Latest News

Wednesday, May 23, 2018

ရန်ကုန်မြို့၌ ငါး၊ ပုစွန် ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန် ပူးပေါင်းဆောင်ရွက်

ရန်ကုန်မြို့၌ ငါး၊ ပုစွန် ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန် ပူးပေါင်းဆောင်ရွက်

ရန်ကုန်    မေ     ၂၃

ပြည်တွင်း၊ ပြည်ပ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကို အကြောင်းပြုပြီး အခြေခံစားကုန် ငါး၊ ပုစွန် ဈေးနှုန်းများ မြင့်တက်ခြင်းမဖြစ်အောင် ဗဟိုစံပြငါးဈေးဒိုင်များမှ နေ့စဉ် ရောင်းချသော ငါး၊ ပုစွန် ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဗဟိုစံပြ ငါးဈေး ဈေးသာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ဈေးသာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြမောင်ထံမှ သိရသည်။

''ဒီနေ့ စက်သုံးဆီဈေးမြင့်တက်မှုဟာ ရေထွက်ကုန် ငါး၊  ပုစွန်ထုတ်လုပ်သူတွေလည်း  အထိုက်အလျောက် အနည်းနဲ့အများဆိုသလို       ထိခိုက်နစ်နာမှုရှိမှာပါ၊ ဒါပေမယ့် ဗဟိုစံပြငါးဈေးက ရောင်းချတဲ့ ငါး၊ ပုစွန်တွေဟာ အခြေခံလူတန်းစားအများစု  စားသုံးတဲ့  ဈေးကွက်ကြီး တစ်ခုဖြစ်တာကြောင့် အနိမ့်ဆုံး အခြေခံလူတန်းစားတွေ ထိခိုက်နစ်နာမှုမရှိအောင်  ကုန်စည်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပြီး ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်နေပါတယ်၊ ပြီးခဲ့တဲ့  မေ ၁၅ ရက်က ရေငန်ငါး၊ ပုစွန်ဖမ်းတဲ့  လုပ်ငန်းတွေကို  နိုင်ငံတော်က  သုံးလ ပိတ်လိုက်တဲ့အချိန်မှာလည်း    ဗဟိုစံပြငါးဈေးနှုန်း မြင့်တက်သွားတာမရှိပါဘူး၊ စက်သုံးဆီဟာ နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့အတွက် ဈေးနှုန်းမြင့်တက်မှု အချိန်ကြာ ရင်တော့             အပြောင်းအလဲအနည်းငယ်ရှိတာကလွဲပြီး  ဆိုးဆိုးရွားရွားတော့မဖြစ်ပါဘူး''ဟု ဈေးသာယာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြမောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၄၄ မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်တို့သို့ နေ့စဉ်  ရေချို၊ ရေငန် ငါး၊ ပုစွန် ပိဿာချိန် ခြောက်သိန်းကျော် ပို့ဆောင်ပေးနိုင်ရန် ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေး၊ သီရိမင်္ဂလာဈေး အနီး ရွှေပိတောက်ငါးဈေးနှင့် အင်းစိန်ငါးဈေးသို့ တွံတေး၊ ခရမ်း၊ မအူပင်၊ ပဲခူး၊ ညောင်တန်း၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရခိုင် စသည့်  မြို့နယ်တို့မှ ပေးပို့လာသော ငါး၊ ပုစွန်များကို ဈေးတာဝန်ခံများနှင့် ဈေးသာယာရေးအဖွဲ့များက  ကုန်ဈေးနှုန်းတည်ငြိမ်နိုင်ရေး    ဦးတည်၍   နေ့စဉ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၄ မြို့နယ်မှ ငါး၊ ပုစွန် စားသုံးမှုမှာ ရေချို၊ ရေငန် ငါး၊ ပုစွန် ပိဿာ နှစ်သိန်း သုံးသောင်းကျော်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ နေ့စဉ် ငါး၊ ပုစွန် ကုန်စည်စီးဆင်းမှုမှာ ပိဿာချိန် လေးသိန်း ခန့် ပို့ဆောင်ပေးလျက်ရှိကြောင်း ဗဟိုစံပြငါးဈေးတာဝန်ခံ ဦးမောင်မောင်သန်းထံမှ သိရသည်။      

စောသိန်းဝင်း(​ကြေးမှုံ)

No comments:

Post a Comment