Latest News

Friday, May 25, 2018

ရန်ကုန်မြို့ အတွင်းကားပါကင် နေရာဦးမှုများကို ဖယ်ရှားလျက် ရှိသော်လည်း လိုက်နာမှု အားနည်းနေသေး

ရန်ကုန်မြို့ အတွင်းကားပါကင် နေရာဦးမှုများကို ဖယ်ရှားလျက် ရှိသော်လည်း လိုက်နာမှု အားနည်းနေသေး

ရန်ကုန်   မေ   ၂၄

ရန်ကုန်မြို့အတွင်း  ကားပါကင် နေရာဦးမှုများကို ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ လိုက်လံဖယ်ရှား ရှင်းလင်းလျက်ရှိသော်လည်း လိုက်နာမှု အားနည်းနေ သေးကြောင်း   ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ   အင်ဂျင်နီယာဌာန (လမ်း၊ တံတား) ဒုတိယဌာနမှူး ဦးစိုးသိန်း အာင်ထံမှ သိရသည်။

ကားပါကင် နေရာဦးမှုများကို ဟိုတယ်များ၊ ဘဏ်များ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၊ စားသောက်ဆိုင်များ၊ စုပေါင်းအိမ်ရာများနှင့် ကန်ထရိုက်တိုက်များရှေ့၌ အများဆုံး တွေ့နေရပြီး လက်ရှိအချိန်ထိ ကားပါကင် နေရာဦးမှုများ ရှိနေဆဲဖြစ်ကြောင်း    သိရသည်။

''အိမ်ရှေ့မှာ ပန်းအိုးတွေချထားတာတို့၊ ကားရပ်နားဖို့နေရာ ပိတ်ဆို့ထားတာတို့က ပြည်သူပိုင် လမ်းတွေဖြစ်တဲ့အတွက် တရားမဝင်ပါဘူး။ ကားပါကင် နေရာဦးမှုတွေကြောင့် တစ်ဦးနဲ့တစ်ဦး စကားများတာတို့၊ တိုင်တာတို့  တော်တော်များပါတယ်။ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ဖြေရှင်းပေးနေပါတယ်။အုပ်ချုပ်ရေးပိုင်းကစနစ်တကျ ဆောင်ရွက်နိုင်မှ ဒီလိုကိစ္စတွေ လျော့နည်း သွားမယ်''ဟု ဦးစိုးသိန်းအောင် ကပြောသည်။

ရန်ကုန်မြို့ရှိ   အများပြည်သူပိုင် လမ်းများပေါ်၌ ခုံများချခြင်း၊ ကြိုးများတန်း၍ ကားပါကင်နေရာ ဦးထားခြင်းတို့သည် ဥပဒေနှင့်မညီကြောင်း၊ ယခုအချိန်ထိ ရန်ကုန်မြို့၌ ကားပါကင် နေရာဦးမှုများကြောင့် စကားများ  ရန်ဖြစ်ခြင်းများ ရှိနေကြောင်း  သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း  ယာဉ်ရပ်နားရန်နေရာများ ပြန်လည်သတ်မှတ်ကာ ကားပါကင်ကြေး  စနစ်တကျ ကောက်ခံရန် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က ကျင်းပ သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး၌ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က  ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

MWD

No comments:

Post a Comment