Latest News

Thursday, May 24, 2018

ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေး

ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေး

၂ဝ၁၈ ခုနှစ် ဇွန် ၁ ရက်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ  စတင်ဖွင့်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  မိမိတို့ ပညာသင်ယူမည့် ကျောင်းများ၌ သတ်မှတ်ရက်အတွင်း ကျောင်းအပ်နှံကြရတော့မည် ဖြစ်သည်။ နွေရာသီကျောင်းပိတ်ရက်တွင် ဆော့ကစားပျော်ပါးခဲ့သော အချိန်များကို ခင်တွယ်မနေဘဲ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် အာရုံစိုက်ရတော့မည်ဖြစ်သည်။  အုပ်ထိန်းသူ မိဘများအနေဖြင့်လည်း  မိမိတို့၏ သားသမီး များကို ကျောင်းအပ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည်။ ကျောင်းစာနှင့်  အဆက်ပြတ်သွားသော သားသမီးများအား  အပျော်အပါး ဆော့ကစားခြင်းတို့မှ ရပ်တန့်စေကာကျောင်းသားဟူသော အသိကို ပြန်သွင်းပေးရမည်။

မူလတန်း၊ အလယ်တန်း အရွယ်သည် ဆော့ကစား၍ ကောင်းသော အရွယ်ဖြစ်သည်။ နွေရာသီတွင်  လွတ်လပ်စွာ နေထိုင်ခဲ့ရခြင်းကို   မမေ့ပျောက်နိုင်သေးဘဲ ကျောင်းပြန်ဖွင့်ချိန်တွင်   စိတ်လေလွင့်နေတတ်သည်။ အုပ်ထိန်းသူများ အနေဖြင့် မိမိတို့၏ သားသမီးများကို    ကျောင်းသား ဟူသော အသိပြန်ဝင်လာအောင် ကျောင်းအပ်ချိန်တွင် တစ်ပါတည်း ခေါ်ဆောင်လာရမည်။ ကျောင်းအပ်ချိန်တွင် လအတန်ကြာ ခွဲခွာခဲ့ရသော  အတန်းဖော် သူငယ်ချင်းများနှင့် ပြန်လည်ဆုံစည်းရမည်ဖြစ်သည်။ သူငယ်ချင်းများ ပြန်ဆုံချိန်တွင် ယခင်နှစ်ကျောင်းတက် ချိန်ကအဖြစ်အပျက်များကို သတိရပြန်ပြောင်း ပြောကြလေ့ရှိသည်။ ကျောင်းတက်ချင်သော စိတ်ကို စတင်နှိုးဆွပေးခြင်းဖြစ်သည်။ အတန်းဖော်သူငယ်ချင်းများ ပြန်ဆုံချိန်တွင် စာသင်ခန်းတစ်ခန်းတည်း အတူနေလိုစိတ်များ ဖြစ်ပေါ်လာသည်။

ကိုးစားမှု ရလဒ်အရ စာသင်ခန်းများ ကွဲကောင်းကွဲသွားနိုင်သော်လည်း တစ်ကျောင်းတည်း တစ်ပရိဝုဏ်တည်းတွင် အတူတူ ပညာသင်ကြားခွင့်ရသဖြင့်  အတိုင်းမသိ ပျော်ရွှင်ကြသည်။  အုပ်ထိန်းသူများက ကျောင်းအပ်ချိန်တွင် သားသမီးများကို  တစ်ပါတည်းခေါ်သွားကာ ပို့ဆောင်ပေးခြင်းဖြင့်   တက်ရမည့် အတန်းအတွက် ရင်ခုန်စိတ်လှုပ်ရှားကာ ကျောင်းတက်ချင် စိတ်ဖြစ်ပေါ်လာပါလိမ့်မည်။ သင်ကြားရမည့် ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျောင်းအပ်လက်ခံချိန်မှ စတင်ကာ သူ့ထက်ငါ အပြိုင်အားယူ ပြင်ဆင်နေကြရမည် ဖြစ်သည်။ တချို့ကျောင်းသား၊ ကျောင်းသူလေးများမှာ အားလပ်ရက်များတွင်  လွတ်လပ်ပေါ့ပါးစွာ နေထိုင်ခဲ့ရခြင်းကို  ခုံမင်ပြီး  ကျောင်းတက်ရန် ပျင်းရိနေတတ်ကြသည်။  

ဖျားနာချင် ဟန်ဆောင်တတ်ကြသည်။ ကျောင်းအပ်ရက်တွင် ဆွေမျိုးများဆီသို့ အလည်အပတ်သွားရန် ပူဆာတတ်ကြသည်။ မိဘအုပ်ထိန်းသူများက  ကျောင်းအပ်ရက်ကို  သတိမူရန် အရေးကြီးသည်။  ကျောင်းအပ်လက်ခံရက်သည်  မေ ၂၅ ရက်မှ  ဇွန် ၁ ရက်အထိ ဖြစ်၏။  ဇွန်  ၁ ရက်တွင် ကျောင်းစတက်ရမည်ဖြစ်သည်။ ကျောင်းမတက်ချင်၍ ငိုယိုကာ ငြင်းဆန်ကြသော ကျောင်းသား၊ ကျောင်းသူလေးများကိုလည်း တွေ့ရတတ်သည်။ ကလေးဟူသည် အပူအပင်ကင်းသော အရသာကို  ခုံမင်တတ်ကြ၏။ထိုကလေးများ  ကျောင်းတက်ချင်စိတ် ဖြစ်လာအောင် အုပ်ထိန်းသူများအနေဖြင့် သူတို့နှစ်သက်သော အရာများဖြင့် ဆွဲဆောင်စည်းရုံးရမည်။ ကျောင်းအပ်သွားမည့်နေ့မှာ  ဖိနပ်အသစ်လေး ဝယ်ပေးမည်။  ထီးအသစ်လေး ဝယ်ပေးမည်။စက်ဘီးအသစ်လေး ဝယ်ပေးမည် စသည်ဖြင့် မက်လုံးပေးရပါမည်။

အသစ်အဆန်းကို ကလေးတိုင်း သဘောကျသည်။  သူနှစ်သက်သောပစ္စည်း အသစ်တစ်ခုခုကို ရသည်နှင့်   ကျောင်းတက်ဖို့ လိုက်ပါမည်သာဖြစ်ပါ၏။ ကျောင်းအပ်ချိန်တွင်   စိတ်မပါတပါ ဖြစ်နေသော   ကျောင်းသား၊  ကျောင်းသူများလည်း ရှိတတ်သည်။ သူတို့နှစ်သက်သော အရာများမှာ    ကျောင်းစိမ်းဝတ်စုံနှင့် ကျောင်းလွယ်အိတ်များ ဖြစ်သည်။ သူ့အတွက် ကျောင်းစိမ်းဝတ်စုံ ဝယ်ရန် အထည်ဆိုင်သို့ ခေါ်သွားပါ။ ကျောင်းစိမ်းဝတ်စုံကို သူ့စိတ်တိုင်းကျ ရွေးခိုင်းပါ။  ကျောင်းစိမ်းဝတ်စုံ အသစ်လေး မြင်ရသည်နှင့် စိတ်ပြောင်းသွားတတ်ကြသည်။  

မည်သည့်ကျောင်းသား၊ ကျောင်းသူမဆို ကျောင်းစိမ်းဝတ်စုံ သပ်သပ်ရပ်ရပ် ဝတ်ဆင်ပြီး    ကျောင်းလွယ်အိတ် သို့မဟုတ် ကျောပိုးအိတ်လွယ်ကာ ကျောင်း သို့သွားရန် ဟန်ရေးတပြင်ပြင် လုပ်တတ်ကြသည်။ စိတ်မပါတပါဖြစ်နေသော စိတ်များကို ကျောင်းစိမ်းဝတ်စုံဖြင့်  စိတ်ဓာတ်တက်ကြွမှုကို  လှုံ့ဆော်ပေးရမည်ဖြစ်သည်။ ကျောင်းအပ် သွားရာ၌ပင် ကျောင်းစိမ်းဝတ်စုံဖြင့် လာကြသူ  ကျောင်းသား၊ ကျောင်းသူများကို တွေ့မြင်နိုင်သည်။ ကျောင်းအပ်ချိန်တွင် တချို့ကျောင်းသား၊ ကျောင်းသူများမှာ မိဘများ၏ စီးပွားရေး အဆင်မပြေမှုကြောင့် ကျောင်းအပ်ရန် စိတ်မပါကြပေ။ အခြေခံပညာ အဆင့်သည် အခမဲ့ပညာရေးစနစ်ဖြစ်၍ မည်သည့်အဖိုးအခမျှ မကုန်ပေ။ကျောင်းသားအတွက်  ကျောင်းဝတ်စုံ၊  လွယ်အိတ်၊ ဖိနပ်၊ ထီး  စသည်တို့ကို ဝယ်ရန်   ခက်ခဲသော်လည်း ကျောင်းအပ်ရန် မခက်ခဲပါ။ အခမဲ့ပညာရေး စနစ်ဖြစ်၍ ကျောင်းအပ်ရန် အဆင်ပြေသည်။

မိဘများအနေဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်နေစေကာမူကျောင်းနေအရွယ် သားသမီးများကို မဖြစ်မနေ ကျောင်း ပို့ပေးရန် ကြိုးစားရမည်။ကျောင်းနေခွင့်ရမှသာ မိမိတို့၏ သားသမီးများဘဝသည် တိုးတက်မြင့်မားမည် ဖြစ်၏။ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်သော ဘဝလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခွင့် ရမည်ဖြစ်သည်။ ကျောင်းအပ်ချိန်တွင် သားသမီး၏ လက်ကိုဆွဲကာ ကျောင်းသို့ မရောက်ရောက်အောင်လာပြီး ကျောင်းအပ်ရမည်မှာ မိဘအုပ်ထိန်းသူတိုင်း၏ ဝတ္တရားဖြစ်သည်။ ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်ချိန် ရောက်၍ကျောင်းမအပ်ခဲ့လျှင် မိဘများ၏တာဝန် မကျေပွန်မှုဟု ဆိုရပါမည်။ ပညာဖြင့် အသက်မွေးသော အမွေကိုပေးနိုင်ရေး တစ်ခုတည်းသော နည်းလမ်းမှာ ကျောင်းအပ်ချိန်တွင် အချိန်မီ ကျောင်းလာအပ်ခြင်းသာဖြစ်သည်။

ဘဝပေးအခြေအနေအရ  တချို့ကျောင်းနေအရွယ် ကလေးများ လမ်းဘေးတွင် ရေခဲရေ၊ ကွမ်းယာရောင်းနေရ၏။ တချို့က အမှိုက်ပုံးများထဲမှာ ရေသန့်ဘူးနှင့် တခြားပစ္စည်း အဟောင်းများကို ရှာနေရ၏။ တချို့မူ ပလတ်စတစ်ကောက်နေရ၏။ တခြားသော အလုပ်များစွာကို    လုပ်နေရသော ကလေးများလည်းရှိ၏။     သူတို့၏ဘဝ အနာဂတ်သည် မျှော်လင့်ချက်မရှိတော့ပေ။ ဘဝကို ပင်ပန်းကြမ်းတမ်းစွာ  ခက်ခက်ခဲခဲ ဖြတ်သန်းရတော့မည်။   ထိုကလေးငယ်များ ကျောင်းနေခွင့်ရရေးကို  လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းက သည်အတိုင်း ကြည့်မနေဘဲ ကူညီစောင့်ရှောက်ပေးရန် လိုအပ်သည်။

ဆင်းရဲသော ကလေးငယ်များ  ကျောင်းနေနိုင်ရန်     ပညာရေး ဖောင်ဒေးရှင်းများကိုသော် လည်းကောင်း၊  ပရဟိတအဖွဲ့များကို သော်လည်းကောင်း၊ လူမှုရေး အသင်းအဖွဲ့များကိုသော် လည်းကောင်း အကူအညီ တောင်းခံခြင်းဖြင့် ကူညီရမည်။ ငွေကြေးဥစ္စာ ပြည့်စုံသော တချို့အလှူရှင်များက ပညာရေး ဆုံးခန်းတိုင်သည်အထိ ငွေကြေး အကုန်အကျခံကာ ပညာသင်ကြားနိုင်ရန် ကူညီတတ်ကြသည်။ ကျောင်းအပ်ကာလတွင် ကျောင်းနေအရွယ် ကလေးအားလုံးကျောင်း အပ်ခြင်းဖြင့် ပိုမိုလှပသော အနာဂတ်နေ့သစ်များဆီသို့ လျှောက်လှမ်းခွင့် ရစေချင်သည်။

ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားနိုင်ရန်   လူမှုပတ်ဝန်းကျင်တွင် နေထိုင်သူ အားလုံး တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ကြရန် လိုအပ်သည်။ သားသမီးအား    ကျောင်းအပ်ရ ကောင်းမှန်း မသိသော မိဘအုပ်ထိန်းသူများကို ဝိုင်းဝန်းဖျောင်းဖျကာ  ပညာပေး ဆွေးနွေးရမည်။ ဆရာ၊ ဆရာမများ၊ ပညာတတ်သော ပုဂ္ဂိုလ်များ၊ ရပ်ကျိုးရွာကျိုး သယ်ပိုးနေသူများ အနေဖြင့် ပညာမဲ့၍ သားသမီးအား ကျောင်းအပ်ရကောင်းမှန်း မသိသော  မိဘများကိုတွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်သင့်သည်။ ပညာ၏တန်ဖိုးကို သိအောင် ရှင်းပြခြင်းဖြင့် သားသမီးများအား  ကျောင်းထားချင်စိတ်   ပေါ်လာအောင်  စည်းရုံးရပါမည်။

ပညာတတ်သူနှင့် ပညာမဲ့သူတို့၏ ခြားနားချက်ကို လူမှုပတ်ဝန်းကျင်တွင်   တွေ့မြင်နေရသူ များအား ဥပမာပေးကာ မီးမောင်းထိုးပြရမည်။ ကိုယ်ကိုယ်တိုင် ပညာမတတ် ခဲ့သော်လည်း သားသမီးများအား ပညာတတ်များ ဖြစ်အောင် ပြုစုပျိုးထောင်နိုင်သော မိဘများအဖြစ် ဂုဏ်ယူတတ်အောင်လည်း ပြောပြရမည်။ ကိုယ်တိုင်အသိတရားရပြီး သားသမီး လက်ကိုဆွဲကာ    ကျောင်းလာအပ်သော မိဘများ များပြားစေချင်သည်။ ပညာမြင့်မှ လူမျိုးတင့်မည်ဟူသော ဆောင်ပုဒ်ရှိသည်။အနာဂတ်နိုင်ငံတော်၏ သားကောင်း ရတနာ၊ သမီးကောင်းရတနာလေးများအားကျောင်းနေအရွယ်တွင် ကျောင်းနေချင်လာအောင် စည်းရုံး ရမည်မှာ လူငယ်၊ လူကြီးအားလုံး၏ တာဝန်ပင်ဖြစ်သည်။

ပညာတတ်ဖြစ်အောင် ကြိုးစားခဲ့သူများအနေဖြင့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလေးများ  ကျောင်းနေချင်လာအောင် စံနမူနာပြနေထိုင်ပြီး လမ်းညွှန်မှုပေးရမည်။ ပညာတတ်ကြီးဖြစ်လျှင် လူ့အသိုင်းအဝိုင်းတွင် ဘယ်ပုံဘယ်နည်း အရေးပါပုံကို ကိုယ်တွေ့ဖြစ်ရပ်များနှင့် ယှဉ်ကာ ပြောပြစည်းရုံးရမည်။     ကျောင်းအပ်ချင်စိတ်၊ ကျောင်းတက်လိုစိတ်  ဖြစ်ပေါ်လာအောင် ပြောနိုင်ခြင်းသည်   မိမိသင်ကြားခဲ့သော ပညာများကို လက်ဆင့်ကမ်း မျှဝေခြင်းပင်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော်   ပညာမြင့်မှလူမျိုးတင့်မည် ဟူသော ဆောင်ပုဒ်နှင့်အညီ အနာဂတ် တိုင်းပြည်ရတနာလေးများသည် ပညာတတ်သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးနိုင်ရမည် ဖြစ်သည်။  ကျောင်းနေအရွယ် ကလေးအားလုံး  ကျောင်းအပ်ခြင်း ဖြင့်  ကျောင်းတက်ခွင့်ရအောင် ပူးပေါင်းကူညီ ဆောင်ရွက်ကာ   အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်။ ကျောင်းနေအရွယ် ကလေး  တစ်ဦးတစ်ယောက်ချင်းမှသည် ထောင်သောင်း သိန်းသန်းမက ကလေးငယ်များ ကျောင်းတက်ကာ  ပညာသင်ယူခြင်းဖြင့် ပိုမိုတိုးတက် ကောင်းမွန်သော  လူ့ဘောင် အဖွဲ့အစည်းတစ်ခုကို  ဖန်တီးနိုင်မည်ဖြစ်သည်။ ကလေးတစ်ဦး တစ်ယောက်ချင်းစီ ပညာတတ်လျှင် ၎င်းနှင့် ပတ်သက်ဆက်နွှယ်နေသော မိသားစု၊ မြို့၊  ရွာများအတွက် အကျိုးပြုနိုင်သူဖြစ်လာမည်။

ပညာတတ် ကလေးများစွာ    ထွန်းပေါက်လာလျှင် တိုင်းပြည်နှင့် လူမျိုးအတွက် ပို၍အကျိုးပြုနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာသင်ကြားခွင့် ရရန် မိဘအုပ်ထိန်းသူများ၊ ဝတ္တရားရှိသူများကကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန်    နှိုးဆော်တိုက်တွန်း ရေးသားလိုက်ရပေသည်။   ။

ဝမ်းထက်မိုး(ဇိန့်-အောင်လံ)

MWD

No comments:

Post a Comment