Latest News

Saturday, May 5, 2018

ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ ( ၂၁ )(၂၂)


အမေဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ ( ၂၁ )

မြောင်းမြဟာ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုရဲ့မြို့။နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်ရဲ့မြို့ပါ။ဒီမြို့မှာ ဖက်ဆစ်ဂျပန်ခေတ်တုန်းက မြောင်းမြ ဝါခယ်မ အိမ်မဲ စတဲ့ မြောင်းမြခရိုင်အတွင်းက သခင်၄၂ယောက်ကို ဖက်ဆစ်ဂျပန်တွေကသတ်ပြီး အာဇာနည်ကျောင်းလို့ခေါ်ကြတဲ့ ဘုန်းကြီးကျောင်းအတွင်းက ရေတွင်းပျက်ကြီးတစ်ခုထဲ မြုပ်ထားခဲ့ဖူးပါတယ်။ကွယ်လွန်သူ ကဗျာဆရာမောင်ယဉ်မွန်ရဲ့ဖခင် သခင်သောင်းဖေ အပါအဝင် အဲဒိ သခင် ၄၂ ဦးအထိမ်းအမှတ်ကျောက်တိုင် မြောင်းမြမှာ အထင်အရှားရှိနေပါတယ်။

ဒီလို တော်လှန်ရေးအစဉ်အလာကြီးမားတဲ့ မြောင်းမြကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာခဲ့ပါပြီ။ကွယ်လွန်သွားတာ တလမရှိသေးတဲ့ မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ ဇာတိမြို့ကိုရောက်လာရတဲ့ သမီးတစ်ယောက်အနေနဲ့ ပီတိနဲ့ကြေကွဲမှုကို တပြိုင်ထဲခံစားနေရမယ်ဆိုတာကတော့ အသေအချာပါပဲ။

မြောင်းမြမြို့က သခင်မကြီးဒေါ်ခင်အေးအမှူးပြုတဲ့ ဒီမိုကရေစီအင်အားစုနဲ့ မြို့လူထုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ့်ဆွေမျိုးသားချင်းတစ်ယောက်လို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြပါတယ်။မြတ်မေတ္တာသင်္ဘောက အကြိုတော်ဆိပ်ကမ်းမှာ ကမ်းကပ်ပါတယ်။မြောင်းမြမြို့ ကမ်းနားလမ်းတစ်လျှောက်နဲ့ ဦးဘချိုလမ်းပေါ်မှာတော့ လူထုဟာ တိုးမပေါက်ကို များပြားလွန်းနေပါပြီ။

မြောင်းမြ NLD ကို နောင်၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ရွှေညီလာ ဦးအောင်ကြင်တို့ မေခလာဆေးတိုက်က ကိုဘိုဖြူတို့လို လူငယ်တွေက ဦးစီးဦးဆောင် ပြုနေကြတာပါ။မြောင်းမြမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လူငယ်တွေ လူ့ဘောင်သစ်အပါအဝင် မဟာမိတ်ပါတီတွေက ရဲဘော်တွေ တွေ့ဆုံကြ ဆွေးနွေးကြတဲ့ပွဲဟာ စိတ်လှုပ်ရှားတက်ကြွဖို့ကောင်းခဲ့တဲ့ ပုံရိပ်တွေကို ကျွန်တော်ဘယ်တော့မှ မမေ့နိုင်ခဲ့ပါ။

ပုသိမ်က ရှေ့ပြေးလာကြိုတဲ့ ရဲဘော်တွေလည်းမြောင်းမြကို ရောက်နေကြပါတယ်။သူတို့နဲ့ အတူ အထူးသတင်းတစ်ခုလည်းပါလာပါတယ်။အဲဒါကတော့ ကျွန်တော်တို့ သင်္ဘောပုသိမ်ရောက်လာရင် ကိုအောင်စောဦးကို ဆီးဖမ်းဖို့ တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်က အမိန့်ထုတ်ထားတယ်ဆိုတာပါပဲ။
ဆက်ပါဦးမည်…………………

အောင်ဝေး


အမေဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ ( ၂၂ )

ဝေဿန္တရာမင်းဟာဆိုရင်အလွန်တရာမှ
မြင့်မြတ်တဲ့ အလောင်းတော်မင်းတရား
ဖြစ်ပေမယ့်လည်း ပြည်သူလုထုကို
ဆန့်ကျင်ပြီး ဆင်ဖြူတော်လှူလိုက်တဲ့အခါ
ပြည်နှင်ဒဏ်ခံခဲ့ရတယ်။ ပြည်သူလုထု ရဲ့
ဆန္ဒ ကိုမလိုက်လျောတဲ့မင်းဆိုတာ
မင်းကျင့်တရားဆယ်ပါးနဲ့လည်း
မကိုက်ညီဘူး။ ပြည်သူလုထု ကလည်း
လက်မခံဘူးဆိုတာ ကျမတို့ဗုဒ္ဓဘာသာ
တရားအရလည်း လက်ခံခဲ့တယ်။
ခရစ်ယာန် တရားမှာလည်း မင်းကောင်း
မင်းမြတ်များဟာ ဂရုဏာနဲ့ မေတ္တာ နဲ့
ဆက်ဆံရမယ်ဆိုတာ ပါပါတယ်။
ဒါကြောင့် မို့လို့ ဘယ်ဘာသာပဲဖြစ်ဖြစ်
ဘာသာမရွေး လူမျိုးမရွေး မင်းကောင်း
မှန်ရင် ပြည်သူလုထုကိုမဆန့်ကျင်သင့်
ပါဘူး။

မြောင်းမြမြို့ NLD ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန်းခွန်းကောက်နူတ်ချက်လေးပါ။အဲဒိနေ့ကတော့ ၁၆ ရက် ၁ လ ၁၉၈၉ ခုနှစ်ပေါ့။

ဗိုလ်ချုပ်မြင့်အောင်ဟာ စစ်ပဒေသရာဇ် ဖက်ဆစ်အပြင်းစားတစ်ယောက်ပါ။ကိုအောင်စောဦးအနေနဲ့ ရှေ့ဆက် ကျွန်တော်တို့နဲ့ လိုက်လို့မဖြစ်နိုင်တော့ပါဘူး။နောက်ပြီး သူအဖမ်းခံလို့မဖြစ်ဘူးလေ။
ဒီတော့ မြောင်းမြကနေပဲ ရန်ကုန်ကိုလှည့်ပြန်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခွင့်တောင်းရပါတယ်။အဲဒိတုန်းက ကိုအောင်စောဦးဟာ ပါတီဝင်တစ်ယေက်အနေနဲ့ပဲ တက္ကသိုလ်ရိပ်သာလမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုမှာ လာရောက်ခိုလုံနေချိန်ပါ။ပါတီစည်းရုံးရေးတာဝန်မယူသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် အကြောင်းစုံသိသွားတဲ့အခါမှာ ကိုအောင်စောဦးကို တိုင်းစည်းတာဝန်ယူဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဌာနချုပ်ကို စာတစ်စောင်ရေးပြီး ကိုအောင်စောဦးနဲ့ ထည့်ပေးလိုက်ပါတယ်။အဲဒိကစပြီး ကိုအောင်စောဦး ပဲခူးတိုင်းစည်းရုံးရေးတာဝန်ယူခဲ့တာ သူလွတ်မြောက်နယ်မြေကို ထွက်သွားတဲ့ ၁၉၉၁ အထိပါပဲ။

မြောင်းမြမှာ ကျွန်တော်တို့ သင်္ဘောတစ်ညအိပ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်က သခင်မကြီးဒေါ်ခင်အေးတို့လို လွတ်လပ်ရေးကြိုးပမ်းခဲ့ကြတဲ့ မြို့မိမြို့ဖတွေကို သွားရောက် ဂါရဝပြုခဲ့ပါတယ်။မြောင်းမြမြို့သူမြို့သား အလုပ်သမား လယ်သမား အခြေခံလူတန်းစားတွေလိုပဲ ကရင်လူထုကြီးကလဲ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်နူတ်ဆက်ကောင်းချီးသြဘာပေးကြပါတယ်။မြောင်းမြအမျိုးသမီးအင်အားထုရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လှိုက်လှဲနွေးထွေးမှုကတော့ဖြင့် အထူးအတလည်အံ့သြဂုဏ်စရာပါပဲ။

တကယ်တော့လေ လူထုကိုချစ်တဲ့လူအပေါ် လူထုကပြန်ချစ်တာဟာ ယဉ်ကျေးမှုအမှန်တရားတစ်ရပ်ပဲ မဟုတ်ပါလားခင်ဗျာ……………
ဆက်ပါဦးမည်…………

အောင်ဝေး

No comments:

Post a Comment