Latest News

Wednesday, May 16, 2018

မြန်မာ့လက်ရွေးစင်အသင်း နည်းပြသစ်အဖြစ် အန်တွမ်နီဟေးအား ခန့်အပ်

မြန်မာ့လက်ရွေးစင်အသင်း နည်းပြသစ်အဖြစ် အန်တွမ်နီဟေးအား ခန့်အပ်

ရန်ကုန်    မေ     ၁၆

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် ဂျာမန်လူမျိုး အန်တွမ်နီဟေးအား ၂ဝ၁၉ ရာသီကုန်အထိ ခန့်အပ်လိုက်ပြီဖြစ်သည်။ နည်းပြသစ်ခန့်အပ်ခြင်းနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၂နာရီတွင် MFFရုံး၌  ကျင်းပသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည်  မြန်မာ့လက်ရွေးစင်နည်းပြချုပ်အဖြစ် အန်တွမ်နီဟေးနှင့်အတူ ဂျာမန်လက်ထောက်နည်းပြ- ဟာလက်၊ ဂိုးနည်းပြ ကာစတန် ဟာတေ့၊ ပြည်တွင်းလက်ထောက်နည်းပြ ဦးစိုးမြတ်မင်းတို့ကို ၂ဝ၁၉ ခုနှစ်ကုန်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ အန်တွမ်နီဟေးသည် ယခုနှစ်အတွင်း အဓိကနိုင်ငံ တကာပြိုင်ပွဲများအဖြစ် သြဂုတ်လတွင် ကျင်းပမည့် အာရှအားကစားပြိုင်ပွဲ၊ နိုဝင်ဘာ တွင် ကျင်းပမည့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပွဲဦးထွက် အဖြစ် မေ ၂၆ ရက်တွင် တရုတ်လက်ရွေးစင်အသင်းနှင့်  ခြေစမ်းပွဲယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
မြန်မာအသင်းနည်းပြချုပ်သစ် အန်တွမ်နီဟေးက '' မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့်ရတဲ့အတွက် ဝမ်းသားမိပါတယ်၊ ကျွန်တော့်အနေနဲ့ ၂ဝဝ၅ ခုနှစ်မှာ         ပရော်ဖက်ရှင်နယ်နည်းပြလိုင်စင်ရခဲ့ပါတယ်၊ လက်ရွေးစင်အသင်းခြောက်သင်းကို ကိုင်တွယ်ခဲ့ဖူးပေမယ့် အာရှအသင်းတွေထဲက မြန်မာအသင်းကို ပထမဆုံးကိုင်တွယ်ဖူး တာပါ၊  မ္တလေးမှာကစားတဲ့လိဒ်စ်ယူနိုက်တက်အသင်းနဲ့ခြေစမ်းပွဲမှာ လက်ရွေးစင် အသင်းရဲ့ ကစားပုံကြည့်ခဲ့ရပါတယ်၊ အခုလောလောဆယ်တရုတ်အသင်းနဲ့ ခြေစမ်းပွဲ အတွက် မေ ၂၁ ရက်မှာ စတင်လေ့ကျင့်မှာဖြစ်ပါတယ်၊ မြန်မာအသင်းမှာအလားအလာ ရှိတဲ့  ကစားသမားတွေအများကြီးရှိပါတယ်၊  ကစားသမားရွေးချယ်ဖို့ လက်ထောက် နည်းပြဦးစိုးမြတ်မင်းဆီက အကူအညီအများကြီးရပါတယ်၊ ကစားသမားတွေရဲ့ အကြောင်းနဲ့  ကစားပုံကို  သိအောင်လုပ်ပြီးမှ အသင်းကိုတည်ဆောက်သွားမှာပါ၊ ကျွန်တော့်အနေနဲ့ ဒီနှစ်ထဲမှာ အဓိကပြိုင်ပွဲနှစ်ခုယှဉ်ပြိုင်ရဖို့ ရှိပါတယ်၊ မြန်မာအသင်း အနေနဲ့ အောင်မြင်မှုရဖို့ ရုန်းကန်နေရပေမယ့် ယုံကြည်မှုရှိလို့လာရောက်ကိုင်တွယ်တာပါ၊ အောင်မြင်မှုရအောင် စွမ်းဆောင်ပေးမှာပါ၊ အချိန်ယူပြင်ဆင်မှာဖြစ်လို့  မြန်မာ ကစားသမားတိုင်းအတွက် အခွင့်အရေးရှိပါတယ်''ဟု ပြောကြားသည်။

မြန်မာ့လက်ရွေးစင်နည်းပြသစ်အား ရွေးချယ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်   နည်းစနစ်ဒါရိုက်တာနှင့်  တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်က ''နည်းပြသစ်ကိုကျွန်တော်တို့ကြိုပြီး ရှာဖွေခဲ့ပါတယ်၊ ဝက်ဘ်ဆိုက် မှာတင်ခဲ့သလို နီးစပ်သူတွေဆီကလည်း ရှာဖွေခဲ့ပါတယ်၊ လာရောက်လျှောက်ထားသူနဲ့ ကျွန်တော်တို့ရှာဖွေထားတဲ့နည်းပြ ၇ဝ ဝန်းကျင်အထိရှိခဲ့ပါတယ်၊ ကျွန်တော်တို့ မြန်မာ အသင်းနဲ့ အံဝင်နိုင်မယ့်သူတွေကို ပဏာမရွေးချယ်ခဲ့ပါတယ်၊ လာရောက်လျှောက်ထား သူတွေအများကြီးရှိပြီး ကျွန်တော်တို့အနေနဲ့ ကလပ်အသင်းထက် လက်ရွေးစင်အသင်း ကိုင်တွယ်ဖူးတဲ့သူကို ပိုပြီးဦးစားပေးပါတယ်၊ ပြီးတော့ နည်းပြတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းအတွက် မေးခွန်း ၁၂ ခုပါတဲ့ အမေးတွေကိုပေးပို့ပြီး ဖြေဆိုစေခဲ့ပါတယ်၊ အတွေးအခေါ် နဲ့နည်းစနစ်တွေကို နှုတ်ဖြေ၊ရေးဖြေပြုလုပ်ခဲ့ပါတယ်၊ သူ့ရဲ့ စွမ်းဆောင်မှု တွေနဲ့ရလဒ်တွေကို သေချာစောင့်ကြည့်မှာပါ၊ အာရှအားကစား ပြိုင်ပွဲထက် ဆူဇူကီး ဖလားပြိုင်ပွဲရလဒ်ကို အဓိကစောင့်ကြည့်မှာပါ''ဟု ပြောကြားသည်။
သတင်းစာရှင်းလင်းပွဲမတိုင်မီ စာချုပ်ချုပ်ဆိုပွဲကျင်းပခဲ့ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်မော်၊အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့်တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည်  နည်းပြချုပ် အန်တွမ်နီဟေးနှင့်အတူ လက်ထောက်နည်းပြများကိုပါ ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ- စိုးညွန့်

No comments:

Post a Comment