Latest News

Wednesday, May 16, 2018

ဒုဋ္ဌဝတီကို လွန်၍

ဒုဋ္ဌဝတီကို လွန်၍

လတ်တလော မြန်မာ့ရုပ်ရှင် ရုံတင်ဇာတ်ကားများ အနက်မှ ပရိသတ်စိတ်ဝင် စားမှုကို အမြင့်ဆုံးရရှိထားသည့်''ဒုဋ္ဌဝတီကို လွန်၍''ရုပ်ရှင်ကို ရွေးချယ်ကြည့်ရှု ဖြစ်သည်။ ''ဒုဋ္ဌဝတီကို လွန်၍'' ရုပ်ရှင်သည် Golden Hour Entertainmentမှ ပွဲဦးထွက်တင်ဆက်လာသည့် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ အာကာ ၏ ဖန်တီးမှုလက်ရာဖြစ်သည်။

''ဒုဋ္ဌဝတီကို လွန်၍''  ရုပ်ရှင်ကို ကြည့်ရှုပြီးသောအခါ ရုပ်ရှင်ချစ်ပရိသတ် တစ်ဦးအနေဖြင့် ဦးစားပေးရေးသားလိုသည်က ဇာတ်ဆောင်များ ရွေးချယ် နေရာချထားမှု ဖြစ်သည်။ နိုင်းနိုင်းနှင့် ဇော်ဇော်အောင် တွဲဖက်မှုအပြင် သရုပ်ဆောင်   ဆန်းထွဋ်ကို  ရဲအရာရှိအဖြစ်မြင်တွေ့ရသည်က  စိတ် ကျေနပ်ဖွယ်ရာ ရွေးချယ်မှုဟု ဆိုရပေမည်။ လူကြမ်းသရုပ်ဆောင်ဘက်ခြမ်းတွင်Joe Moreiraနှင့် နော်အောင်တို့နှစ်ဦး၏ တွဲဖက်မှုကို မြင်တွေ့ရသည်။

သရုပ်ဆောင်များအကြောင်း   ရွေးထုတ်ပြောရပါလျှင် Joe Moreira  နှင့် နော်အောင်တို့တွဲဖက်မှုတွင်  နော်အောင်၏ သရုပ်ဆောင်ချက်များနှင့်  ပုံရိပ်များက  ပရိသတ်ကို  ပိုမိုဆွဲဆောင်နိုင်ခဲ့သည်။  အဘယ်ကြောင့်ဆိုသော်   Joe Moreira  ၏ သရုပ်ဆောင်ဟန်များနှင့် စကားပြောဟန်များတွင် ဟာကွက် များစွာရှိနေသည်။  အသံပိုင်း သရုပ်ဆောင်မှုတွင် ခံစားသက်ဝင်မှုနှင့် အသံ ပီသ ရှင်းလင်းမှုအားနည်းသည်ဟု ထင်မိသည်။

ထို့ကြောင့် လူကြမ်းဘက်ရှိ တွဲဖက်သရုပ်ဆောင်နှစ်ဦးကို နှိုင်းယှဉ်မိ သောအခါ  Joe Moreira  ၏ သရုပ်ဆောင်ဟန်များထက် နော်အောင်သရုပ် ဆောင်မှုကိုသာ ပိုမိုနှစ်သက်မိသည်။  ထို့ပြင်  နောက်ဆုံးဇာတ်ဝင်ခန်းများထဲမှ အရေးကြီးဇာတ်ဝင်ခန်းဖြစ်သည့် နိုင်းနိုင်းနှင့် နော်အောင်၏ အက်ရှင်ဇာတ်ဝင် ခန်းသည် ပရိသတ်၏အာရုံကို ဖမ်းစားနိုင်ခဲ့သော ဇာတ်ဝင်ခန်းဖြစ်ခဲ့သည်။

ထပ်မံ၍   ဤဇာတ်လမ်း၏  အကြိုက်ဆုံး တွဲဖက်မှုကို ဖော်ပြရလျှင်  အဓိကသရုပ်ဆောင် နိုင်းနိုင်းနှင့်  သရုပ်ဆောင်ဇော်ဇော်အောင်တို့၏ တွဲဖက် မှုဖြစ်သည်။ လိုက်ဖက်ညီသော တွဲဖက်မှုအဖြစ် ဇာတ်လမ်းတောက်လျှောက် တွင်   ကြည့်ရှုခံစားကြခြင်းကြောင့် ပရိသတ်များအတွက် စိတ်ကျေနပ်ဖွယ်ရာ ဖြစ်ခဲ့သည်။

တစ်ဦးချင်းအကြောင်းကို ထပ်မံရွေးချယ်ပြောရ လျှင်  သရုပ်ဆောင် နိုင်းနိုင်းအကြောင်းကို ဦးစွာဖော်ပြ လိုပါသည်။   ဇာတ်ကားရိုက်ကူးမှုများ  အနားယူထားရာမှ အနုပညာလမ်းကြောင်းပေါ်သို့   ပြန်တက်လာသော     မင်းသားတစ်ဦးအနေဖြင့် နိုင်းနိုင်း၏ တစ်ကျော့ပြန် ခရီးသည် အောင်မြင်သည်ဟု အကြမ်းဖျင်းယူဆနိုင်သည်။  နိုင်းနိုင်း၏ ဇာတ်ကောင်ရွေးချယ်မှုသည်      မှန်ကန်သော အခြေအနေတစ်ခုဖြစ်ခဲ့ရုံမက   တစ်ခေတ်တစ်ခါက ဗီဒီယိုဈေးကွက်များတွင် အတွေ့ရများခဲ့သော နိုင်းနိုင်း၏ သွင်ပြင်များ ပျောက်ကွယ်သွားသည်အထိ ဤဇာတ်လမ်း ထဲတွင် သူ့အရှိန်အဝါကို ခံစားမိစေခဲ့သည်။ ယခင်မြင် တွေ့ခဲ့ဖူးသော ဇာတ်ကောင်ပုံစံများမှ ခွဲထွက်၍ နိုင်းနိုင်း ကို ပုံစံသစ်ဖြင့်  တွေ့မြင်ရသည်။ ထို့ကြောင့် ကာလရှည် အနုပညာသက်တမ်းတစ်ခုကို ဖြတ်သန်းပြီးသောအခါ နိုင်းနိုင်းသည် သူနှင့်လိုက်ဖက်သော ဇာတ်ကောင်ပုံစံတစ်ခု ကို ဤရုပ်ရှင်မှတစ်ဆင့် ပရိသတ်ထံသို့ ရွေးချယ်ချပြ နိုင်ခဲ့ပြီဟု ဆိုချင်သည်။

ထပ်မံဖော်ပြပေးရမည့်သူက အောင်မင်းအဖြစ်    သရုပ်ဆောင်ခဲ့သော သရုပ်ဆောင်ဇော်ဇော်အောင်ဖြစ် သည်။ ဇော်ဇော်အောင်၏   အနုပညာသက်တမ်း
တစ်လျှောက်တွင်  လုပ်ပိုင်ခွင့်အရဆုံး ဇာတ်ကောင် တစ်ခုကို ''ဒုဋ္ဌဝတီကို လွန်၍'' ရုပ်ရှင်တွင် လုပ်ခွင့်ရခဲ့ သည်ဟု ထင်မိသည်။   အောင်မင်းအဖြစ် ဇာတ်ကောင် စရိုက်ခိုင်မာရုံသာမက ဇာတ်လမ်းတွင် ပါဝင်ပတ်သက်မှု အနေအထားအရ အရေးပါသော ဇာတ်ကောင်တစ်ခု ဖြစ်သည်။ ထို့ပြင် ချီးကျူးရမည့်အချက်က ဇော်ဇော်အောင် သည် ရရှိလာသော  အခွင့်အရေးတွင် သူ၏သရုပ်ဆောင် ပညာကို ကောင်းစွာအသုံးချနိုင်ခဲ့ခြင်းဖြစ်သည်။ မြင်တွေ့ နေကျ ဇော်ဇော်အောင်၏ပုံရိပ်များမှ ကွဲထွက်သည်အထိ ဤရုပ်ရှင်တွင် အောင်မင်း၏  ဇာတ်ရုပ်ကို   အမိအရ   ဖမ်းယူပြခဲ့သည်။ ထက်ပိုင်နှင့် ဆောင်းနန္ဒာကြားတွင်     မောပန်းနေရသော     ရုပ်ရှင်ကြည့်ပရိသတ်များအတွက် အောင်မင်း၏   အလွဲများသည်   စိတ်အပန်းဖြေစရာ ဖြစ်လာသည်။ ရုပ်ရှင်ကြည့်ရင်း   လေးလံလာသော ပရိသတ်၏အာရုံကို အောင်မင်းဇာတ်ကောင်နေရာမှ ဇော်ဇော်အောင်က လှုပ်နှိုးပေးနိုင်ခဲ့သည်။

ထပ်မံ၍ ဤရုပ်ရှင်တွင် အဓိကဇာတ်ဆောင် အဖြစ် ပါဝင်ထားသော သရုပ်ဆောင်အမွန်းအကြောင်း ဝေဖန် ရေးသားမှုပြုလိုပါသည်။   အမွန်းသည် ဤရုပ်ရှင် တွင် အဓိကဇာတ်ကောင် ဆောင်းနန္ဒာအဖြစ် သရုပ်ဆောင် ရပြီး ဇာတ်လမ်း၏ဇာတ်ကြောင်း ပြောသူနေရာအပြင်  ဇာတ်လမ်းအကြောင်းအရာကို      အဓိကဖော်ထုတ်သူ ဇာတ်ကောင်အဖြစ်ပါ သရုပ်ဆောင်ရသည်။  ဇာတ်ကောင်  ဆောင်းနန္ဒာ တစ်ဖြစ်လဲအမွန်း၏ နောက်ခံစကားပြောများ သည် ဇာတ်လမ်းအရွေ့ကို သယ်ဆောင်ပေးခြင်းဖြစ်ရုံမက ဇာတ်ရှိန် အတက်၊ အကျနှင့် ပရိသတ်အာရုံကိုပါ ဆွဲခေါ် ရမည့် တာဝန်ဖြစ်နေသည်။

သို့သော်  သရုပ်ဆောင်အမွန်း၏ ခံစားသက်ဝင်မှု အားနည်းသော စကားပြောဟန်များ၊ အနိမ့်၊ အမြင့်၊ အတက်၊ အကျ သဘောမရှိသော အသံပိုင်းသရုပ်ဆောင် ချက်များက ဇာတ်လမ်း၏ ဇာတ်ရှိန်ကို မမြှင့်တင်ပေးနိုင် သည့်အပြင် ဇာတ်လမ်း၏အရသာကိုပါ လျော့ကျစေခဲ့ သည်။

ထို့ကြောင့် ဒါရိုက်တာအာကာ၏ ဇာတ်ဆောင် ရွေးချယ်မှုတွင် သရုပ်ဆောင်အမွန်းကို ရွေးချယ်အသုံးပြု မှုသည် အကြီးမားဆုံးသော လွဲချော်မှုဟု သုံးသပ်မြင်မိ သည်။  သရုပ်ဆောင်အသစ်တစ်ဦးအနေဖြင့်  အမွန်း သည် သရုပ်ဆောင်ပိုင်းတွင် ကြိုးစားလုပ်ဆောင်ခဲ့ သော်လည်း  မနိုင်ဝန်ထမ်းသည့် အနေအထားမျိုး ဖြစ်ခဲ့ရ ပြီး တွဲဖက်သရုပ်ဆောင်ရသည့် ဝါရင့်သရုပ်ဆောင် နှစ်ဦးကြားတွင် တွဲစပ်မရတဲ့အခြေအနေ ဖြစ်ခဲ့ရသည်။

ဆက်လက်၍ ရေးသားရလျှင်  ''ဒုဋ္ဌဝတီကို လွန်၍'' ရုပ်ရှင်မှ ဒါရိုက်တာအာကာ၏ ဖန်တီးတင်ဆက်မှုများ အကြောင်း ဖြစ်ပါသည်။ ဇာတ်လမ်းဖော်ပြမှုတွင် ရုပ်၊ သံအရည်အသွေး လိုအပ်ချက်များစွာ ရှိနေသည်။ ထို့ပြင် ဇာတ်လမ်းပိုင်းတွင် ချဲ့ကားဖော်ပြမှုများကိုလည်း  ရုပ်ရှင် ကြည့်ရင်း ခံစားမိသည်။ ဥပမာအားဖြင့် တံတားပေါ်တွင် ဗုံးပေါက်သော  ဇာတ်ဝင်ခန်းသည်  ဖော်ပြချက်အပို ဟုသာမြင်မိသည်။      ထို့ပြင် နော်အောင်နှင့် နိုင်းနိုင်းတို့၏    အက်ရှင်ဇာတ်ဝင်ခန်းတွင်  ဒိုင်း၊ လက်နက်များကို    ထည့်သွင်းအသုံးပြုထားခြင်းသည် လိုအပ်ခြင်း ရှိ၊ မရှိ အတွေးပွားစရာ  ဖြစ်လာသည်။ သရုပ်ဆောင်နှစ်ဦး၏ အနေအထားအားဖြင့် ဇာတ်ရှိန် မြင့်တက်နေချိန်တွင် မလိုအပ်သော အပိုအသုံးချမှုများဟု ထင်မိသည်။ မပီပြင်သော ဖန်တီးမှုများကြားတွင် အမှား များ   ဖောင်းပွလာခြင်းကလွဲ၍  ဇာတ်လမ်းအပေါ် အထောက်အပံ့ မပြုနိုင်သော အသုံးပြုမှုတချို့အဖြစ်  ထိုအရာများကို ရှုမြင်မိသည်။

ဤနေရာတွင် ဇာတ်လမ်းနှင့်ပတ်သက်၍ ချီးကျူးမှု တစ်ခု ရွေးထုတ်ရေးရပါလျှင် ဇာတ်လမ်းနှင့် လိုက်ဖက် သော  ဇာတ်ဝင်တေးများ အသုံးပြုနိုင်မှုသည်  ဤရုပ်ရှင် ၏ အကောင်းဆုံး ဖော်ပြချက် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ''ဒုဋ္ဌဝတီကို လွန်၍'' ရုပ်ရှင်သည် လက်ရှိမြန်မာ့ရုပ်ရှင် ဇာတ်ကားများကြားတွင်  ပုံစံသစ် ဖြင့်   ဖောက်ထွက်လာသည်မှာ  အမှန်ပင်ဖြစ်သည်။ အားသာချက်များနှင့် အားနည်းချက်များ ဒွန်တွဲရှိနေ သော်လည်း ဖန်တီးသူများ၏ ဖြူစင်သော စေတနာအားကို ဖြင့် အသိအမှတ်ပြုရပေလိမ့်မည်။

ထို့ကြောင့် ရုပ်ရှင်ပိတ်ကားပေါ်တွင် အောင်မြင်စွာ နေရာယူခဲ့ပြီဖြစ်သော ဒုဋ္ဌဝတီ၏ စီးဆင်းမှုအလှကို  ပရိသတ်များဘက်က  ခံစားကြည့်ရှုပေးရန် လိုအပ်ပါ ကြောင်း ညွှန်းဆိုရပေသည်။     ။

ဆွေဇင်နေမင်း

No comments:

Post a Comment