Latest News

Saturday, May 5, 2018

ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ ( ၁၉ )


ကျွန်တော်တို့ မြတ်မေတ္တာသင်္ဘောကြီးက ရွေးမြစ်ညအမှောင်ထဲမှာ တရွေ့ရွေ့ခုတ်မောင်းလာနေပါတယ်။လပွတ္တာမြို့ကြီးကတော့ ဟေမန္တအမှောင်အောက်မှာ အသံတိတ်ဆူညံပြီး ကျန်ရစ်ခဲ့ပါပြီ။အခု ကျွန်တော်တို့ဦးတည်နေတဲ့ ဆိပ်ကမ်းက ဝါးခယ်မ………။

ရွေးမြစ်ကြီးကို ဖြတ်သန်းနေစဉ်မှာပဲ ကျွန်တော်နဲ့ ကိုအောင်စောဦးက ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၀ပြည့်နှစ်တစ်ဝိုက်က ကျွန်တော်တို့တွေရဲ့မြစ်ဝကျွန်းပေါ်တိုင်း ပြန်လည်တည်ဆောက်ရေး ဗ က ပ မြေအောက်တော်လှန်ရေး လုပ်ခဲ့တဲ့အတွေ့အကြုံတွေ တောထဲ ထောင်ထဲရောက်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြခွင့်ရခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ပြောပြတာတွေကို နားထောင်ပြီးတဲ့အခါ အခုလိုမေးခွန်းတစ်ခုမေးပါတယ်။ မ ဆ လ စစ်အစိုးရအပေါ် နာကြည်းတဲ့စိတ် ကလဲ့စားချေချင်တဲ့စိတ်တွေရှိနေသလားတဲ့။
ဒီမေးခွန်းကို ကျွန်တော်က ရှိပါတယ်လို့ ရိုးသားစွာ ဝန်ခံခဲ့ပါတယ်။

အဲဒိမှာ ဒေါ်အောင်ဆန်းစုကြည်က ခံရတဲ့သူတွေအဖို့ ဒီလိုပဲရှိမယ်ဆိုတာကို သူနားလည်ပါတယ်တဲ့။
ဒါပေမယ့် တော်လှန်ရေးလုပ်တယ်ဆိုတာ နာကြည်းမှုနဲ့ လုပ်ရတာမဟုတ်ဘူး။တော်လှန်ရေးကို
ကလဲ့စားချေချင်တဲ့စိတ်နဲ့ လုပ်လို့မရဘူး။တော်လှန်ရေးဆိုတာ ယုံကြည်ချက်နဲ့ပဲ ရဲရဲရင့်ရင့် လုပ်ရမယ် ဆိုပြီး သင်ကြားခဲ့ပါတယ်။ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အလွန်အရေးကြီးတဲ့စကားတစ်ခွန်းကိုလဲ အဲဒိမှ
 ပြောခဲ့ပါသေးတယ်။အဲဒါကတော့ တော်လှန်ရေးလုပ်ရင် ပြီးဆုံးတဲ့အထိ လုပ်ရမယ်ဆိုတဲ့ စကားပါပဲ။

ဒီရွေးမြစ်ကြီးရေအလျဉ်ပေါ်မှာ လွတ်လပ်ရေးကြိုးပမ်းစဉ်အခါက ဆရာကြီး သခင်ကိုယ်တော်မှိုင်း စုန်ဆန်ခဲ့ဖူးတယ်။ပြင်ရွာဆိုတဲ့ ရွာဆိပ်ကမ်းက သခင်မကြီး ဒေါ်သန်းဟာ နို့စို့အရွယ် လူမမယ်ကလေးငယ်လေးကို အိမ်မှာထားရစ်ခဲ့ပြီး နယ်ချဲ့ဆန်ကျင်ရေးနိုင်ငံရေးတရားဟောဖို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့အတူ လပွတ္တာမြို့ကို လိုက်ပါသွားခဲ့ဖူးပါတယ်။

အခုလဲ ဒုတိယလွတ်လပ်ရေးတိုက်ပွဲအတွက် ကျွန်တော်တို့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ
ခင်ပွန်းသည် နဲ့အတူ ချစ်လှစွာသားနှစ်ယောက်ကို ခွဲခွာထားခဲ့ပြီး စည်းရုံးရေးခရီးစဉ်အဖြစ်
ဒီရွေးမြစ်ကြီးပေါ်ကို ဖြတ်သန်းနေခဲ့ပါပြီ။မြတ်မေတ္တာသင်္ဘောကြီးကလဲ တရွေ့ရွေ့ခုတ်မောင်း
လျှက်ပေါ့……………
ဆက်ပါဦးမည်…………

အောင်ဝေး

No comments:

Post a Comment