Latest News

Monday, May 28, 2018

အိန္ဒိယသို့ ပဲတန်ချိန်ငါးသိန်း ပို့ခွင့်ရက် ၉ဝ အတွင်းတင်သွင်းနိုင်မှ ဈေးကောင်းရမည်

အိန္ဒိယသို့ ပဲတန်ချိန်ငါးသိန်း ပို့ခွင့်ရက် ၉ဝ အတွင်းတင်သွင်းနိုင်မှ ဈေးကောင်းရမည်

မော်လမြိုင် မေ ၂၇

၂ဝ၁၈ ခုနှစ် ဇွန် ၁ ရက်မှ သြဂုတ်လကုန်အထိ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲ၊ ပဲတီစိမ်း အပါအဝင် ပဲစင်းငုံတန်ချိန် ငါးသိန်းတင်သွင်းခွင့်ရရှိပြီးဖြစ်ကြောင်း မွန်ပြည်နယ် ပဲနှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးကျော်ခိုင်မြင့်၏ ပြောကြားချက်အရ သိရသည်။

''ဒီအခွင့်အရေးက မြန်မာနိုင်ငံအတွက် တကယ်ကောင်းတယ်။ ကုန်သည်တွေ၊ တောင်သူတွေကိုလည်း ဒီရက်ပေါင်း ၉ဝ အတွင်းမှာ တင်သွင်းမှဈေးကောင်းရမှာဆိုတော့ အချိန်မဆွဲစေချင်ဘူး''ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ ပဲစင်းငုံဈေးနှုန်းသည် အိန္ဒိယနိုင်ငံမှပေးသည့် ဈေးနှုန်းထက် မြင့်တက်နေသောကြောင့် တင်သွင်းရန် အခက် အခဲရှိနိုင်ကြောင်း ၎င်းကပြောသည်။ ပဲတင်သွင်းရာတွင် ပဲစင်းငုံတန်ချိန်နှစ်သိန်း၊ မတ်ပဲတန်ချိန်တစ်သိန်းခွဲနှင့် ပဲတီစိမ်းတန်ချိန်တစ်သိန်းခွဲ တင်သွင်းခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ပဲတင်သွင်းခွင့်လျှောက် ထားမှုကို တောင်သူများ အချိန်မီ သိရှိစေရန် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ အမြန်ဆုံးထုတ်ပြန် ပေးသင့်ကြောင်း ချောင်းဆုံမြို့နယ်မှ ပဲကုန်သည် ဦးစောမြင့်က ပြောသည်။

အိန္ဒိယသို့ ပဲတင်သွင်းခွင့်ရရှိမည်ဟူသော သတင်းများကြောင့် ပဲဈေးနှုန်းမြင့် တက်လျက်ရှိပြီး ယခင်က မတ်ပဲတစ်ပိဿာလျှင် ငွေကျပ် ၆၅ဝ သာရှိခဲ့ရာမှ လက်ရှိတွင် တစ် ပိဿာလျှင် ငွေကျပ် ၇၉ဝ ထိပေါက်ဈေးရှိကြောင်း နှင့် ပဲတီစိမ်းနှင့် ပဲစင်းငုံဈေးနှုန်းမှာလည်း ယခင်ထက် တစ်ပိဿာ လျှင် ငွေကျပ် ၁ဝဝ ခန့်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment