Latest News

Friday, May 18, 2018

မြစ်ကြီးနား-မန္တလေး လမ်းပိုင်းရှိ မီးရထားများ မေ ၁၈ ရက်မှစ၍ ပြန်လည်ပြေးဆွဲ

မြစ်ကြီးနား-မန္တလေး လမ်းပိုင်းရှိ မီးရထားများ မေ ၁၈ ရက်မှစ၍ ပြန်လည်ပြေးဆွဲ

မြစ်ကြီးနား  မေ  ၁၈

ကချင်ပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိသည့်  မြစ်ကြီးနား-မ္တလေး မီးရထားလမ်းပိုင်း များတွင် မီးရထားများ  ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရေးအတွက်  မြန်မာ့မီးရထားမှ  မီးရထားဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ  မေ ၁၈ ရက် မွန်းလွဲပိုင်းတွင် မီးရထားများ ပြန်လည်ပြေးဆွဲကြောင်း သိရသည်။

 အဆိုပါ မြစ်ကြီးနား- မန္တလေး လူစီး၊ ကုန်တင်ရထားများ ပြေးဆွဲမှုအစီအစဉ်နှင့် ပတ်သက်၍ မြစ်ကြီးနားဘူတာ ရုံပိုင်ချုပ် ဦးခင်သော်က ''ရထားလမ်းပိုင်းတော့ ပြင်ဆင်မှုအားလုံးပြီးစီးသွားလို့ ကောင်းသွားပါပြီ၊  ခရီးသွားပြည်သူတွေအတွက် လုံခြုံမှုရရှိစေဖို့ လိုအပ်ချက်ကြောင့် ဒီနေ့မွန်းလွဲပိုင်းမှာ စတင်ပြေးဆွဲနိုင်မှာပါ၊ အဓိက တော့ မြစ်ကြီးနားကနေ နဘားအထိ သံလမ်းလုံခြုံရေး အပြည့်အဝပေးလာနိုင်မယ် ဆိုရင် မြန်မာ့မီးရထားကနေ ခရီးသည်တွေ စိတ်အေးချမ်းသာစွာ  သွားလာနိုင်ရေး ပုံမှန်ပြေးဆွဲသွားမှာပါ'' ဟု ပြောသည်။

 မိုးကောင်းဘူတာရုံပိုင်ကြီး ဦးဝင်းလှိုင်က ''အခု မိုးကောင်းဘူတာမှာ ရပ်တန့် ထားတဲ့ အမှတ် (၄၂) အစုန် ဒုတိယအမြန်ရထားနဲ့ နမ္မတီးဘူတာမှာ ရပ်တန့်ထားတဲ့ အမှတ် (၅၈) အစုန် မန္တလာရထားနှစ်စင်းကို မန္တလေးဘက်ကို စတင်ထွက်ခွာပေးမှာပါ၊ လက်မှတ်တွေလဲ ရောင်းချပေးနေပါပြီ၊ APTမိုင်းရှင်းရထားကို ရှေ့ကနေ အရင် လွှတ်မှာပါ၊ မိနစ်နှစ်ဆယ်လောက်ခွာပြီး နောက်က လူစီးရထားတွေကို သွားခိုင်းမှာပါ၊ နယ်မြေအခြေအနေအရ အထက်လူကြီးတွေ ညွှန်ကြားတဲ့အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာပါ'' ဟု ပြောသည်။ မိုးကောင်းဘူတာ၌ ရပ်တန့်ထားသည့် အမှတ် (၄၂) အစုန် ဒုတိယအမြန်ရထား မေ ၁၈ ရက် ညနေ ၃ နာရီ ၃၅ မိနစ်တွင် မ္တလေးဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။          

ဝင်းနိုင် (ကချင်မြေ )မြန်​မာ့အလင်း

No comments:

Post a Comment