Latest News

Tuesday, May 1, 2018

သင်္ကြန်ကာလကျော်သွားသဖြင့် အရောင်းအဝယ်အနည်းငယ် ပြန်လိုက်နေ

သင်္ကြန်ကာလကျော်သွားသဖြင့် အရောင်းအဝယ်အနည်းငယ် ပြန်လိုက်နေ



သင်္ကြန်မတိုင်ခင်နှင့် သင်္ကြန်ရက်များ၊  သင်္ကြန်ပြီးကာလများကို  လွန်မြောက် ခဲ့ပြီး ဧပြီလကုန်ပိုင်းမှစတင်၍  ကားဈေးကွက်အတွင်း ပုံမှန်အရောင်း အဝယ်ဖြစ်နေကျ အင်ဂျင်ပါဝါနိမ့်ကားလေးများ အရောင်းအဝယ်ပြန်လည် အားကောင်းလာကြောင်း သိရသည်။
''သင်္ကြန်ကာလကတော့ နှစ်တိုင်းအရောင်းအဝယ်အေးပါတယ်၊ ဒီနှစ် ကတော့ အရောင်းအဝယ် အအေးဆုံးပဲ၊ ကားဈေးကလည်း မကျတဲ့အပြင် မူဝါဒပိုင်းမှာလည်း ပြောင်းလဲမှုတွေရှိလာတဲ့အတွက် အရောင်းအဝယ်ကျဆင်းရခြင်းဖြစ်ပါတယ်၊  အခုရက်ပိုင်းမှာတော့  ဝယ်လက်လည်း တော်တော် လေး လာသလို၊ ရောင်းကားလည်း စုံတာမို့ အရောင်းအဝယ်ပြန်ဖြစ်လာတယ်''ဟု ကားဝယ်ရောင်း ကိုတုံတုံက ပြောသည်။
အရောင်းအဝယ်အများဆုံးဖြစ်သည့်  မော်တော်ကားများသည်  ယခင်အတိုင်း အင်ဂျင်ပါဝါနိမ့် ၁၃ဝဝ စီစီ ကားလေးများဖြစ်ကြပြီး ယခုရက်ပိုင်းအတွင်း အရောင်းအဝယ် အများဆုံးဖြစ်ခဲ့သည့် ကားများအကြောင်းကို မေးမြန်းကြည့်ရာ ''ဒီရက်ပိုင်းမှာ နယ်က ဝယ်ယူလိုတဲ့ ဝယ်လက်တွေလည်း လာကြတာများတယ်၊ သူတို့ကလည်း ၁၃ဝဝ စီစီကားထဲကပဲ ရှာကြတယ်၊ လမ်းပန်းဆက်သွယ်ရေးတွေ ပိုကောင်းလာတော့ ကားကောင်းလေးတွေကို နယ်ဝယ်လက်တွေ အသုံးပြုလိုကြတယ်လို့ ထင်ပါတယ်၊ လက်ရှိမှာ ဟွန်ဒါဖစ် ရှပ်တဲ၊ ဂျီကေသရီးနဲ့ အင်ဆိုက်တွေ အရောင်းအဝယ်ဖြစ်နေတယ်၊ အဓိကကတော့ အဲယားကွန်းပါလား၊ အင်ဂျင်အခြေအနေကောင်းလား ဒီလောက် ဆိုရင် တော်တော်လေးအလုပ်ဖြစ်တဲ့အနေအထားပါပဲ၊ ဈေးကတော့ ငွေကျပ် သိန်း ၁၆ဝ လောက်ကနေ ၂၄ဝ လောက်ကြားတွေ အရောင်းအဝယ်အဖြစ်အများဆုံးပဲ''ဟု ကား ဝယ်ရောင်း ကိုကျော်ဇေယျာဝင်းက ပြောပြသည်။
ယခုရက်များအတွင်း ၂ဝ၁၈ခုနှစ်တင်သွင်းခွင့်ရရှိမည့် ဘယ်မောင်းကားများ အရစ်ကျဝယ်ယူနိုင်မည့် ကြော်ငြာများ ပိုမိုအားကောင်းလာသည့်အတွက် မကြာမီကာလအတွင်း ဘယ်မောင်းကားများအတွက်လည်း ဈေးကွက်သစ်ပေါ်ထွန်း လာတော့မည်ဟု ယူဆနေကြသူများလည်းရှိသည်။ သို့သော် ဘယ်မောင်းကားသစ်များသည် ဈေးနှုန်းမြင့်မားခြင်း၊ ကားအရစ် ကျဝယ်ယူရာတွင် အတိုးနှုန်းမြင့်မားခြင်း၊ တစ်လချင်း ပေးဆပ်ရမည့် အရစ်ကျငွေများပြားခြင်းတို့ကြောင့် ပြင်ဆင်သတ်မှတ်လိုကြ သူများကိုလည်း မြင်တွေ့ရသည်။
စလစ်ဈေးကွက်အတွင်း စလစ်အပ်ကားများ ရှိသော်လည်း ဝယ်ယူမှုကျဆင်းနေပြီး စလစ်ဈေးနှုန်းမှာလည်း ကျဆင်း လျက်ရှိသည်ကို မြင်တွေ့ရသည်။ အများစုသည် စလစ်များကိုင်ဆောင်ထားခြင်းကို စိုးထိတ်နေကြပြီး ဝယ်ယူသူမရှိသလောက် နည်းပါးလျက်ရှိသည်။ ''စလစ်က ဝယ်သူမရှိပေမယ့် ဈေးက သက်တမ်း ၂ဝ ရန်ကုန်လိုင်စင် အပ်ကားစလစ်ဆိုရင် ငွေကျပ် သိန်း ၁၁ဝလောက်ဈေးခေါ်နေကြပါတယ်၊ ဒီထက်လည်း ဈေးမချရဲကြဘူး၊ မကြာခင်မှာ မူဝါဒနဲ့ ပတ်သက်ပြီး နယ်လိုင်စင်ကားတွေကို ကောက်ခံမှုဘယ်လိုဖြစ်လာမလဲဆိုတဲ့ အပေါ် ထောက်ပြီး ဈေးကမကျဘူးဖြစ်နေတယ်၊ ဆက်ကိုင်ထားရမှာလည်း တကယ်လို့များ နယ်လိုင်စင်တွေကို နှိမ်နင်းဖို့ မရှိဘူးဆိုရင် စလစ်ကိုင်ထားတဲ့ ဝယ်ရောင်းတွေ ငွေအိပ်သွားတော့မယ်၊ အခြေအနေက ဘယ်လိုမှ မှန်းဆလို့မရသေးဘူး''ဟု ကားကျွမ်းကျင်သူတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း အရောင်းအဝယ်ဖြစ်ပွားသည့် အခြေအနေများ အားလုံးနီးပါးတွင် နယ်ဝယ်လက်များနှင့်အလုပ်အောင် မြင်ခဲ့ခြင်းဖြစ်ကြောင်း ကားလောက အသိုင်းအဝိုင်းမှ သိရှိရသည်။ အများစုသည် မိုးမကျမီ ကားဝယ်ကြရန် ရန်ကုန်သို့ ဆင်း၍ လာရောက်ဝယ်ယူကြခြင်းဖြစ်ကြောင်းသိရသည်။      ။

မင်းသော်(မြန်​မာ့အလင်း)

No comments:

Post a Comment