Latest News

Thursday, May 17, 2018

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အဘယ်ကြောင့် ရပ်တန့်နေသနည်း

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အဘယ်ကြောင့် ရပ်တန့်နေသနည်း

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားတွင် ထိပ်ပိုင်းအလွှာနှင့် အောက်ဆုံးအလွှာကို ချိတ်ဆက်ပေးရန် အတွေ့အကြုံရှိပြီး စွမ်းရည်ပြည့်ဝသည့် အလယ်အလတ်အဆင့်အလွှာ ပျောက်ဆုံးနေသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီတည်ဆောက်မှုရပ်တန့်နေရသည့် အဓိကအကြောင်းရင်းတရပ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ဒီမိုကရေစီအကူးအပြောင်းတွင် အခက်ခဲများ၊ စိန်ခေါ်မှုများရှိနေသော်လည်း အားတက်စရာ အခြေအနေအချို့နှင့် သတင်းကောင်းအချို့ရှိနေကြောင်း ဆောင်းပါးရှင်က သုံးသပ်သည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် စတင်တာဝန်ထမ်းဆောင်သည်။ သို့သော် မြန်မာနိုင်ငံသည် ဒီမိုကရေစီတည်ဆောက်ရေးအတွက် ရုန်းကန် ကြိုးပမ်းနေရတုန်းဖြစ်သည်။ လေ့လာသူအချို့က မြန်မာနိုင်ငံတွင် ဒီမိုကရေစီတည်ဆောက်မှု ရပ်တန့်နေသည် ဟုပင် သုံးသပ် ကြသည်။

အနောက်အုပ်စုသတင်းဌာနများက မြန်မာနိုင်ငံအကြောင်း မကောင်းသတင်းများကိုသာ ဖော်ပြနေကြသည်။ ဘင်္ဂါလီ (ရိုဟင်ဂျာ)လူနည်းစုတွေ ညှဉ်းပန်းနှိပ်စက်ခံရသည်။ ယင်းသို့ ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် ၎င်းတို့သည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြသည်။ တရားရုံးများတွင် အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်နေသည်။ ဂျာနယ်လစ်များ ဖိနှိပ်ခံနေရသည်ဆိုသော သတင်းဆောင်းပါးများကိုသာ အနောက်နိုင်ငံ မီဒီယာများက ဆက်လက်ပြီးဖော်ပြနေကြသည်။

အစိုးရအပေါ် ပြစ်တင်ဝေဖန်သူများက ဒေါ်အောင်ဆန်းစုကြည်သည် ခေတ်မီ၊ တည်ငြိမ်တိုးတက်သော ဒီမိုကရေစီတရပ်ဖန်တီးရန် လိုအပ်သည်များကိုလုပ်ဆာင်ဖို့ ယုံကြည်ချက်မရှိဖြစ်နေသည်ဟု ဆိုကြသည်။ သို့ရာတွင် ဤသို့သောပြစ်တင်ဝေဖန်မှုများ မှားယွင်းနေသည်မှာ သေချာလုနီးဖြစ်ပါသည်။

စာရေးသူသည် ဖူးဘရိုက်ပညာရှင်အဖြစ် မန္တလေးတက္ကသိုလ်တွင် အချိန်လေးလကြာသင်ကြားပို့ချခဲ့သည်။ မန္တလေးတက္ကသိုလ်ဥပဒေစာသင်ကျောင်းသည် မြန်မာနိုင်ငံတွင် အကောင်းဆုံးအဖြစ် အဆင့်သတ်မှတ်ခံရ သည်။ သို့သော် ကျောင်းစာကြည့်တိုက်သည် စာကြည့်တိုက်သို့ လာရောက်သည့် ဧည့်သည်တဦးကို များစွာ အထောက်အကူပြုနိုင်ခြင်း မရှိပေ။ စာကြည့်တိုက်သည် နုံချာလှပြီး မီးရောင်များကို ခပ်မှိန်မှိန်ထွန်းထားသည်။ ကျောင်းပရိဝုဏ်၏အစိတ်အပိုင်းများ ပျက်စီးနေပြီး စာသင်နေချိန်အတွင်း၌ပင် ညစ်ပတ်ပေရေနေသော စာသင်ခန်းများကို ဖြတ်သန်းကာ ငှက်များပျံနေကြသည်။ ဥပမာ မဟာဌာန၏အလယ်အလတ်အလွှာ တခုလုံးနီးပါးပျောက်ဆုံးနေသည်။

အတွေ့အကြုံရှိ၊ အသက်အရွယ်ကြီးကြီး ဥပဒေပါမောက္ခအချို့ ရှိကြပါသည်။ သူတို့သည် စစ်တပ်မှအုပ်ချုပ်မှုကို ဆယ်စုနှစ်ပေါင်းများစွာကြာ ကြုံတွေ့ခဲ့ရပြီး အသက်ရှင်သန်ကျန်ရစ်ခဲ့သူများ ဖြစ်ကြသည်။ သူတို့သည် အနာဂတ်တွင် အေးဆေးသက်သာနေထိုင်လိုသည့်စိတ်ရှိသူများဖြစ်ကြသည်။ တက်တက်ကြွကြွ လုပ်ချင်ကိုင် ချင်စိတ်မရှိကြတော့ပေ။ ဥပဒေဘာသာရပ်ဖြင့် ပီအိတ်ခ်ျဒီဘွဲ့ရ ငယ်ငယ်ရွယ်ရွယ် ဆရာ၊ ဆရာမများရှိကြ ပါသည်။ သူတို့သည် ပညာထူးချွန်ပြီး သိချင်တတ်ချင်စိတ်ရှိကြသော်လည်း အတွေ့အကြုံမရှိကြပေ။ ဥပဒေမဟာဌာနတွင် ယင်းအုပ်စုနှစ်ခုအကြား မျိုးဆက်တခုပျောက်ဆုံးနေပါသည်။ အဆိုပါ မျိုးဆက်သည် တက္ကသိုလ်များပိတ်ထားချိန်အန္တရာယ်ရှိသည့် ဘာသာရပ်များကို သင်ကြားခြင်းမပြုရန် ပိတ်ပင်ခံထားရချိန်တွင် အရွယ်ရောက်ကြီး ပြင်းခဲ့ရသူများဖြစ်ကြပါသည်။

ဥပဒေမဟာဌာနတွင် အလယ်အလတ်အလွှာ ဆရာ၊ ဆရာမများ မရှိမူက ဥပဒေစာသင်ကျောင်းမှ အတွေ့အကြုံနှင့်အတူ ရရှိလာသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိဥာဏ်ပညာနှင့် သတ္တိများပျောက် ဆုံးနေသည့် အဓိပ္ပာယ်ဖြစ်သည်။ အဆိုပါကွက်လပ်ကို ဖြည့်ဆည်းပေးရန် လွယ်ကူသောနည်းလမ်းမရှိသလို ပျောက်ဆုံးနေသောစွမ်းပကားများ ဖွံ့ဖြိုးတိုးတက်ရန် အချိန်ယူရမည်။ ယင်းတို့တွင် ကျွမ်းကျင်မှုများစွာ ပါဝင်သည်။ အဆိုပါကျွမ်းကျင်မှုများသည် လွတ်လပ်စွာတွေးခေါ်မှု၊ လွတ် လပ်စွာထုတ်ဖော်ပြောကြားမှု၊ ရှေ့ဆောင်ရှေ့ရွက်ပြုလုပ်လိုသည့် ပြင်းပြ သောစိတ်ဓာတ်၊ ရိုးသားသည့်အလေ့အထများနှင့် ပတ်သက်ဆက်နွှယ်နေသလို ခိုင်မာအားကောင်းသည့် ဒီမိုကရေစီတရပ်နှင့် ခွဲခြား၍မရနိုင်ပေ။

မြန်မာ့နိုင်ငံရေးအတွေ့အကြုံရှိ အနောက်အုပ်စုလေ့လာသူများက ဒေါ်အောင်ဆန်းစုကြည်သည် အလားတူပြဿနာကို ကြုံတွေ့နေရသည်ဟု ဆိုကြသည်။ ယင်းမှာ အစိုးရယန္တရားအတွင်း အရည်အချင်း အစွမ်းအစရှိသည့် အလယ်အလတ်အလွှာတခု ပျောက်ဆုံးနေခြင်းဖြစ်သည်။ အားပျော့သည့် ဒီမိုကရေစီ အစိုးရတရပ်လက်အောက်၌ပင်လျှင် အတွေ့အကြုံရှိပြီး ခေါင်းဆောင်ဖြစ်ရန် အလားအလာရှိသူများပေါ် ထွက်လာဖို့ အခြေအနေမရှိဟု စာရေးသူက သုံးသပ်သည်။

မြန်မာနိုင်ငံသည် ပြည့်ဝသောဒီမိုကရေစီစနစ်သို့ ပိုမိုလျင်မြန်စွာ ရွေ့လျားသွားနိုင်ရန် အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်ချို့တဲ့နေသည်။ ခိုင်မာသော အခြေခံပညာတရပ်ရရှိမှု၊ ကောင်းမွန်သော ကောလိပ်များ၊ တက္ကသိုလ်များ တွင် တက်ရောက်ရမှု၊ လွတ်လပ်သောစာနယ်ဇင်းများကို ဖတ်ရှုရမှု၊ ဒီမိုကရေစီအသိုင်းအ၀န်းတခုတွင် နေထိုင်ရမှုတို့မှ ပေါ်ထွက်လာသောဥာဏ်ပညာအတွေ့အကြုံနှင့် သတ္တိတို့မြန်မာ့လူ့အဖွဲ့အစည်းတွင် ချို့တဲ့နေသည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံအတွက် သတင်းကောင်းအချို့ ရှိနေပါသည်။ မြန်မာနိုင်ငံတွင် ပိုမိုအားကောင်းသော နိုင်ငံရေးနှင့်အရပ်ဘက်အဖွဲ့အစည်းများ တည်ဆောက်ရန်ကိစ္စသည် နည်းလမ်း အမျိုးမျိုးဖြင့် ဆက်လက်ပြီး တည်ရှိနေသည်။

အရာရာတိုင်းကို စိတ်ဝင်စားမှု၊ စူးစမ်းလေ့လာမှုရှိကြသော ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများသည် မန္တလေးမြို့ရှိ ဂျက်ဖာဆင် စင်တာနှင့် ရန်ကုန်မြို့ရှိ အမေရိကန်စင်တာတို့တွင် ပုံမှန်ပြည့်နှက်နေပါသည်။ သူတို့သည် အဆိုပါစင်တာများတွင် ဟောပြောပွဲများကို တက်ရောက်နားထောင်ကြသည်။ အင်တာနက်အသုံးပြုကြသည်။ အခြားသော ပြုပြင်ပြောင်းလဲရေးသဘောထားရှိသူများနှင့် တွေ့ဆုံကြသည်။ ဆွေးနွေးကြသည်။

စာရေးသူစာသင်သည့်အတန်းများတွင် ကျောင်းသားများသည် ပြည်သူ့ဘ၀တွင် လူ့ကျင့်ဝတ်၏အရေးပါ မှုကိုလေ့လာကြသည်။ ကမ္ဘာတ၀န်းတွင် ဖြစ်ပေါ်နေသော ဒီမိုကရေစီ၏အန္တရာယ်များကို လေ့လာကြသည်။ ပိုမိုအားကောင်းသည့် ဒီမိုကရေစီတည်ဆောက်ရေးအတွက် အခွင့်အလမ်းများနှင့်ပတ်သက်ပြီး စာတမ်းများရေး ကြသည်။ အစိုးရ ပညာရေးဌာနနှင့် အသက်မွေးဝမ်းကျောင်းအလုပ်များတွင် အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက် ရန် ဥပဒေကိုမည်သို့မည်ပုံ အသုံးပြုရမည်နှင့် ပတ်သက်ပြီး စာသင်ခန်းတွင်းတင်ဆက်မှုများကို ပြုလုပ်ကြသည်။ သူတို့သည် လွတ်လပ်သော ကုန်သွယ်မှု၏ကောင်းကွက်များနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ၏ ဆိုးကျိုးများကို နှိုင်းယှဉ်ဆွေးနွေးကြသည်။

ဥပဒေမဟာဌာနမှ ငယ်ရွယ်သောဆရာ၊ ဆရာမများသည် မန္တလေးတက္ကသိုလ် ဥပဒေစာသင်ကျောင်း၏ ၂၅ နှစ်မြောက်နှစ်ပတ်လည်နေ့ ကွန်ဖရင့်တွင် လူ့အခွင့်အရေး၊ အစုရှင်ကုစားခြင်းများ၊ ပတ်ဝန်းကျင် ဆိုင်ရာဥပဒေ၊ အမျိုးသမီးများ၏အဆင့်အတန်း၊ ကလေးအခွင့်အရေး စသည့်အရေးကြီးအကြောင်းအရာများနှင့်ပတ်သက်ပြီး စာတမ်းများ ဖတ်ကြားခဲ့ကြသည်။

စာရေးသူသည် နေပြည်တော်တွင် လွှတ်တော်ကိုယ်စားလှယ် သုံးဒါဇင်ခန့်ကို သင်တန်းသုံးကြိမ်ပေးခဲ့သည်။ ဆွေးနွေးပွဲခေါင်းစဉ်များမှာ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးအမှီခိုကင်းမှုနှင့် နိုင်ငံတကာကုန် သွယ်မှုဥပဒေတို့ဖြစ်ကြသည်။ ယင်းသင်တန်းကို အမေရိကန်နိုင်ငံခြားရေးဌာနက ရန်ပုံငွေထောက်ပံ့ပြီး အမျိုးသားဒီမိုကရေစီအင်စတီကျူက ကမကထပြုဖွင့်လှစ်ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ဘာသာပြန်ပေးသူမှတဆင့် ကျွန်ုပ်၏ဟောပြောချက်များကို ဂရုတစိုက်နားထောင်ကြသည်။ မြန်မာဘာသာ ပြန်ဆလိုက်များကို အလေးအနက် လေ့လာမှတ်သားကြသည်။ မရှင်းလင်းသည်များကို မေးခွန်းများမေးမြန်း ကြသည်။

စာရေးသူတင်ပြနေသည်မှာ မြန်မာနိုင်ငံသည် ဖွဲ့စည်းမှုဆိုင်ရာ စွမ်းရည်ချို့တဲ့မှုများကို တနည်းတဖုံဖြည့် ဆည်းနေသည်။ အထက်လွှာနှင့် အောက်ဆုံးလွှာကို ကောင်းစွာချိတ်ဆက်ပေးမည့်အတွေ့အကြုံနှင့် စွမ်းရည် ပြည့်ဝသော အလယ်အလတ်လွှာတခုတဖြည်း ဖြည်းချင်းဖြစ်ထွန်းနေကြောင်း ဆိုလိုခြင်းဖြစ်ပါသည်။

ထိရောက်မှုရှိသည့် ဒီမိုကရေစီစနစ်တခု တည်ဆောက်ရေးသည် အချိန်ယူရသည်။ အထူးသဖြင့် မကြာသေးသောအတိတ်ကာလက ရက်စက်ကြမ်းကြုတ်မှုများရှိခဲ့ပြီး ဒီမိုကရေစီဆန့်ကျင်ရေးအင်အားစုများ အားကောင်းနေချိန်တွင် ဒီမိုကရေစီတည်ဆောက်ရေးသည်ပိုပြီးအချိန်ယူရသည်။ အမေရိကန်ပြည်ထောင်စု အနေနှင့် မြန်မာပြည်သူလူထုနှင့် ဆက်လက်ပြီး ထိတွေ့ဆက်ဆံနေဖို့၊ အနာဂတ်အတွက် ၎င်းတို့၏ အကောင်းဆုံးမျှော်လင့်ချက်များကို ဆက်လက်ပံ့ပိုးနေဖို့ လိုအပ်ပါသည်။

အဆိုပါမျှော်လင့်ချက်များသည် သဘာဝကျပါသည်။ ဈေးများ၊ တက္ကသိုလ်ပရိဝုဏ်များနှင့် လမ်းမများပေါ်တွင် မြန်မာလူမျိုးများ၏ ပြုံးပျော်နေသောမျက်နှာများကို လေ့လာသူတဦးတယောက်အနေနှင့် မြင်တွေ့နိုင်ပါသည်။ ဒီမိုကရေစီသည် အာဏာရှင်စနစ်ထက် ပိုမိုကောင်းမွန်ကြောင်း သူတို့သိကြပါသည်။ သူတို့သည် အထီးကျန်နေရခြင်းထက် ကမ္ဘာကြီးနှင့် ထိတွေ့ဆက်ဆံနေခြင်းကို ပိုမိုသဘောကျနှစ်ခြိုက်ကြပါသည်။

အနည်းဆုံးတော့ မြို့ကြီးများ၌ လူတိုင်းတွင် ဆယ်လူလာဖုန်းတလုံးနှင့် ဖေ့စ်ဘွတ်အကောင့်တခုရှိ နေကြပြီဖြစ် ပါသည်။ မော်တော်ကားများသည် အများစုအတွက် ဈေးကြီးလွန်းသော်လည်း အပေါ့စားမော်တော် ဆိုင်ကယ် များကို နေရာအနှံ့တွေ့မြင်နေရပါသည်။ ဖုန်းပြောနေကြသူများ၊ ဆိုင်ကယ်တစီးကို မကြာခဏဆိုသလို နှစ်ယောက်၊ သုံးယောက်သို့မဟုတ် လေးယောက်ထိ စီးနေကြသူများကို တွေ့မြင်ရသည်မှာ သူတို့ပျော် ရွှင်နေကြကြောင်း သိသာထင်ရှားပါသည်။ ယခုလို အခြေအနေမျိုးရောက်အောင် လွန်ခဲ့သောနှစ်အနည်း ငယ်အတွင်း ဘယ်လောက်ဝေးဝေးလှမ်းခဲ့ရသည်ကို သူတို့သိရှိနားလည်ကြပါသည်။ သူတို့သည် အတိတ်ကို ပြန်မသွားလိုကြဘဲ အနာဂတ်ကိုသာ လျှောက်လှမ်းလိုကြပါသည်။

မြန်မာနိုင်ငံတွင် လတ်တလောကြုံတွေ့နေရသည့်အခက်အခဲများနှင့် အခက်အခဲများကို ဥုံဖွဟု မန်းမှုတ်ကာ ဖြေရှင်းနိုင်မည်မဟုတ်သလို နည်းလမ်းလည်းမရှိသေးပေ။ ထိရောက်သော ဒီမိုကရက်တစ် အဖွဲ့အစည်းများ ဖွံ့ဖြိုးရေးသည် အကောင်းဆုံးအချိန်များ၌ပင် နှေးကွေးနေတတ်သည်။ တချိန်တည်းတွင် အမေရိကန် ပြည်ထောင်စုသည် ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်း၊ ပညာရေးဆိုင်ရာဖလှယ်မှုများ၊ သံတမန်ရေးရာ အထောက်အကူပြုမှုတို့ကို တိုးမြှင့်ပြီးအရေးပါသော ပေါင်းကူးတံတားများကို ဖွံ့ဖြိုးအောင်လုပ်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ခိုင်မာသောရင်းနှီးမြှုပ်နှံမှုတရပ်ပေါ် ထွန်းလာအောင်လုပ်ဆောင်သင့်ပေသည်။

News Watch

S.M

Ref: (Why is Democracy Stalled in Myanmar by Vincent R.Johnson, Express News)

 

No comments:

Post a Comment