Latest News

Wednesday, May 16, 2018

ထူးခြားမှုများနဲ့ဝေဆာခဲ့တဲ့ ပရီမီယာလိဂ်ရာသီသိမ်းပြီ

ထူးခြားမှုများနဲ့ဝေဆာခဲ့တဲ့ ပရီမီယာလိဂ်ရာသီသိမ်းပြီ

ကမ္ဘာပေါ်မှာ လူစိတ်ဝင်စားမှု အမြင့်ဆုံးလိဂ်တွေထဲက တစ်ခုဖြစ်တဲ့ ပရီမီယာလိဂ်ပြိုင်ပွဲဟာ ပြီးခဲ့တဲ့ မေ ၁၃ ရက်မှာ ၁ဝပွဲလုံး တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ယှဉ်ပြိုင် ပြီး ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဒီနှစ်ပရီမီယာလိဂ်ဟာ ရာသီမသိမ်းခင်ကတည်းက ချန်ပီယံအသင်းစောစောစီးစီး ထွက်ပေါ်ခဲ့ပြီး ချန်ပီယံမန်စီးတီးအသင်းဟာ ရမှတ် ၁ဝဝ နဲ့ အမှတ်ပေးဖလားကို ရရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်းကိုပါ ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။  ဒီရာသီမှာ အမှတ်ပေး ဇယားပထမနဲ့  ဒုတိယနေရာကို  မန်ချက်စတာမြို့ခံအသင်း ဖြစ်တဲ့ မန်စီးတီး၊  မန်ယူတို့က ရယူခဲ့သလို မန်စီးတီးက ပရီမီယာလိဂ်ဖလားနဲ့ လိဂ်ဖလားနှစ်လုံးကို ရယူထားပြီး မန်ယူအသင်းကလည်း မေ ၁၉ ရက်မှာ အက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ် ချယ်လ်ဆီးအသင်းနဲ့ ဖလားလုရမှာဖြစ် ပါတယ်။  ဒါကြောင့်  ဒီနှစ်ဘောလုံးရာသီ အောင်မြင်မှုကို မန်ချက်စတာ မြို့ခံအသင်းတွေက ပိုင်စိုးထားပြီး မန်ယူ အသင်းသာ မေ ၁၉ ရက် ဗိုလ်လုပွဲမှာ ဗိုလ်စွဲခဲ့မယ်ဆို ပြည်တွင်းဖလားသုံးလုံးစလုံး မန်ချက်စတာမြို့မှာပဲ ကွန်းခိုတဲ့ ပထမဦးဆုံးအကြိမ် ဖြစ်လာတော့မှာပါ။ လန်ဒန်မြို့ခံအသင်းတွေဖြစ်တဲ့ အာဆင်နယ်၊ ချယ်လ်ဆီး၊ စပါးအသင်းတို့ရဲ့ ယခုနှစ်အောင်မြင်မှုဟာ မန်ချက်စတာ အသင်းတွေရဲ့ အောင်မြင်မှုနဲ့ နှိုင်းယှဉ်ရင် အတော်လေး အားပျော့နေပြီး  ချယ်လ်ဆီးနဲ့ မန်ယူအားပြိုင်မှုမှာ ဘယ် အသင်းအသာရမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာခဲ့ ပါတယ်။

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်က သွင်းဂိုး ၂၅ ဂိုးနဲ့ ၂၉ ဂိုး သွင်းယူပြီး ပရီမီယာလိဂ် တစ်နှစ်တာသွင်းဂိုးအများဆုံး ကစားသမားဆု (ရွှေဖိနပ် ဆု)ကို ရရှိခဲ့ပေမယ့် ဒီနှစ်ဘောလုံးရာသီ သွင်းဂိုး ၃ဝ ပြည့်အောင်သွင်းယူနိုင်သော်လည်း ရွှေဖိနပ်ဆုနဲ့ လွဲချော် သွားခဲ့ပါတယ်။

 ဟယ်ရီကိန်းက ရာသီအစမှာ ခြေစွမ်းအနည်းငယ် ကျဆင်းနေပေမယ့်  ရာသီဝက်နောက်ပိုင်း  တောက် လျှောက် ခြေစွမ်းပြလာနိုင်ခဲ့သလို သူ့အနေနဲ့ ရွှေဖိနပ်ဆု အတွက် ယုံကြည်မှု အပြည့်ရှိကြောင်း ပြောကြားခဲ့တဲ့ အတိုင်း တကယ်လည်း ခြေစွမ်းပြနိုင်ခဲ့တာကိုတွေ့ရပါတယ်။    ဟယ်ရီကိန်းဟာ   ပရီမီယာလိဂ်ရာသီသိမ်း လက်စတာနဲ့ပွဲမှာ သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပရီမီယာလိဂ်ရွှေဖိနပ်ဆုကိုတော့ ဆာလာထံ လက်လွှဲခဲ့ရ တာဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်မှူး ဆာလာကတော့  ယခုနှစ်ဘောလုံး ရာသီအတွင်း သွင်းဂိုး ၃၂ ဂိုးနဲ့ ပရီမီယာလိဂ် ရွှေဖိနပ်ဆု ရှင်ဖြစ်ခဲ့ရာ အရင်က  ပရီမီယာလိဂ်ရွှေဖိနပ်ဆုရှင်တွေ ဖြစ်တဲ့ အလန်ရှီးယား၊ စီရိုနယ်လ်ဒို၊ ဆွာရက်ဇ်တို့ရဲ့  တစ်ရာသီသွင်းဂိုး ၃၁ ဂိုးဖြင့် သွင်းဂိုးအများဆုံး ရရှိခဲ့ သည့် မှတ်တမ်းတစ်ရပ်ကိုပါ ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ထူးခြားတဲ့ မှတ်တမ်းတွေကတော့ ပရီမီယာလိဂ်မှာ တစ်ရာသီအတွင်း သွင်းဂိုး ၃ဝနဲ့အထက် သွင်းယူနိုင်တဲ့ ကစားသမားနှစ်ဦး ပေါ်ပေါက်ခဲ့ခြင်း၊ ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးက ရမှတ် ၁ဝဝ စုဆောင်းနိုင်ခဲ့ခြင်း၊ သွင်းဂိုး ၃ဝအထိ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးတစ်ဦး ရွှေဖိနပ် ဆုကို မရရှိတဲ့ ပထမဦးဆုံးအကြိမ်ဖြစ်လာခဲ့ခြင်း၊ ယခုနှစ် ရွှေဖိနပ်ဆုရှင် ဆာလာက သွင်းဂိုးစံချိန်တင်ပြီး ဂိုးသွင်း ဘုရင်ဖြစ်ခဲ့ခြင်းဆိုတဲ့  ထူးခြားချက်တွေ ရရှိခဲ့တဲ့ ရာသီလို့ ဆိုရမှာဖြစ်ပါတယ်။

မေလဲ့သင်း

No comments:

Post a Comment