Latest News

Wednesday, May 16, 2018

ရန်ကုန်ဘူတာကြီး ဘက်စုံအဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ကန်ထရိုက်တာနှင့် ညှိနှိုင်းရန် ကျန်ရှိနေ၍ လာမည့် နှစ်လအတွင်း စာချုပ် ချုပ်ဆိုနိုင်မည်

ရန်ကုန်ဘူတာကြီး ဘက်စုံအဆင့်မြှင့်တင်ရေး စီမံကိန်းအတွက်  ကန်ထရိုက်တာနှင့် ညှိနှိုင်းရန် ကျန်ရှိနေ၍ လာမည့် နှစ်လအတွင်း စာချုပ် ချုပ်ဆိုနိုင်မည်

ရန်ကုန်   မေ   ၁၅

ရန်ကုန်ဘူတာကြီး  ဘက်စုံအဆင့်မြှင့်တင်ရေး စီမံကိန်းအတွက်  စာချုပ်ချုပ်ဆိုရန် လုပ်ကိုင်ခွင့်ရ ကန်ထရိုက်တာနှင့်  ညှိနှိုင်းရန် ကျန်ရှိနေ၍ လာမည့်နှစ်လ အတွင်းမှသာလျှင် စာချုပ် ချုပ်ဆိုနိုင် မည်ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး  ရုံပိုင်ချုပ်ကြီး ဦးအောင်နိုင်မြင့်ထံမှ သိရသည်။

အဆိုပါစီမံကိန်းအတွက် လိုအပ်သော မြေတိုင်းတာခြင်းကို   စီမံကိန်း တာဝန်ခံ အရာရှိများ၊ ကြီးကြပ်ရေးမှူးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊   တင်ဒါအောင်မြင် သည့် ကုမ္ပဏီမှ   တာဝန်ခံအင်ဂျင်နီယာများက တိုင်းတာခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စာချုပ်ချုပ်ဆိုနိုင်ရန် ပြင်ဆင်ညှိနှိုင်းမှုများ ဆောင်ရွက်နေကာ စာချုပ်ချုပ်ဆိုပြီးမှသာ လုပ်ငန်းများ စတင်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ထို့ပြင် မြေယာပိုင်ဆိုင်မှု အထောက်အထားများ သေချာစွာ ပြန်ယူခြင်း၊ ပရီမီယံကြေးများအတွက် မှန်ကန်စေရန် ပြန်တိုင်းတာခြင်း  စသည့်အချက်များလည်း ပါဝင်ကြောင်း သိရသည်။

''အခုမှစပြီး ညှိနှိုင်းနေတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ စာချုပ်ချုပ်ဆိုဖို့က နှစ်လလောက်ကြာဦးမယ်။ မြေယာ တိုင်းတာမှုတွေတော့ လုပ်နေပါတယ်။ နယ်ခြားမှန်ကန်မှုရှိ၊ မရှိအတည်ပြုနိုင်ဖို့ နှစ်ကာလကြာနေပြီဆိုတော့ ပိုင်ဆိုင်တဲ့ မြေအပိုင်း ရွေ့လျားကုန်မှာစိုးလို့ တိုင်းတာမှုတွေကို လုပ်ရတာပါ''ဟု ဦးအောင်နိုင်မြင့် ကပြောသည်။

ယင်းစီမံကိန်းမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး စီမံကိန်းဧရိယာ အနေဖြင့်  ၂၅ ဒသမ ၇ ဟက်တာအနက်မှ မြေပြင်ဧရိယာ ၁ ဒသမ ဝ၉ စတုရန်းမီတာ   အကျယ်အဝန်းပေါ်၌ ဆောက်လုပ်ရေး လုပ်ငန်းများ  ဆောင်ရွက်မည်ဖြစ်သည်။

စီမံကိန်းအတွက် ၂ဝ၁၄ ခုနှစ်အတွင်းက  တင်ဒါစတင် ခေါ်ယူခဲ့ပြီး ၂ဝ၁၅ ခုနှစ်က ယင်းတင်ဒါကို ပယ်ဖျက်ခဲ့ ကြောင်း၊ ၂ဝ၁၅ ခုနှစ်  နှစ်လယ်ပိုင်းတွင် ဒုတိယအကြိမ် တင်ဒါခေါ်ယူခဲ့ပြီး  လုပ်ငန်း အစုအဖွဲ့ပေါင်း ၁၈ ခုအနက်  ၁၅ ခုကို ပဏာမရွေးချယ်ခဲ့ရာ  စင်ကာပူ အခြေစိုက် Oxley Holdings Limited မြန်မာမင်းဓမ္မကုမ္ပဏီ၊ တရုတ်နိုင်ငံမှ Sino Great Wall ကုမ္ပဏီတို့ ပူးပေါင်းထားသည့် အဖွဲ့က တင်ဒါ အောင်မြင်ခဲ့ကြောင်း သိရသည်။

MWD

No comments:

Post a Comment