Latest News

Thursday, May 17, 2018

ကိုယ်ဝန်ဆောင်များ အတွက် သက်စောင့်ဓာတ်

ကိုယ်ဝန်ဆောင်များ အတွက် သက်စောင့်ဓာတ်

မိခင်မျိုးဥနှင့် ဖခင်သုက်ပိုးတို့ သန္ဓေအောင်ကြပြီး နောက်မှာ ကိုယ်ဝန်ဆောင်ခြင်း အခြေအနေကို အောက်ပါအတိုင်း သတ်မှတ်ဖော်ပြလေ့ ရှိပါတယ်။

ကိုယ်ဝန်ဆောင် ပထမ ရက်သတ္တပတ်တွင် ကလလရည်ကြည် သန္ဓေတည်ပါတယ်။ (ကလလရည်ကြည်ပမာဏကို ဥပမာအားဖြင့် ဆိုရသော် အပ်ဖျားလေး၏ ထိပ်တွင်ရှိသော ရေစက်ရေပြောက် အရွယ်မျှသာ ဖြစ်ပါတယ်။) ကိုယ်ဝန်ဆောင် ဒုတိယ ရက်သတ္တပတ်သို့ ရောက်သောအခါ ထိုကလလရည်ကြည်ဟာ အမြှုပ်သဏ္ဌာန်သို့ ပြောင်းသွားပါတယ်။

ကိုယ်ဝန်ဆောင် တတိယ ရက်သတ္တပတ်တွင် ထိုအမြှုပ်လေးများက သွေးဖတ် (သွေးအစအန အဖတ်လေး)ဖြစ်သွားပါတယ်။ ကိုယ်ဝန်ဆောင် စတုတ္ထ ရက်သတ္တပတ်တွင် ထိုသွေးဖတ်လေးက အလုံးလေး ပုံသဏ္ဌာန် ဖြစ်သွားပါတယ်။ ကိုယ်ဝန်ဆောင် ပဉ္စမရက်သတ္တပတ်တွင် ထိုအလုံးလေးမှ အတက်ကလေး ငါးတက်ပေါ်လာပါတယ်။

တဖြည်းဖြည်းနှင့် ထိုအတက်လေး ငါးတက်မှ ခေါင်း၊ လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်အဖြစ် လူဟန်ရုပ်သဏ္ဌာန် ပီသလာပါတော့တယ်။ ကိုယ်ဝန်ဆောင် မိခင်လောင်းများအဖို့ ဝမ်းတွင်းရှိ သန္ဓေသားငယ်နှင့် မိခင်အတွက် အဖိုးတန် အသုံးပြုရန် လိုအပ်သော အာဟာရဓာတ်များ လုံလောက်စွာ ပါဝင်ရန် အရေးကြီးပါတယ်။ ၎င်းအာဟာရ ဓာတ်များကို မိခင်လောင်းများ နေ့စဉ်စားသောက်နေသော အစားအစာထဲမှ ပြည့်စုံ လုံလောက်စွာ ရရှိနိုင်စွမ်း မရှိပါဘူး။

ဒါကြောင့် ကိုယ်ဝန်ဆောင်များ အတွက် ဖြည့်စွက် အားဆေးများကိုလည်း လိုအပ်သလို မှီဝဲသင့်ပါတယ်။ ပရိုတင်း ခေါ် အသားဓာတ် ကိုယ်ဝန်ဆောင်ချိန်မှာ နွားနို့၊ ကြက်ဥ၊ အနီရောင် အသားအမျိုးမျိုး၊ ငါး၊ ဒိန်ခဲစတဲ့ ပရိုတင်း ခေါ် အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ယခင်အချိန်များ ကထက် ပို၍ စားပေးသင့်ပါတယ်။

ဝမ်းတွင်းရှိ သန္ဓေသား ငယ်ကြီးထွားမှုနှင့် အချင်း၊ သားအိမ်၊ ကြွက်သား၊ ရင်သားကြီးထွားမှုတို့ အတွက် သာမက သွေးရည်ကြည်များနှင့် မိခင်နို့ရည် လုံလောက်စွာ ထွက်ရှိမှုတို့အတွက် ပရိုတင်းခေါ် အသားဓာတ်က အထောက်အပံ့ပေးပါတယ်။ အကယ်၍ အာဟာရဓာတ် အားနည်းတဲ့အခါ ခန္ဓာကိုယ် ဖောရောင်ခြင်း၊ ကိုယ်ဝန်ပျက်နိုင်ခြင်း၊ သွေးအားနည်းခြင်း၊ သားအိမ်ကြွက်သား အားနည်း၍ မွေးဖွားရခက်ခဲခြင်း၊ ကိုယ်ခံအား နည်းလာပြီး ပြင်ပရောဂါတွေ အလွယ်တကူ ရလွယ်ခြင်း၊ အလေးချိန်မပြည့် အချိုးမကျသော ရင်သွေးကို မွေးဖွားခြင်းစတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ထုံးဓာတ်

ကိုယ်ဝန်ဆောင် မိခင်တစ်ယောက် အတွက် ထုံးဓာတ်ကို သာမန်အမျိုးသမီးများထက် နှစ်ဆမျှပို၍ လိုအပ်နေပါတယ်။ ထုံးဓာတ်က သန္ဓေသားငယ်၏ အရိုးနှင့်အသား ဖြစ်ထွန်းရန်အတွက် လွန်စွာအရေးကြီးသလို သားအိမ်ရှိ ကြွက်သားများ အားသန်စေရန်နှင့် ညှစ်အားကောင်းစေရန် ကူညီပေးပါတယ်။ ဒါ့ပြင် ထုံးဓာတ်က သွေးခဲခြင်းကို အထောက်အပံ့ ပေးနိုင်တာကြောင့် ကိုယ်ဝန်ပျက်ကျခြင်းမှ ကာကွယ်ရာ ရောက်ပါတယ်။ နွားနို့၊ ဒိန်ခဲ၊ ထန်းလျက်၊ အရိုးပါဝါးစားနိုင်သော ငါးလေးများ၊ ပဲအမျိုးမျိုး၊ ဟင်းနုနယ်ရွက်၊ မုန်ညင်း အမျိုးမျိုးနှင့် ပီလောပီနံတို့မှ ထုံးဓာတ်ကို အများဆုံး ရရှိနိုင်ပါတယ်။

မီးစုန်းဓာတ်

သန္ဓေသား၏ အရိုးနှင့်သွားများ ကောင်းစွာ တည်ဆောက်နိုင်ရန် အတွက် မီးစုန်းဓာတ်က အရေးကြီးပါတယ်။ ထိုကဲ့သို့ အရေးပါသော မီးစုန်းဓာတ်ကို နွားနို့နှင့် ပြုလုပ်ဖော်စပ်ထားသည့် အစားအစာမှလွဲ၍ တခြားမည်သည့် အစားအစာတွင်မှ ရရှိနိုင်မှာ မဟုတ်ပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ်မှာ ဆူကျက်အောင် ကျိုချက်ထားသော နွားနို့ကို တစ်နေ့လျှင် အစိတ်သားခန့် သောက်ပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် နွားနို့သောက်ခြင်းကြောင့် မွေးဖွားလာတဲ့ ကလေးဟာ ပေါင်ချိန်ပြည့် တုတ်ခိုင်တောင့်တင်း ရုံမျှမက ထိုကလေးအတွက် နောင်အနာဂတ်မှာ အသားအရေ လှပခြင်းကို ဖြစ်စေပါတယ်။

သံဓာတ်

သံဓာတ်ကမိခင်နှင့် ကလေးနှစ်ဦးစလုံး အတွက် လွန်စွာတန်ဖိုးရှိသော သက်စောင့်ဓာတ် ဖြစ်ပါတယ်။ သံဓာတ်က သန္ဓေသားငယ်ကို သွေးအားကောင်းစေ ရုံသာမက နို့စို့အရွယ် ပထမ ခြောက်လအတွင်း ကိုယ်ခံအား ကောင်းစေရန် အထောက်အပံ့ ဖြစ်စေပါတယ်။ သံဓာတ် ချို့တဲ့ပါက မိခင်နှင့်ကလေးတို့ သွေးအားနည်းမည် ဖြစ်သည့်အပြင် မွေးဖွားရာမှာ ခန္ဓာကိုယ်ထဲမှ ကုန်ဆုံးသွားသော သွေးများအစား ပြန်၍ မဖြည့်စွမ်းနိုင်ခြင်းကြောင့် မိခင်ရော ကလေးပါ နာတာရှည် သွေးအားနည်းရောဂါကို ရစေနိုင်ပါတယ်။ ကြက်ဥ၊ တိရစ္ဆာန်အသည်း၊ ပဲခြမ်း၊ ဆန်လုံးညို၊ ပြောင်း၊ ဟင်းနုနယ်ရွက်၊ ဒန့်သလွန်သီးနှင့် စွန်ပလွံသီးခြောက်၊ စပျစ်သီးခြောက် စတဲ့ သစ်သီးခြောက်တို့မှ ရရှိနိုင်ပါတယ်။

အထူးသတိပြုရန်

သာမန်အချိန်များထက် ကိုယ်ဝန်ဆောင်ချိန်မှာ နှလုံးကပိုမို အလုပ်လုပ်ရတာကြောင့် တစ်ခါတစ်ရံ ဖောရောင်ခြင်း ဖြစ်တတ်ပါတယ်။ ထိုပြဿနာအတွက် ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စသော အငန်အရသာ ရှိသော အစားအစာများနှင့် ဆားစားသုံးမှုကို တတ်နိုင်သမျှ လျှော့၍စားပါ။ အိုင်အိုဒင်းဆား တစ်မျိုးတည်းကိုသာ သုံးပါ။

ပေါက်ပေါက်

No comments:

Post a Comment