Latest News

Friday, May 25, 2018

အသက် ၄၁ နှစ်အထိ ဘောလုံးကစားဦးမည်ဖြစ်ပြီးနေမာကိုခေါ်ယူရန် စိတ်အားထက်သန်မှုမရှိကြောင်း စီရိုနယ်လ်ဒို ပြောကြား

အသက် ၄၁ နှစ်အထိ ဘောလုံးကစားဦးမည်ဖြစ်ပြီးနေမာကိုခေါ်ယူရန် စိတ်အားထက်သန်မှုမရှိကြောင်း စီရိုနယ်လ်ဒို ပြောကြား

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရိုနယ်လ်ဒိုက လက်ရှိတွင် အသက် ၃၃ နှစ်ရှိနေပြီ ဖြစ်ပေမယ့် သူ့အနေနဲ့ ဇီဝဖြစ်စဉ်အရတော့ အသက် ၂၃ နှစ် အရွယ်သာ ရှိနေသေး သလို ခံစားရပြီး အသက် ၄၁ နှစ်အရွယ်အထိ ဘောလုံးဆက်ကစားဦးမှာဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့ပါတယ်။

သူက ''ကျွန်တော့်ရဲ့ ဇီဝဗေဒအသက်က ၂၃ နှစ်သာ ရှိပါသေးတယ်၊ ဒါကြောင့် ကျွန်တော့်မှာ အချိန်တွေအများကြီး ကျန်သေးပါတယ်၊ ကျွန်တော့်အနေနဲ့ အသက် ၄၁ နှစ်အထိ ဘောလုံးကစားဦးမှာပါ၊   ကျွန်တော် ကောင်းမွန်နေပြီး ပျော်ရွှင်တယ်လို့ ခံစားရပါတယ်'' လို့ ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

စီရိုနယ်လ်ဒိုဟာ လက်ရှိဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ်ပွဲစဉ် ၁၂ ပွဲမှာ သွင်းဂိုး ၁၅ ဂိုး သွင်းယူထားနိုင်ပြီး ခြောက်နှစ်ဆက်တိုက် ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ဖို့ အလားအလာကောင်းနေပါတယ်။ စနေနေ့(မေ ၂၆ရက်) လီဗာပူးနဲ့  ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာသာ ဂိုးသွင်းနိုင်ရင် ချန်ပီယံလိဂ် ဗိုလ်လုပွဲ လေးပွဲမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

ရီးယဲလ်တိုက်စစ်မှူးတွေဖြစ်တဲ့ ဂါရတ်ဘေးလ်နဲ့ ဘင်ဇီမာတို့ ဂိုးသွင်းနှုန်းကျဆင်း လာမှုကြောင့် စီရိုနယ်လ်ဒိုတစ်ယောက် ရီးယဲလ်တိုက်စစ်ပိုင်းအတွက် တာဝန်ပိုမိုယူထား ရပေမယ့် စီရိုနယ်လ်ဒိုကတော့ နေမာ ရောက်ရှိလာဖို့ရှိသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ ''ကျွန်တော် ဒီ(ရီးယဲလ်)မှာ ရှိနေတာ ရှစ်နှစ်ရှိနေပြီ ဖြစ်ပြီး လူတွေပြောနေကြတဲ့ ပုံစံအရဆို ကစားသမား ၅ဝ လောက် ဒီကို ရောက်လာ ပြီးပြီ၊ ပြီးခဲ့တဲ့ စက်တင်ဘာလလောက်တုန်းကဆို လူတွေပြောပုံအရ ရီးယဲလ်ကို ကစားသမားသစ်တွေ အများကြီး  ရောက်ရှိလာကြသလိုပဲ၊ ခု ကျွန်တော်တို့ ဗိုလ်လုပွဲကို ရောက်ရှိနေပါပြီ၊ မက်ဒရစ်မှာ ဘေးလ်၊ ဘင်ဇီမာ၊ လူးကပ်စ်ဘက်စကွက်ဇ်နဲ့ အဆန်စီယို တို့လို ကမ္ဘာ့အကောင်းဆုံးတွေ ရှိနှင့်နေပြီးသားပါ''လို့ ဖြေကြားသွားခဲ့တာကို တွေ့ရ ပါတယ်။                                                          

မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment