Latest News

Saturday, May 26, 2018

ကျောင်းသားခေါင်းဆောင်ဦးကိုကိုကြီးရေးတဲ့ ဦးနုအကြောင်း

 ကျွန်တော်တို့ ဘဘနုကို လူချင်း မမြင်ဘူးခင်မှာတုန်းက ကြားရတဲ့ ဟာတွေက ဘဝရှင် မင်းတရားကြီးတို့၊ တိုင်းပြည်ကို လက်ညိုးထိုးရောင်းစားသော ဦးနုတို့၊ ပြည်ပြေး ဦးနုတို့ စသည်ဖြင့်ပေါ့ အများကြီးပဲ။ တစ်ခါ ပြည်တော်သာ စီမံကိန်းဆိုရင်လည်း လူတစ်ကိုယ် တိုက်တစ်လုံး ကားတစ်စီး ငွေငါးရာနဲ့ ပြည်သူတွေကို မစားရ ဝခမန်းတွေ ပြောပြီး မဲဆွယ်တယ်တို့ ဆိုတာမျိုးတွေပဲ။ များသောအားဖြင့် မကောင်းတဲ့ ဟာတွေပဲ ကျွန်တော်တို့ ကြားခဲ့ရတယ်။ ကျွန်တော်တို့ လူချင်းစတွေ့တဲ့ အခါကျတော့ တစ်ချိန်တုန်းက နိုင်ငံတော်မှာ ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဆိုတာ ဟုတ်မှ ဟုတ်ရဲ့လားလို့ သံသယဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ကြည့်လိုက်ရင် စွတ်ကျယ်အင်္ကျီကို အပေါ်ကနေ တိုက်ပုံ ထပ် ဝတ်ထားတယ်။ ပြီးတော့ အောက်က ပုဆိုးကွက်တုံးနဲ့။ တကယ့်ကို ဘကြီးတစ်ယောက် အဖိုးတစ်ယောက်ကို တွေ့လိုက်ရသလိုပဲ။ စကားပြောရင်လည်း ဘယ်လောက်ပဲ ငယ်တဲ့သူတွေနဲ့ ပြောပြော သူ့ကိုယ်သူ ကျွန်တော်၊ တစ်ဘက်လူကို ခင်ဗျား လို့ သုံးပြီးပြောတယ်။ နောက် လက်မှတ်ထိုးရင် မောင်နု လို့ ထိုးတယ်။ ဆိုတော့ ဒါက ဘဘနုနဲ့ ပတ်သက်လို့ သိသိသာသာ သတိထားမိတဲ့ အချက်တွေပေါ့။

ကျွန်တော်တို့ နိုင်ငံရေး လုပ်တဲ့ အခါကျတော့ ဘဘနုအိမ်ကို သွားပြီး ဆွေးနွေးခဲ့ကြတာလေး တစ်ခုကို ကျွန်တော် မှတ်မိတယ်။ အဲဒါ ၁၉၈၈၊ ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပြီး အာဏာမသိမ်းခင် စက်တင်ဘာ လဆန်းလောက်မှာ ဖြစ်မယ် ထင်တယ်။ ကျွန်တော်တို့ ပြောတာက “ဒီမှာ တစ်နိုင်ငံလုံး အနှံ့ ဆန္ဒပြတာတွေကလည်း လူတွေအရမ်းကို ပင်ပမ်းနေကြပြီ၊ ပစ်တာခတ်တာတွေကြောင့် သေတာတွေလည်း သေ၊ သွေးထွက်သံယိုတွေလည်း များနေတော့ ဘဘနုတို့ နိုင်ငံရေးသမားကြီးတွေ အနေနဲ့၊ နိုင်ငံရေးခေါင်းဆောင် ဟောင်းတွေ အနေနဲ့ တစ်ခုခုတော့ ဝင်ပြီး ရပ်သင့်ပြီ” ဆိုပြီး ကျွန်တော်တို့ သွားပြီး အကြံပေးကြတယ်။ ဆုံးအောင် နားထောင်ပြီးတော့မှ သူ ခေါင်းလေး တညိတ်ညိတ်နဲ့ “အေးဗျာ ကျွန်တော်လည်း တစ်ခုခုတော့ လုပ်ဖို့ စဉ်းစားထားတယ်။ ဒီလ မကုန်ခင်တော့ လုပ်ဖြစ်မယ် ထင်တယ်။ ကျွန်တော့် အလုပ်အမှူဆောင်တွေကိုတောင်မှ ကျွန်တော် မပြောရသေးဘူး။

အဲတော့ လုပ်ဖြစ်မယ်ဆိုရင်တော့ ခင်ဗျားတို့ကို အရင်ဆုံး အသိပေးပါ့မယ်” လို့ ပြောတယ်။ အဲလို ပြောတဲ့ အပေါ်မှာ ကျွန်တော်တို့က ကိုယ့်ဘာသာ အတိတ်ကောက်လိုက်ကြတယ်။ အဓိပ္ပါယ် ဖွင့်လိုက်ကြတယ်။ အဲဒီ့ အချိန်မှာ ကျွန်တော်တို့က ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးပဲ တောင်းနေတဲ့ အချိန်။ တကယ်လို့ ဦးနုက အဲဒီ့အချိန်မှာ သူ တစ်ခုခု လုပ်မယ်ဆိုရင်တော့ တို့က သူ့ကို ထောက်ခံသင့်တယ်။ ဒါမှ နိုင်ငံရေးက ပုံစံပြောင်းသွားမယ်။ အခုကတော့ ဟို မြို့ပတ်ပြီး ဆန္ဒပြတဲ့သူတွေလည်း တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ် ပတ်ပြီး ဆန္ဒပြနေကြတာပဲ။ ဘာမှ ထပ်ပြီး လုပ်စရာ မရှိတော့ဘူး။ တစ်နိုင်ငံလုံးလည်း ဆန္ဒပြပြီးပြီ။ သပိတ်စခန်းတွေလည်း ဖွင့်ထားကြပြီ။ ဆိုတော့ ဦးနုထွက်လာရင် ထောက်ခံဖို့ဆိုပြီး ကျွန်တော်တို့ တစ်နိုင်ငံလုံးကို အုပ်စုတွေ ခွဲထွက်ပြီး လျှို့ဝှက် စည်းရုံးရေး လုပ်ကြတာပေါ့။ ဆိုတော့ ဒီအကြောင်းကတော့ ပြောရင် အသေးစိတ် ကျွန်တော်တို့ ပြောရမယ့် ကိစ္စတွေ ရှိတယ်။ ကျွန်တော်တို့ စက်တင်ဘာ ကိုးရက်နေ့ တောင်ငူ ရွှေဆံတော်ဘုရား သပိတ်စခန်းကို ရောက်တဲ့ အချိန်မှာ ဦးနု စင်ပြိုင်အစိုးရ ကြေငြာတယ်ဆိုတာကို သတင်းရတယ်။

ညနေကျတော့ အဲဒီ့ စင်ပြိုင် အစိုးရထဲကနေပြီးတော့ ဦးအောင်ရွှေ နုတ်ထွက်တယ်၊ ဦးတင်ဦး နုတ်ထွက်တယ် အစရှိသဖြင့်ပေါ့ ကျွန်တော်တို့ ကြားရတယ်။ အဲဒီ့သတင်းတွေ ကြားတော့ ကျွန်တော်တို့ ခရီးစဉ်ကိုဖျက်ပြီး ရန်ကုန်ကို ပြန်လာကြတယ်။ အဲဒီ့မှာ ဘဘနုဆီကနေ ထူးထူးဆန်းဆန်း ကြားရတဲ့ ဟာလေးက ချေနှစ်ချေ ဝါဒ ဆိုတာကို ကြားခဲ့ရတယ်။ အဲဒါက ဘာလဲဆိုတော့ လက်စားမချေဘူး၊ သင်ပုန်းချေမယ်။ တစ်ဖက်ကကျတော့ စင်ပြိုင် အစိုးရ ကြေငြာတယ်ဆိုတာကို နောက်ပိုင်း ဘဘနုနဲ့ သွားတွေ့ပြီး ဆွေးနွေးတဲ့ အခါမှာ “ဘဘနု ဒီ စင်ပြိုင် အစိုးရ ကြေငြာမယ့် ဟာကို ကျန်တဲ့လူတွေနဲ့ ဘာဖြစ်လို့ မတိုင်ပင်သလဲ” လို့ မေးတော့။ ဘဘနု ပြောတာ ကျွန်တော် မှတ်မိနေသေးတယ် “ဒါ နိုင်ငံတော် သစ္စာဖောက်ဖျက်မှု ဗျ ” တဲ့။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီ့အချိန်က ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားတဲ့ အစိုးရတစ်ရပ် ရှိနေတဲ့ အချိန်မှာ စင်ပြိုင် အစိုးရ ဖွဲ့တဲ့ဟာက နိုင်ငံတော် သစ္စာဖောက်ဖျက်မှုပဲ။ ဘဘနု ပြောလိုက်တဲ့ အခါကျမှ ဒီ စင်ပြိုင်အစိုးရ ဖွဲ့စည်းကြောင်း ကြေငြာလိုက်တဲ့ ဟာက နိုင်ငံရေးဆောင်ရွက်မှုတွေထဲမှာ အပြင်းထန်ဆုံးနဲ့ အမြင့်ဆုံး ထိုးနှက်ချက် ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သိလိုက်ရတယ်။ သာမာန်အားဖြင့် ကြည့်ရင် ဘဘနုဟာ ပုတီးသမား၊ ဘာသာရေးသမားလို့ ထင်ရပေမယ့် တစ်ဖက်က သူ့ သမိုင်းကြောင်းအရ၊ နိုင်ငံရေးအရ ဆောင်ရွက်ဖို့ ရှိတဲ့ ကိစ္စတွေကို ဆောင်ရွက်တဲ့ ဆုံးဖြတ်တဲ့ နေရာမှာတော့ အခုပြောနေတဲ့ တင်းမာတယ်ဆိုတဲ့ လူတွေထက် အပြင်းထန်ဆုံး အမာဆုံး နိုင်ငံရေးဆောင်ရွက်ချက်ကို စင်ပြိုင်အစိုးရဖွဲ့စည်းပြီးတော့ သူလုပ်ခဲ့တယ်။ မအောင်မြင်တော့လည်း ပြုံးပြုံး ပြုံးပြုံးနဲ့ အေးအေးလေးနဲ့ “အေးပေါ့ဗျာ လူသုံးဆယ့်ခုနှစ်သန်းရဲ့ ကံကြမ္မာကို မောင်နု တစ်ယောက်တည်း ဘယ်တတ်နိုင်ပါ့မလဲ” ဆိုတဲ့ ဟာလည်း ကျွန်တော်တို့ ပြန်ပြီးတော့ ကြားယောင်နေမိတယ်။ တစ်ဖက်ကကျတော့ နိုင်ငံရေးအရ အပြင်းထန်ဆုံး ထိုးနှက်ချက်ကို လုပ်လိုက်ပေမယ့် တစ်ဖက်မှာက ကျွန်တော်တို့ ပြောနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာ အဲဒီတုန်းက တွင်ကျယ်တဲ့ ခေတ်စားတဲ့ စကားလုံးမဟုတ်သေးဘူး။

ဒါပေမယ့် အဲဒီ့အချိန်ကတည်းက ဘဘနုက ချေနှစ်ချေ ဝါဒ ဆိုတာကို ပြောခဲ့တယ်။ လက်စားမချေ၊ သင်ပုန်းချေဖို့ဆိုတဲ့ အနာဂါတ်ကို ဦးတည်တဲ့ ဆောင်ရွက်မှုတွေနဲ့ သွားဖို့ပဲ။ အဲတော့ ဘဘနုဆီကနေ ကျွန်တော်တို့ နိုင်ငံရေးပညာတွေ အများကြီး ရလိုက်သလို စိတ်နေစိတ်ထားကိုလည်း ကျွန်တော်တို့ ရလိုက်တယ်။ အဲဒါဘာလဲဆိုတော့ သူ့ရဲ့ စင်ပြိုင်အစိုးရကို ဖျက်သိမ်းပေးရမယ် ဆိုပြီးတော့ ခြိမ်းခြောက်တဲ့ အချိန်မှာ သူ့ရပ်တည်ချက်ကို သူ မစွန့်လွှတ်ဘူး။ သူ့စင်ပြိုင် အစိုးရကို သူ ဖျက်မပေးနိုင်ဘူး။ ဦးနေဝင်းက ၁၉၆၂ အာဏာသိမ်းခဲ့တာ မှားပါတယ်လို့ ဝန်ခံရင် စင်ပြိုင်အစိုးရကို ဖျက်ပေးမယ်။ အဲသလိုမှ မဟုတ်ဘူး ဆိုရင်တော့ ဖျက်မပေးနိုင်ဘူး။ သတ်​လိုက သတ်၊ ​ဖြက်လိုက ဖြက်၊ ဦး မဖြုံ၊ လုံးဝ မဖြုံ၊ နည်းနည်းလေးမှ မဖြုံပါ ဆိုတဲ့ ဘဘနုရဲ့ ပြတ်သားတဲ့ ကြေငြာချက်ကိုလည်း ခုနေမှာ ပြန်ပြီး မြင်ယောင်နေမိတယ်။ အဲဒါကြောင့်ပဲ သူ နေအိမ်အကျယ်ချုပ်နဲ့ အဖမ်းခံရတယ်။ တစ်ချက်ကလေးမှ နောက်တွန့် မသွားဘဲနဲ့ နောက်ဆုံးထွက်သက်အထိ သူ့ရပ်တည်ချက်အပေါ်မှာ ခိုင်ခိုင်မာမာနဲ့ သူ ရပ်တည်သွားခဲ့တယ်။ အဲဒီ့မှာ သူ့ရဲ့ စိတ်နေစိတ်ထားကို ဘာတွေ့လိုက်ရလဲ ဆိုတော့ စင်ပြိုင်အစိုးရ ကြေငြာတုန်းကလည်း ငါ ဝန်ကြီးချုပ် မဖြစ် ဖြစ်အောင် ဒီအာဏာကို မရ ရအောင် ပြန်ပြီးတော့ ယူမယ်။ ဒါ ငါ့ အခွင့်အလမ်းပဲ ဆိုတာမျိုး လောဘဇောတိုက်ပြီး ကြေငြာခဲ့တာမျိုး မဟုတ်ဘူးဆိုတာ ကျွန်တော် အခိုင်အမာ ပြောရဲတယ်။ အဲဒီ့အချိန်မှာ သူပြောသွားတဲ့ စကားရှိတယ်။ ဘဘနုက ပွဲလန့်တုန်း ဖျာခင်းတယ် ဆိုပြီးတော့ ဝိုင်းပြီး တိုက်ခိုက်ကြတာတွေ ရှိတော့ ဘာမှလည်း စိတ်မဆိုးဘူး။ တည်တည်ငြိမ်ငြိမ်လေးပဲ ပြန်ပြောခဲ့တယ်။

“ဟုတ်ပါတယ် ကျွန်တော် ဖျာခင်းတာပါ” တဲ့။ ဒါပေမယ့် “ကျွန်တော်ထိုင်ဖို့ မဟုတ်ပါဘူး။ မောင်တို့ မယ်တို့ ထိုင်ဖို့ ခင်းပေးတာပါ” တဲ့။ ဆိုတော့ သူ စင်ပြိုင်အစိုးရ ကြေငြာစဉ်တုန်းကလည်း ဘယ်ရာထူးကြီး ဘယ်အာဏာကြီး ဖြစ်ချင်တဲ့ လောဘမပါသလို မအောင်မြင်တဲ့ အခါကျတော့လည်း တည်တည်ငြိမ်ငြိမ်ပဲ။ ဒီလောက် ငါ မျှော်လင့်ထားတာ၊ အားခဲထားတာ မဖြစ်ရကောင်းလား ဆိုတဲ့ မကျေနပ်စိတ်၊ ဒေါသစိတ် မဖြစ်ဘူး။ သူလုပ်စရာရှိတဲ့ နိုင်ငံရေးတာဝန်တစ်ခုကို သူ လုပ်တယ်။ အဲဒီ့အပေါ်လည်း လောဘစိတ် ဒေါသစိတ် မထားဘဲနဲ့ ကျန်တဲ့ အချိန်တွေမှာ သူ့ရဲ့ ဘာသာရေးယုံကြည်မှုအလေ့အကျင့်ကို လေ့ကျင့်ပြီးတော့ နောင်ဘဝအတွက်၊ သံသရာအတွက် လုပ်သွားတယ်။ ဘာမှ လောဘ ဒေါသ မပါဘဲနဲ့ လုပ်သင့်လုပ်ထိုက်တယ်လို့ ယုံကြည်တဲ့ဟာကို နောက်ဆုံးအချိန်အထိ ခိုင်ခိုင်မာမာ ဆောင်ရွက်သွားတဲ့ လုပ်သွားတဲ့ စိတ်မျိုးကို ဘဘနုဆီမှာ သွားတွေ့ရတယ်။ ကျွန်တော်တို့ ရှစ်လေးလုံး အရေးတော်ပုံကာလမှာ အပြင်းထန်ဆုံး နိုင်ငံရေး ဆောင်ရွက်ချက် ထိုးနှက်ချက်တစ်ခုကို လုပ်ဆောင်သွားတဲ့ ဘဘနုကို သူ မရှိတော့မှ ပိုပိုပြီးတော့ သတိရဖြစ်တယ်၊ တန်ဖိုးထားဖြစ်ပါတယ်။ နိုင်ငံရေးအရ အတုယူစရာတွေလည်း အများကြီးရခဲ့ပါတယ်။ ဘဘနုဆုံးတဲ့နေ့က ၁၉၉၅ခု၊ ဖေဖဝါရီ ၁၄ ရက်နေ့ ပါ။ ဒီကနေ့ လူငယ်တွေ ပြောပြောနေတဲ့ ချစ်သူများနေ့ပေါ့။ ဒါပေမယ့် အဲဒီ့နေ့ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးသမားကြီးတစ်ယောက်၊ ဝန်ကြီးချုပ်တစ်ယောက် ဖြစ်တဲ့ ဘဘနုဆုံးတဲ့နေ့ ဆိုတာကိုလည်း အမှတ်ရကြစေချင်ပါတယ်။ အဲဒီတုန်းက တိုင်မ်းမဂ္ဂဇင်းရဲ့ အတွင်းစာမျက်နှာမှာ ဖော်ပြထားတဲ့ “U Nu, 87, Burma’s first and only democratically elected Prime Minister” ဆိုတဲ့ စာကြောင်းကို ကျွန်တော် သတိရနေမိပါတယ်။
ဦးနုပြခန်း ဖွင့်​ပွဲ
( ၂၅ . ၅ . ၂၀၁၈ )

No comments:

Post a Comment