Latest News

Monday, May 21, 2018

လှပသာယာသည့် မိတ္ထီလာကို ခရီးသွားလုပ်ငန်း၏ အချက်အချာအဖြစ် မြှင့်တင်ရန် ကြိုးပမ်းနေ

လှပသာယာသည့် မိတ္ထီလာကို
ခရီးသွားလုပ်ငန်း၏ အချက်အချာအဖြစ် မြှင့်တင်ရန် ကြိုးပမ်းနေ

မန္တလေးတိုင်းဒေသကြီး   မိတ္ထီလာမြို့သည်  မိုးနည်းခြောက်သွေ့သော  ရပ်ဝန်းတွင် တည်ရှိသော်လည်း နာမည်ကျော် သမိုင်းဝင် မိတ္ထီလာကန်ကြီးကြောင့်   အပူပိုင်းဇုန်အတွင်း မှ စိမ်းလန်းသည့် အိုအေစစ်တစ်ခုသဖွယ် တည်ရှိနေသည်။ ခရိုင်မြို့ကြီးတစ်မြို့ဖြစ်ကာ    မိတ္ထီလာခရိုင်အတွင်း  မိတ္ထီလာ၊  မလှိုင်၊  ဝမ်းတွင်း၊ သာစည်မြို့နယ် လေးမြို့နယ် ပါဝင် သည်။

အချက်အချာကျ
မိတ္ထီလာသည်    လမ်းပန်းဆက်သွယ်ရေးအချက်အချာကျသည့် မြို့ကြီးတစ်မြို့ ဖြစ်ကာ   အနောက်ဘက်တွင် ကျောက်ပန်းတောင်းမြို့နှင့်  ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်   အများဆုံးတည်ရှိရာ   ပုဂံ-ညောင်ဦးဒေသ၊ မြောက်ဘက်တွင် မြင်းခြံ-ပခုက္ကူ၊  တောင်ဘက်တွင်  နေပြည်တော်-ရန်ကုန်၊ အရှေ့ဘက်တွင် ကလော-အောင်ပန်း-ညောင်ရွှေ-အင်းလေး-တောင်ကြီးဒေသ၊ အရှေ့မြောက်ဘက်တွင် မ္တလေး-စစ်ကိုင်း-မုံရွာ-ပြင်ဦးလွင်-မိုးကုတ်  စသည့် က္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားရာ ဒေသများဆီသို့ တစ်ဆက်တည်း နာရီအနည်းငယ်မျှဖြင့်  သွားရောက်နိုင်သောဒေသ ဖြစ်သည်။

မြှင့်တင်မှုများ ပြုလုပ်
မိတ္ထီလာမြို့နယ်ဟိုတယ်လုပ်ငန်းရှင်များအသင်းသည်   မိတ္ထီလာကန်၏  သာယာ လှပမှုနှင့် ဒေသ၏ အချက်အချာကျမှုတို့ကို  အသုံးချ၍  နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းဧည့်သည်များ လာရောက်လည်ပတ်မှုပိုမိုများပြားလာစေရန်ရွယ်ပြီး မိတ္ထီလာ ကန်နှင့် မိတ္ထီလာဒေသတို့ကို မြှင့်တင်မှုများ ပြုလုပ်လျက်ရှိသည်။

၂ဝ၁၈ ခုနှစ် ဧပြီလတွင် နောက်ဆုံးကောက်ယူခဲ့သော  လူဦးရေ စာရင်းအရ  မြို့၏  လူဦးရေ စုစုပေါင်း ၃၁၆၂၆၇ ဦး၊ အိမ်ထောင်စု ၇ဝ၅၅၆ စု ဖြစ်၏။ မြို့ပြနေလူဦးရေ ၁၁၂၁၃၂ ဦး၊  အိမ်ထောင်စု ၂၃၄၉၈ စု၊ ကျေးလက်နေ လူဦးရေ ၂ဝ၄၂၃၅ ဦး၊ အိမ်ထောင်စု ၄၇ဝ၅၈ စု ဖြစ်သောကြောင့်  မြို့ပြနေ လူဦးရေထက်  ကျေးလက်နေလူဦးရေက တစ်သိန်း ကျော်ခန့်  များပြားကြောင်း သိရသည်။   ယနေ့အချိန်ထိ    မြို့ပြ ဖွဲ့စည်းပုံအရ ရပ်ကွက် ၁၄ ခု၊ ကျေးရွာ အုပ်စု ၅၈ အုပ်စုကျေးရွာပေါင်း ၃၇၉ ရွာရှိသည်။

အတိတ်က သျှိသျှားမြို့
သျှိသျှားပင်များ  ပေါက်ရောက်ရာ အရပ်ဒေသဖြစ်သောကြောင့် သျှိသျှားမြို့၊ ကန်ရေသည်  ပုပ္ပားတောင်နှင့်  ကြက်မ တစ်ဝပ်စာမထိဘဲ   စီးဆင်းခဲ့ရာအရင်း အမြစ်ဖြစ်သောကြောင့်   မထိလာမြို့၊ ထိုမှ တစ်ဖန်    ကာလရွေ့၍      မိတ္ထီလာမြို့ဟု   အမည်တွင်သည့်  ဤမြို့သည်   မိတ္ထီလာ ကန်နှင့်တွဲ၍ လူတိုင်းနှုတ်ဖျားတွင် စွဲစွဲ ထင်ထင်ရှိသည့်   မြို့ကြီးတစ်မြို့ဖြစ်သည်။

မိတ္ထီလာမြောက်ကန် မြောက်ဘက် ဖျားတွင်  ပေါက်ရောက်နေသော ကြာပန်း များနှင့်  သာယာလှပနေသည့်  ရှုခင်းများ၊  မိတ္ထီလာ  ကန်ရေပြင်ကို   ဖြတ်သန်းလာ သည့်  သန့်ရှင်းလတ်ဆတ်သော  လေနှင့် မိတ္ထီလာဒေသမှ တမာပန်းရနံ့များ၊  နံနက် တိုင်း၊ ညနေတိုင်းတို့တွင် ပြောင်းလဲနေ သည့် သမိုင်းဝင်ကန်၏ ရှုခင်းအလှတို့ကို တွေ့မြင်ခံစားနိုင်သည်။

မိတ္ထီလာကန်သည် အနော်ရထာမင်း အပါအဝင် ရှေးမြန်မာမင်းများ အဆက်ဆက်   ဆည်ဖို့ပြုပြင်ခဲ့သော ရှေးဟောင်းသမိုင်းဝင် ကန်ကြီးဖြစ်ပြီး ပုဂံခေတ်မတိုင်မီကပင် တည်ရှိခဲ့ခြင်းဖြစ်ကာ ဒေသအတွက် စိုက်ပျိုးရေး၊ သောက်သုံးရေအတွက် ခေတ် အဆက်အဆက်မှ ယနေ့အထိ အားထားနေရဆဲဖြစ်သည်။ ကန်၏ ပတ်ဝန်းကျင်တွင် ဖောင်တော်ဦးစေတီတော်၊ ရွှေစောလူးစေတီတော်၊ ရွှေမြင် တင်စေတီတော်၊  ရတနာ သင်းကျစ်စေတီတော်၊ ထီးသုံးဆင့်၊   ရွှေမြင်မိ၊  လေးမျက်နှာ  စေတီတော်စသည့် ရှေးဟောင်းသမိုင်း ဝင်စေတီများသည်လည်း ကြည်ညိုဖွယ် တည်ရှိ နေသည်။

မုန်တိုင် သို့မဟုတ် ထီလာပုဂံ
မိတ္ထီလာမြို့၏ အနောက်ဘက် ခုနစ်မိုင်ခန့်အကွာရှိ မုန်တိုင်ကျေးရွာ အနီးတွင် ကုန်းဘောင်ခေတ်လက်ရာ  ရှေးဟောင်းစေတီ   ဘုရားများလည်း တည်ရှိကာ ဒေသခံများက  ထီလာပုဂံဟုပင် တင်စားခေါ်ဝေါ်လျက်ရှိသည်။ မိတ္ထီလာမြို့ပေါ် နန်းတော် ကုန်းရပ်ကွက်တွင်  တည်ထားသည့်  နဂါးရုံမဟာဗောဓိစေတီတော်ကြီးကိုမူ ဂျပန် ဘုန်းတော်ကြီးများ  ကြီးမှူးပြုပြင် တည်ထားကိုးကွယ်ခဲ့ပြီး ယင်းစေတီတော် အနီးတွင်   ဒုတိယက္ဘာစစ်ကာလအတွင်းကဂျပန်တပ်ဖွဲ့က အသုံးပြုခဲ့သည့် တင့်ကားငယ် တစ်စီး ၏ အစိတ်အပိုင်းတစ်ခုကိုလည်း တွေ့မြင်နိုင်သည်။

ဘိုးဘေးတို့ ခေါင်းချရာ
ဒုတိယ က္ဘာစစ်ကာလ မြန်မာနိုင်ငံ၌ရှိသော ဂျပန် အမှတ် ၁၅ တပ်မတော်နှင့် အမှတ် ၃၃  တပ်မတော်တို့၏  ဗဟိုဌာနချုပ်ဖြစ်ခဲ့သည့် မိတ္ထီလာ ဒေသသည် မဟာ မိတ်တပ်ဖွဲ့များ၏   တိုက်ခိုက်မှုကြောင့် ဂျပန်စစ်သည်များ အများအပြား ကျဆုံးခဲ့ရာ ဒေသဖြစ်သည်။ ယနေ့ကာလ တွင် ဂျပန်နိုင်ငံသား တချို့သည် ဒုတိယ က္ဘာစစ်ကာလ အတွင်းက  ဂျပန်တပ်မတော်မှ   ဆွေမျိုးဘိုးဘေး ဘီဘင်တို့ ခေါင်းချခဲ့ရာ၊ ဘိုးဘေးတို့၏ ဝိÓဉ်များ နားခိုရာ မိတ္ထီလာဒေသဆီသို့ အခါအခွင့်သင့်တိုင်း လာရောက် ဂါရဝပြုကြ သည်။ နဂါးရုံ စေတီတော်လိုဏ်ဂူအတွင်းရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအား ဖူးမြော် ကြည်ညိုခြင်း၊ ဒုတိယက္ဘာစစ်လက်ကျန် တင့်ကားငယ်၏ အစိတ်အပိုင်းကို  ကြည့်ရှု လေ့လာခြင်းတို့ပြုကြသည်။

ထီးလှိုင်ရွာမှ အမွေအနှစ်များ
မိတ္ထီလာမြို့၏ မြောက်ဘက် ၁ဝ မိုင်ခန့်အကွာ  ဝမ်းတွင်းမြို့နယ်အတွင်း  ထီးလှိုင်ရွာ တည်ရှိပြီး ထိုရွာတွင် နိုင်ငံခြားခရီးသွား ဧည့်သည်များ  စိတ်ဝင်တစားလေ့လာ ကြည့်ရှု ကြသည့်  ရှေးဟောင်း  ဘုန်းတော်ကြီးကျောင်း အဆောက်အအုံကြီး တည်ရှိကာ   မြန်မာတို့၏  ယဉ်ကျေးမှု အမွေအနှစ်အနုပညာလက်ရာများလည်း ရှိနေသည်။   ထူးခြား သည့် ဝိသေသများနှင့်ပြည့်စုံပြီး  အလည်အပတ်ရောက်ရှိကြသူတိုင်း၏   စိတ်နှလုံးကို    ညှို့ယူဆွဲဆောင်နိုင်သော မိတ္ထီလာ ဒေသတစ်ခွင်၏ သာယာလှပသော မြင်ကွင်းတချို့ကို ဓာတ်ပုံများဖြင့် မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။    

သတင်းဆောင်းပါးနှင့် ဓာတ်ပုံ - ချမ်းသာ (မိတ္ထီလာ )

No comments:

Post a Comment