ရန်ကုန် မေ ၂၄
တစ်နိုင်ငံလုံး၌ ရက် ၉ဝ ဆန်များ ထွက်ရှိ နေသည့်အပြင် တရုတ်ဝယ်လက် နည်းခြင်းကြောင့် မူဆယ်ဆန်ဈေးနှုန်းများ ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါး ကုန်စည်ဒိုင် (ဘုရင့်နောင်) အတွင်းရေးမှူး ဦးသန်းဦးထံမှ သိရသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့် အနောက်ခြမ်းမှထွက်ရှိသည့် ဆန်များမှာ ဈေးအနည်းငယ် သက်သာ၍ မူဆယ်ဈေးကွက်၌ ဈေးလျှော့ရောင်းချရာ ဆန်ဈေးနှုန်း ကျဆင်းလာကြောင်း သိရသည်။ ယခင်က မူဆယ်မြို့၌ ဆန်တစ်အိတ်လျှင် ၁၄၅ ယွမ်ဝန်းကျင်ခန့် ဈေးနှုန်းရှိရာမှ လက်ရှိအချိန်တွင် ယွမ် ၁၃ဝ ဝန်းကျင်အထိ ကျဆင်းလာခြင်းဖြစ်သည်။
''မူဆယ်ဘက်ပို့တဲ့ ဆန်အကောင်းတွေက အရောင်းအဝယ်အေးပြီး ဝယ်သူနည်းနေလို့ ဈေးကွက်အေးနေတယ်။ တရုတ်ကုန်သည်တွေ အဝယ်သိပ်မလာကြဘူး''ဟု ဦးသန်းဦး ကပြောသည်။ ယခုနှစ်အတွင်း နွေစပါး အထွက်တိုးသည့် အပြင် တရုတ်နိုင်ငံမှ အဝယ်လိုက်သည့် အချိန်၌ တစ်ပတ်အတွင်း ဆန်တန်ချိန် ခြောက်သောင်းအထိ တင်ပို့နိုင်ခဲ့ပြီး လတ်တလောတွင် ဈေးကွက် အနည်းငယ် အေးနေခြင်းဖြစ်သည်။
ထို့ပြင် ယခုနှစ် နွေစပါးစိုက်ပျိုးမှု များသည့်အတွက် အထွက်နှုန်း များပြားရာ လက်ရှိတင်ပို့နေသည့် နိုင်ငံများနှင့်လည်း စာချုပ်တိုးမြှင့် ချုပ်ဆိုနိုင်ရန် ဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။ ပြီးခဲ့သည့် ဘဏ္ဍာ နှစ်က ပြည်ပသို့ အမေရိကန်ဒေါ်လာ ၁၁၃၆ ဒသမ ၉၁၈ သန်းတန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲတန်ချိန် ၃၅၇၆၅၂၉ ဒသမ ၉၄၇ တန် တင်ပို့ခဲ့ရာ လျာထားချက် ဆန်တန်ချိန် နှစ်သန်းထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံပေါင်း ၅၇ နိုင်ငံသို့ ဆန်တင်ပို့ခဲ့ပြီး နိုင်ငံပေါင်း ၃၃ နိုင်ငံသို့ ဆန်ကွဲ တင်ပို့နိုင်ကြောင်း သိရသည်။ယခုနှစ်တွင် ဆန်တန်ချိန် နှစ်သန်းခွဲ အထိတင်ပို့နိုင်ရန် လျာထားပြီး ယမန်နှစ်က တင်ပို့နိုင်မှုကို မီရန် အနည်းငယ် ခဲယဉ်းနိုင်ကြောင်း သိရသည်။
MWD
No comments:
Post a Comment