Latest News

Friday, May 4, 2018

ထိန်ပင်အမှိုက်ပုံမီး အောက်ခြေမှထွက်ရှိသည့် အပူရှိန်များကြောင့် ဆက်လက် စောင့်ကြည့်မှု များပြုလုပ်

ထိန်ပင်အမှိုက်ပုံမီး အောက်ခြေမှထွက်ရှိသည့် အပူရှိန်များကြောင့် ဆက်လက် စောင့်ကြည့်မှု များပြုလုပ်

ရန်ကုန် မေ ၎

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အတွင်းရှိ ထိန်ပင် အမှိုက်ပုံမီးလောင်နေမှုကို အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း အမှိုက်ပုံအောက်ခြေမှ ထွက်ရှိသည့် အပူရှိန် များကြောင့် ယနေ့တွင် (ဒုတိယနေ့အဖြစ်) ဆက်လက် စောင့်ကြည့်မှုများပြုလုပ်၍ ငြှိမ်းသတ်လျက် ရှိကြောင်း သိရ သည်။

လက်ရှိ အခြေအနေတွင် ဦးစီးဆောင်ရွက်နေသူ မှော်ဘီမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်မင်းဦးက ''ဒီကနေ့မှာတော့ ဇုန်တွေထဲက တချို့နေရာတွေရဲ့ အောက်ခြေ တွေမှာ အပူရှိန်ကြောင့် အပူငွေ့တွေ ထွက်နေတာမျိုးရှိပါတယ်၊ အဲဒီလို အပူငွေ့ထွက်တဲ့နေရာတွေ ကို အဖွဲ့လိုက် စောင့်ကြည့်ပြီး အပြီးသတ်ငြှိမ်းသတ်မှုတွေ လုပ်နေပါတယ်၊ အခုလို ထွက်ရှိနေတဲ့ အရာတွေဟာ မီးမဟုတ်ပါဘူး၊ မီးခိုးပုံစံ အပူငွေ့တွေပါ၊ မီးမဟုတ်ပေမယ့်လည်း အဲဒီအပူငွေ့ကြောင့် မီးဖြစ်သွားနိုင်ပါတယ်၊ ဒါကြောင့် ကြိုတင်စောင့်ကြည့်ပြီး ငြှိမ်းသတ်နေရတာဖြစ်ပါတယ်၊ နောက်ထပ် လည်း အပူငွေ့ ထွက်ရှိနေတဲ့အပေါ်မှာ မူတည်ပြီးတော့ ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ပါတယ်'' ဟု ပြောသည်။

ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ အမှိုက်ပုံတည်ရှိရာ လှိုင်သာယာမြို့နယ်၌ နာရီဝက်ခန့် မိုးများရွာသွန်းခဲ့သော်လည်း မိုးရွာသွန်းမှုအပြီးတွင် အမှိုက်ပုံမှ တချို့နေရာများတွင် အပူငွေ့များ ဆက်လက်ထွက်ပေါ်ခဲ့သဖြင့် (A,B,C,D) ဇုန်များ အတွင်း အဖွဲ့လိုက် စောင့်ကြည့်မှုများပြုလုပ်ကာ ချက်ချင်း ငြှိမ်းသတ်သည့်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်က'' ဒီကနေ့မှာတော့ တချို့ဇုန်တွေထဲမှာ အပူ၊ အငွေ့ထွက်တာတွေ ရှိနေပါသေးတယ်၊ အဲဒါတွေကို သွားရောက်ငြှိမ်းသတ်ဖို့အတွက် ရေပိုက်တွေ ဆက်ပေးပါတယ်၊ မီးသတ်ကားတွေ သွားနိုင်ဖို့အတွက်ကိုလည်း စက်ယန္တရားကြီးတွေနဲ့ လမ်းဖောက် ပေးပါတယ်၊ အခြားသော လိုအပ်တဲ့အပိုင်းတွေမှာလည်း မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ကျွန်တော်တို့  YCDC ဝန်ထမ်းတွေက ပူးပေါင်းဆောင်ရွက်နေပါတယ်'' ဟု ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းများအပါအဝင် အင်အား ၁ဝဝ ကျော်က မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ စက်ယန္တရားကြီးများကို အသုံးပြု၍ စောင့်ကြည့်ငြှိမ်းသတ်မှု များပြုလုပ်လျက်ရှိရာ ပရဟိတအသင်းများနှင့် စေတနာရှင်ပြည်သူများက အစားအသောက်များ လာရောက် လှူဒါန်းကြသည်။

ရုပ်ရှင်သရုပ်ဆောင် မတူးက '' ဒီအမှိုက်ပုံကြီး မီးလောင်နေတုန်းက ရခိုင်ပြည်နယ်မှာ ကားရိုက်နေတာပါ၊ အကူအညီတွေ ပေးချင်ခဲ့ပါတယ်၊ အခုအချိန်မှာတော့ မီးငြိမ်းသွားပြီဆိုပေမယ့် ကျန်ရှိနေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းပါဝင် ဆောင်ရွက်နေသူတွေကို စိန်ဂျွန်း လသာ(၂)က လှူတဲ့ အစား အသောက်၊ အလှူပစ္စည်းတွေကို ကိုယ်စားလာရောက် လှူဒါန်းပေးတာပါ၊ အခုလို လာရောက်လှူဒါန်းရတဲ့အတွက်လည်း အလှူရှင်တွေကိုယ်စား ပီတိဖြစ်မိပါတယ်'' ဟု ပြောသည်။

ယခုအခါ မီးခိုးထွက်ရှိမှုနှင့် မီးကြွင်းမီးကျန်များ မရှိစေရန် ပူးပေါင်းအင်အား ၁ဝဝ ကျော်ဖြင့် မီးလောင်ပြင်အား စောင့်ကြည့်မှုများပြုလုပ်၍ အမှိုက်ပုံအောက်ခြေမှ ထွက်ရှိသည့် အပူအငွေ့များကို ငြှိမ်းသတ်ရသည့်အဆင့်သာ ရှိတော့ကြောင်း သိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

No comments:

Post a Comment