
(၅) အကျိုးသက်ရောက်မှု အစွမ်း အာနိသင် လတ်လတ်ဆတ်ဆတ် ထက်မြက်ခြင်း ဟူသော အင်္ဂါရပ် ငါးပါးနှင့် ပြည့်စုံသော အပင်များ ဖြစ်သင့်သည်။ သို့မှသာ ဆေးပင် ဆေးမြစ်များကို သုံးမည့်သူမှာ လွယ်လွယ်ကူကူ လက်လှမ်းတမှီ အသုံးပြုနိုင်မှာ ဖြစ်သည်။

မြန်မာ့ရိုးရာ တစ်လျှောက်လုံး အစဉ်အလာ ဆောင်ပုဒ်များစွာ ရှိကြသည့်အနက် တန်ဖိုး မဖြတ်နိုင်ဆုံး ဖြစ်သည့် ကျန်းမာရေးနှင့်ဆိုင်ရာ ဆောင်ပုဒ်ရှိသည်။ ယင်းမှာ အစာလည်းဆေး ဆေးလည်း အစာဆိုသော ဆောင်ပုဒ် ဖြစ်သည်။ ထို့ကြောင့် စာရေးသူ အနေဖြင့် ကိုယ်တွေ့ကို အတုယူကာ ကောင်းနိုးရာရာ အသုံးပြုဖူးသည်။

ထူးထူးခြားခြား ပျောက်ကင်း ခဲ့ဖူးသော မြန်မာဆေးမြီး တိုဆေးနည်း၊ ဆေးစွမ်းကောင်းများနှင့် စာအုပ်၊ စာပေ၊ စာတမ်းများ၌ ဖတ်ရသော ဆေးစွမ်းကောင်း များကို မှတ်သားခဲ့ဖူးသည်။ ထို့အတူ မိမိ၏ ကိုယ်တွေ့နှင့် စာဖတ်သူတို့ အကျိုးများစေရန် ရေးသားမျှဝေ ချင်မိသည်။ သစ်ပင်တို့ကား အပင်တိုင်းတွင် သူ့အစွမ်း၊ သူ့သတ္တိနှင့် ဂုဏ်ရည်တို့ ရှိကြသည်။ တစ်နည်းနည်းဖြင့် လူသားတို့အား အကျိုးပြုကြသည်။

သို့သော် တန်ဆေး လွန်ဘေး ဆိုသည်ကို သိဖို့လိုသည်။ သို့မှသာ လူသား တို့အတွက် အကျိုးဖြစ်ထွန်းမှာ ဖြစ်သည်။ ဤဆောင်းပါးတွင် စာရေးသူသည် လူတိုင်းသိနေသည့် အလွယ်တကူ၊ နေရာတိုင်း၊ ဈေးတိုင်းတွင် ဝယ်ယူ ရရှိနေသော ထူးခြားသည့် ဒန့်သလွန် အကြောင်းကို တင်ပြလိုသည်။ ယင်းကို လေ့လာမိသမျှ အတော်များများသည် သွေးတိုးလျှင် ထောင်းသောက်၊ ဟင်းချိုချက်၊ မျက်စဉ်းခတ်၊ မီးနေသည်များ အပူအပုပ်ကင်း၍ နို့ထွက်အား ကောင်းစေရန် ဟင်းခါးချက် သောက်ခြင်း၊ အရန်ဟင်းအဖြစ် ကြော်ချက်စားခြင်း တို့ကို လူသိများကြသည်။ သို့ပေမယ့် စာရေးသူအတွက်ကမူ ဒန့်သလွန်ရွက်သီးသန့်ကိုပင် ကြော်ချက်စားခြင်းဖြင့် ဆီးချို၊ သွေးတိုး ရောဂါကို ယခုအချိန်ထိ ၁၅ နှစ်ကျော်တိုင် ပျောက်ကင်း ခဲ့သည်မှာ ကိုယ်တွေ့ဖြစ်ရပ်မှန် ဖြစ်သည်။ တစ်နေ့တွင် စာရေးသူ ဖျားချင်သလို၊ နာချင်သလို၊ ကိုယ်လက်များ မလှုပ်နိုင် လောက်အောင် နာကျင်၍ အိပ်ရာထဲ ဗုန်းဗုန်းလဲ ခဲ့ရသည်။

အစားအသောက်ပျက်၍ ညဘက်တွင် အိပ်မပျော်၊ မျက်လုံးများ ကြောင်နေသည်။ စာရေးသူ တာဝန်နှင့် ပြောင်းရွှေ့ခဲ့ ရသည့်အရပ်က အနည်းငယ် ခေါင်သည်။ ဆေးရုံဆေးခန်း ရှားပါးသည်။ ထိုစဉ်က ဆေးခန်းမှူးကို အိမ်ပင့်၍ ဆေးထိုး ရသည်။ တိုက်နယ် ဆေးရုံလေးတွင် ဆေးမရှိ၊ ဆရာဝန်မသိ၊ အထူးကုဟူသည် ဝေလာဝေး ဖြစ်ပါသည်။ ထို့ကြောင့် အဆင်မပြေ ရောဂါ မသက်သာသောကြောင့် မော်လမြိုင် မြို့ပေါ်သို့ တက်ရောက် ပြသခဲ့ရာ ဆီးချိုအမှတ် (၄၂ဝ)နှင့် သွေးတိုး ၁၈ဝ/၉ဝ ဖြစ်နေသည်ကို သိရသည်။

ဆက်လက်ကုသရာ ငါးပတ်သာ ကျော်လွန်သွားသည်။ ဆီးချို ၃ဝဝ အထက်တွင်ရှိနေသဖြင့် မြန်မာတိုင်းရင်းဆေးကိုပါ မှီဝဲခဲ့သည်။ နောက် တိုင်းရင်း သမားတော်က ဆောင်ရန်၊ ရှောင်ရန်ကို ပြောကြား၍ တိုင်းရင်းဆေးနှင့် အဓိက ဒန့်သလွန်ရွက်သာ အားပြုစားပေးရန် မှာကြားခဲ့သည်။ စာရေးသူမှာလည်း အင်္ဂလိပ်ဆေးကို ဖြုတ်၍ တိုင်းရင်းဆေး အမှတ်(၂၇)နှင့် အမှတ်(၂၁)ဆေးတို့ကို ဆရာပေးသည့်အတိုင်း သောက်သုံး၍ ဒန့်သလွန်ရွက်ကို အချိုမှုန့်မပါ၊ ပုစွန်ခြောက်မှုန့် အနည်းငယ် ထောင်းထည့်၍ ထမင်းကိုလျှော့ အရွက်ကိုသာ အားပြုစားခဲ့သည်။ သုံးလ ကြာသည့်အခါ သိသိသာသာဆီးချို ၁ဝဝ အောက်ပြန်ရောက်၍ သွေးတိုး ၁၁ဝ/၇ဝ သို့ ပုံမှန်အတိုင်း ပြန်ရောက်ခဲ့သည်။

ယခုဆိုလျှင် စာရေးသူ သွေးတိုး၊ ဆီးချိုရောဂါ လွတ်ခဲ့သည်မှာ ၁၅ နှစ်နီးပါး ရှိခဲ့ပြီး ဖြစ်သည်။ ယခုလက်ရှိအချိန် ထိတော့ ဒန့်သလွန်ရွက်ကို လက်မလွှတ်ပဲ ကြော်၊ ချက်၊ပြုတ်၊ သုပ်စား လျက်ရှိသည်။ နောင်ကိုလည်း မှီဝဲနေမှာ ဖြစ်သည်။ ဒန့်သလွန်သည် ထူးခြားသည့် ဓာတ်စာ ဖြစ်နေခြင်းကြောင့် စာရေးသူသည် အရှင်နာဂသိန် လက်စွဲအဘိဓာန်တွင် ရှာကြည့်ရာ ဒန့်သလွန်၏အမြစ်၊ အခေါက်၊အပွင့်၊ အသီး၊ အစေ့တို့ကို အသုံးပြုကြသည်။ ၄င်း၏ အရသာသည် ခါးစပ်၏။ အစာကြေပြီး အဖျားကိုနိုင်နင်းသည်။ လေသလိပ်ကြောင့် ဖြစ်သော သွေးတိုး၊ သွက်ချာပါဒ ရောဂါတို့အတွက် အထူးကောင်းမွန်သည်ဟု ဆိုထားသည်။

အသီးသည် စိမ့်ဖန်အရသာရှိ၏။ နုစဉ်တွင် ချို၍ လွန်စွာ ဝမ်းမီးကို တောက်စေသည်။ ပန်းနာ၊ ရင်ဘတ်နာ၊ သွေးအား၊ အသားအား ကုန်ခန်းခြင်းကို ပျောက်စေ၏။ အစေ့သည် ပူစိမ့်သော အရသာရှိ၏။ မျက်စေ့ရောဂါနှင့် သင့်၏။ အပွင့်သည် ပူစပ် အရသာရှိ၏။ ပူ၏။ တက်၏။ လေနှင့်သလိပ်ကိုနိုင်၏။ အသီးကို မီးအုံး၍ အတွင်းမှ အနှစ်ကို ခြစ်ယူပြီး စားသုံးလျှင် အနာနှင့် ဗေလုံးကို နိုင်နင်းသည်။ ဒန့်သလွန်အမြစ်သည် ပူစပ်ခါးအရသာ ရှိ၍ ဝမ်းမီးကို တောက်စေသည်။ အသံကိုလည်း ကောင်းစေတတ်သည်။ ရောင်ရမ်းသောအနာ၊ ပွေးနာ၊ စက်တန့်နာများကို ပျောက်ကင်း၏။ သလိပ်နှင့်သည်းခြေကို နိုင်၏။ နားကိုက်၊ ပြည်ယို၊ ငှက်ဖျားရောဂါ၊ ဆီးလွန်ရောဂါ၊ ပန်းနာ၊ ပွေး၊ ဝဲ၊ နှင်းခူ၊ အစာမကြေရောဂါကို ပျောက်ကင်းသည်။

နားရင်းစက်တန့်ဖြစ်လျှင် ဒန့်သလွန်အမြစ်ကို သွေး၍လိမ်းပါက နားရင်း၊ ပေါင်ရင်းများတွင် ပေါက်သော စက်တန့်ရောဂါ ပျောက်ကင်းသည်။ ဒန့်သလွန်သီးကိုငါးရံ့၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူနှင့် ချက်စားလျှင် အစာမကြေ လေတက်ရောဂါကို ပျောက်ကင်းသည်။ အသက်ကြီး၍ မျက်စိအားနည်းသော ရောဂါအတွက် ဒန့်သလွန်စေ့ကို အမှုန့်ပြု၍ ထန်းလျက်နှင့် တေစားပါက မျက်လုံးအား ပြန်ကောင်းသည်ဟု လေ့လာ မှတ်သားခဲ့ရသည်။ ထို့ကြောင့် စာဖတ်သူ မိတ်ဆွေအပေါင်းတို့ အကျိုးများ၍ ငွေကုန်ကြေး ကျနည်းပြီး ကျန်းမာခြင်း သုခနှင့် ပြည့်စုံနိုင်ကြစေရန် မေတ္တာလောင်း၍ ရေးသား တင်ပြလိုက်ပါသည်။ ။

MWD

No comments:

Post a Comment