Latest News

Thursday, May 3, 2018

ထိန်ပင်အမှိုက်ပုံမီး ဆက်လက်စောင့်ကြည့်၍ မီးကြွင်းမီးကျန်များ ငြှိမ်းသတ်လျက်ရှိ

ထိန်ပင်အမှိုက်ပုံမီး ဆက်လက်စောင့်ကြည့်၍ မီးကြွင်းမီးကျန်များ ငြှိမ်းသတ်လျက်ရှိ


ရန်ကုန်   မေ    ၃

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်အတွင်းရှိ   ထိန်ပင်အမှိုက်ပုံ          မီးလောင်နေမှုကို ဇုန်အလိုက်သတ်မှတ် ကာ  အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ပြီးဖြစ် သော်လည်း  ယနေ့တွင်  ဆက်လက် စောင့်ကြည့်မှုများပြု၍   မီးကြွင်းမီးကျန် များကို  ငြှိမ်းသတ်လျက်ရှိကြောင်း သိရ သည်။

လက်ရှိအခြေအနေတွင်   ဦးစီး ဆောင်ရွက်နေသူ    မှော်ဘီမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်မင်း ဦးက   ''မနေ့ကညပိုင်းမှာတော့  မီး အားလုံးငြိမ်းသွားခဲ့ပါပြီ၊   ဒါပေမယ့် အမှိုက်ပုံတွေအောက်မှာ ကျန်နေတဲ့ အပူရှိန်ကြောင့်   အပေါ်ကို    အငွေ့ နည်းနည်း တက်နေတာတွေရှိပါတယ်၊ အဲဒီ ကနေ   မီးဖြစ်မှာ  စိုးရိမ်တဲ့အတွက် Level-1 အဆင့်မီးငြှိမ်းသတ်ယာဉ်တွေ နဲ့ စောင့်ကြည့်ပြီး အငွေ့ထွက်နေတဲ့ နေရာတွေကို အပြီးသတ်လိုက်ဖြတ်နေ ပါတယ်၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတာပါ၊
မီးငြှိမ်းသတ်မှုအပိုင်းကတော့ အပြီးသတ် ငြိမ်းသွားပါပြီ၊ စိတ်ချရတဲ့ အခြေအနေမှာ ရှိပါတယ်'' ဟု ပြောသည်။

ထိန်ပင်အမှိုက်ပုံ မီးလောင်မှုသည် ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းက စတင် လောင်ကျွမ်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိ သူတို့နှင့်အတူ   သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်း များနှင့်      ဆည်မြောင်းဝန်ထမ်းများ အပါအဝင်    အင်အား ၉ဝဝ   ကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့်  မီးလောင်မှု ဖြစ်ပွားပြီး ၁၂ ရက်အကြာ မေ ၂ ရက် ညပိုင်းတွင် မီးငြိမ်းသွားခဲ့ခြင်းဖြစ်သည်။

 ငြှိမ်းသတ်နိုင်ခဲ့
ထိုသို့ငြှိမ်းသတ်ရာတွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ    အပါအဝင် အာဆီယံ     အရေးပေါ်တုံ့ပြန်ရေးနှင့် အကဲဖြတ်အဖွဲ့ Asean ERAT  Team  နှင့်  ချိတ်ဆက်ကာ လိုအပ်သော အကြံ ပြုချက်များကိုလည်း ဆောင်ရွက်ခဲ့ပြီး အမှိုက်ပုံအတွင်းပိုင်းမှ  လောင်ကျွမ်း နေမှုနှင့် မီးခိုးများထွက်ရှိနေမှုတို့ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ မဟာဗျူဟာ အရ ဧပြီ ၂၉ ရက်မှစတင်၍ (A,B,C,D)ဇုန်များ ပိုင်းခြားသတ်မှတ်ကာ တစ်ရက် လျှင် တစ်ဇုန်နှုန်းဖြင့် ငြှိမ်းသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ မီးငြှိမ်းသွားခဲ့ပြီဖြစ်၍ ပူးပေါင်းအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင် တို့၏   အင်အားတို့ကို    လျှော့ချခဲ့ပြီး မီးခိုးထွက်ရှိမှုနှင့် မီးကြွင်းမီးကျန်များ မရှိစေရန် ပူးပေါင်းအင်အားတစ်ရာခန့်ဖြင့် မီးလောင်ပြင်အား   စောင့်ကြည့်မှုများ ပြုလုပ်၍ ငြှိမ်းသတ်ရသည့် အဆင့်သာ ရှိတော့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဒေါက်တာ အောင်မြင့်မော်က''မီးငြှိမ်း သတ်မှုကတော့ ပြီးသွားပါပြီ၊ ‘ဒါပေမယ့် တချို့နေရာလေးတွေမှာ   မီးတောက် ကလေးတွေ အနည်းငယ်ပြန်ဖြစ်နေတဲ့ အတွက် အဲဒါတွေကို အပြီးသတ် လိုက်လံ ငြှိမ်းသတ်နေကြတာပါ၊ မီးခိုးထွက်တဲ့ နေရာတွေကို  အဓိကထားပြီး  ရေနဲ့ လိုက်ဖျန်းနေတာပါ၊   အဲဒီလိုလုပ်တဲ့ အခါမှာ   ဧရိယာကျယ်တဲ့အတွက် တချို့နေရာတွေမှာ   မီးသတ်ကားတွေ သွားလို့ရအောင်၊     မီးသတ်ပိုက်တွေ ဆက်လို့ရအောင် ကျွန်တော်တို့  YCDC  အနေနဲ့ စက်ယန္တရားနဲ့ လူအင်အားတွေ အသုံးပြုပြီး လမ်းကြောင်းတွေ ဖွင့်ပေး နေပါတယ်၊ စိတ်ချရအောင် နောက်ထပ် ရက်အနည်းငယ်   စောင့်ကြည့်ရဦးမယ် လို့တော့ထင်ပါတယ်'' ဟု ပြောသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အကူတပ်ခွဲ ၊ တပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီး    ယုနိုင်က  '' အခုကတော့ စောင့်ကြည့်အနေအထားဖြစ်ပါတယ်၊ လက်ရှိမှာ ကျွန်တော်တို့အနေနဲ့ အင်အား ၂ဝ ကို အသုံးပြုပြီး နယ်မြေလုံခြုံရေးကို ဆောင်ရွက်နေပါတယ်၊ ဒါ့အပြင် လိုအပ် တဲ့ အပိုင်းတွေမှာလည်း မီးသတ်တပ်ဖွဲ့ ဝင်တွေနဲ့အတူ ပါဝင်ဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်'' ဟု ပြောသည်။
ထိုသို့ဆောင်ရွက်ရာတွင် မီးသတ် တပ်ဖွဲ့ဝင် ၄ဝ ၊ ရဲတပ်ဖွဲ့ဝင် ၂ဝ တို့နှင့်အတူ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊     ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများနှင့် ဆည်မြောင်းဝန်ထမ်း များက မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ် ယာဉ်များ၊    စက်ယ္တရားကြီးများကို အသုံးပြု၍ စောင့်ကြည့်ငြှိမ်းသတ်မှုများပြုလုပ်လျက်ရှိသည်။
မီးလောင်မှုဖြစ်စဉ်တွင်     ပါဝင် ငြှိမ်းသတ်ခဲ့ကြသည့် တပ်မတော်သား များနှင့်      မီးသတ်တပ်ဖွဲ့ဝင်များကို တပ်မတော်အနေဖြင့်      ကျန်းမာရေး စစ်ဆေးမှုများကို     မေ ၃   ရက်တွင် ဆောင်ရွက်ပေးခဲ့သည်။ အလားတူ ယနေ့ ညပိုင်းတွင် မီးငြှ်ိမ်းသတ်မှုတွင်ပါဝင်ခဲ့ ကြသည့်    အရာရှိ၊   စစ်သည်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိ သူတို့အား ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာ တွင် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ ကြောင်း သိရသည်။

သတင်း - ဇော်ကြီး ဓာတ်ပုံ - ဖေဇော်

No comments:

Post a Comment