Latest News

Wednesday, May 30, 2018

ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင်အေး

ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင်အေး

စစ်အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ပြီးလျင် ဒုတိယ သြဇာအာဏာ အရှိဆုံး ပုဂ္ဂိုလ်၊ ၁၉၉၃ မှ ၂၀၁၁ အထိ ခေတ်ကောင်းခဲ့စဉ် စိတ်မာ ခက်ထန်သော စစ်ဗိုလ်ချုပ်ကြီး အဖြစ် လက်အောင်ခံ တပ်မှုးများ၏ သစ္စာခံမှုကို ရရှိခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေးသည် ယခုအခါ အသက် ၈၀ ရှိနေပြီး လူမြင်ကွင်းမှ နေ ပျောက်ဆုံးသွားခဲ့ရာမှ ၎င်း၏ ပုံရိပ်ကို ဧရာဝတီ သတင်းက အခုလို တစွန်းတစ ပုံဖေါ်ခဲ့ပါတယ်။

ထိုသို့ စိတ်မာ ခက်ထန်သော စစ်ဗိုလ်ချုပ်ကြီး အဖြစ် ၎င်း၏ ပုံရိပ်သည် လူအများ၏ မျက်စိထဲတွင် ထင်ကျန်နေခဲ့ရာမှ မကြာမီက ဗိုလ်ချုပ်ကြီး မောင်အေး အား ဘီးတပ် ကုလားထိုင်ကြီး ပေါ်တွင် မလှုပ်မယှက် ထိုင်နေသောပုံ ကို ဆိုရှယ်မီဒီယာ များ တွင် တအံတသြ တွေ့ခဲ့ကြရပါတယ်။ ထိုပုံကို လေဖြတ် ဝေဒနာ ခံစားနေရတဲ့ ဗိုလ်ချုပ် မောင်အေးသည် ရှမ်းပြည်တောင်ပိုင်းရှိ နာမည်ကျော် မိုင်းဖုန်း ဆရာတော်အား ဖူးမျှော်နေစဉ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဆရာတော်သည် ဂူအောင်းပြီး တရားဘာဝနာ ကျင့်ကြံအားထုတ်ပြီး စိတ်စွမ်းအင် တန်ခိုး ထက်မြက်သူ အဖြစ် ထင်ရှားသူလည်း ဖြစ်ပြီး  ကရိုနီ များ ဗိုလ်ချုပ်ကြီးများ၏ ချည်းကပ်ကိုးကွယ်ခြင်းကို ခံရသူလည်း ဖြစ်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင်အေးသည် ၁၉၅၉ တွင် စစ်တက္ကသိုလ် အပါတ်စဉ် (၁) မှ သင်တန်းဆင်းခဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်း ၁၉၇၀ ပြည်လွန် နှစ်များ အတွင်း ပဲခူးတွင် အခြေစိုက်သည့် အမှတ် (၇၇) ခြေမြန် တပ်မဌာနချုပ်၏ တပ်မမှုး အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၈၈ တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဖြစ်လာခဲ့ပါတယ်။

၁၉၉၂ တွင်တော့ ရုတ်ခြည်း ဆိုသလို ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဆင့်ခေါ် တာဝန်ပေးခံခဲ့ရ၍ ဘုန်းမီးနေလ တောက် လာခဲ့ရပါတယ်။ ထိုကဲ့သို မမျှော်လင့်ပဲ ၎င်းအား ခန့်အပ်ခဲ့ခြင်းမှာလည်း စစ်အစိုးရ အဖွဲ့အတွင်း ဗိုလိချုပ် ခင်ညွန့် သြဇာ လွှမ်းမိုးလာမယ့်အရေးကို ဦးသန်းရွှေက လိမ္မာပါးနပ်စွာ ထိမ်းချုပ် လိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ် ခင်ညွန့်က နံပါတ် တူး ရာထူးကို မျှော်မှန်းနေသူမှန်း သိသာထင်ရှားလာလို့လည်း ဖြစ်ပါတယ်။

ထိုအချိန်က စစ်အစိုးရ အဖွဲ့ အတွင်းရှိ တိုင်းမှုးများက ဗိုလ်ချုပ် ခင်ညွန့်ကို လုံးဝ လိုလားခြင်း မရှိခဲ့တဲ့ အတွက်လည်း  နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ အဖြစ် ဗိုလ်ချုပ် မောင်အေး နောက်မှာ တညီတညွတ် တည်း ၀န်းရံ ရပ်တည်ပေးလာခဲ့ကြပါတယ်။

ဗိုလ် မောင်အေးသည် အရက်သေစာ နဲ့ ဂေါက် သီး ရိုက်ခြင်းကို လွန်စွာ ခုံမင်နှစ်သက်သူ အဖြစ် ထင်ရှားခဲ့ပါတယ်။ တခါက ကေအင်ယူ လက်နက်ချ အခမ်းအနား တခုမှာ အရက်မူးမူး နဲ့ ကေအင်ယူ အလံကို တက်နင်းခဲ့ဖူးသည်အထိ ဖြစ်ခဲ့ရပါတယ်။

ဗိုလ် မောင်အေး ကိုယ်တိုင်က လည်း သူ့ကိုယ်သူ နိုင်ငံရေး သမား အဖြစ် မခံယူပဲ စစ်သား တယောက် အဖြစ် အမြဲလို ယူဆထားသူ ဖြစ်တာကြောင့်လည်း ဗိုလ်သန်းရွှေ အတွက် စိတ်ချ ရင်အေး စရာ လူ ဖြစ်ခဲ့ပါတယ်။

ဗိုလ်သန်းရွေ အဖို့ကတော့ နံပါတ်ဝမ်း ရာထူးကို ရယူထားပြီး သူ့အောက်မှာ ဗိုလ် မောင်အေး နဲ့ ခင်ညွန့်တို့ အားပြိုင်နေကြတာကို မိန့်မိန့်ကြီး စောင့်ကြည့်နေနိုင်ခဲ့ပါတယ်။

၂၀၁၁ မှာ စစိအစိုးရ က ၎င်းတို့ ဖွဲ့စည်းပေးထားတဲ့ ပြည်ခိုင်ဖြိုး ပါတီကို ရွေးကောက်ပွဲ ကျင်းပပေးတယ် ဆိုကာ အစိုးရ အဖြစ် တင်မြှောက်ပေးခဲ့ကြပြီးနောက် ဗိုလ် သန်းရွှေ နှင့် ဗိုလ် မောင်အေး နှစ်ယောက်စလုံး အနားယူသွားခဲ့ကြပါတယ်။

သို့သော်လည်း ဗိုလ် သန်းရွှေ က နောက်ကွယ်မှ သူကိုယ်တိုင် ဥက္ကဌ အဖြစ် ကြိုးကိုင်လို့ရမယ့် အတိုင်ပင်ခံ ကောင်စီ ကို ဖွဲ့စည်းဖို့ ကြံခဲ့ပေမယ့် ဗိုလ် မောင်အေး က သူရဲ့ လူများကို မိမိအနေဖြင့် “မလွှဲမရှောင်သာလို့ သမိုင်းမှာ တစ်ခါမှားခဲ့ရပြီးပြီ။ နောက်ထပ်တော့ သမိုင်းမှာ အမှား မခံနိုင်တော့ဘူး” အပြီးအပိုင်သာ အနားယူမယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒီအတွက် ဗိုလ် သန်း ရွှေ က သူတယောက်တည်း အာဏာ ငန်းငန်းတက် ဖက်တွယ် ကျန်ရစ်သူ အဖြစ် အမြင်ခံရမှာ စိုးတဲ့ အတွက် သူရဲ့ မူလအကြံကို စွန့်လွှတ်ခဲ့ရပါတယ်။

သို့သော်လည်း ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင်အေးနှင့် သူ၏ မိသားစု များသည်လည်း အခြားသော ဗိုလ်ချုပ်ကြီးများလို မြန်မာပြည်ရဲ့ အချမ်းသာဆုံးသော လူတန်းစား စာရင်းဝင် များ ဖြစ်ခဲ့ပါတယ်။

ဗိုလ်မောင်အေးကတော့ သူ့စကား နဲ့ အညီပဲ အထုတ်အပိုးပြင်ပြီး နေပြည်တော်ကနေ စွန့်ခွာကာ သူရဲ့ ဇာတိ ကန့်ဘလူကို ပြန်ပြီး သင်္ကန်းစီးခဲ့ပါတယ်။ နောက်ပိုင်း ပူတာအို နဲ့ ပြင်ဦးလွင်တို့ မှာ အနားယူခဲ့ပါတယ်။ နေပြည်တော်ရှိ ဗိုလ်သန်းရွှေ အိမ်အနီး ထယ်ဝါလှတဲ့ သူရဲ့ အိမ်ကိုလည်း ပြန်လာခဲ့ခြင်း မရှိတော့ပေ။

၂၀၁၂ ဂျူလိုင်လမှာ မှာ လေဖြတ် ဝေဒနာ ခံစားခဲ့ရပြီး စင်္ကာပူသို့ သွားပြီး ဆေးကုသမှု ခံယူခဲ့ပါတယ်။ ထို့နောက်တွင်တော့ ဘီးတပ်ကုလားထိုင်နဲ့ သွားလာ လှုပ်ရှားခဲ့ရတယ်ဆိုတဲ့ သတင်းမှ အပ အခြား ဘာမှ မကြားခဲ့ရတော့ပေ။

ဗိုလ်သန်း ရွှေ၏ နန်းစွန့် အစီအစဉ်

နေပြည်တော်ရှိ ရာဇ သင်္ဂါဟ လမ်း ရှိ ငါးလုပ်ငန်း ၀န်ကြီး ဌာန အနီး အိမ် အမှတ် (၃၇) ကို သတိထားမိကြမှာ ဖြစ်ပါတယ်။ (ပုံတွင် တွေ့ရစဉ်)

ယခုအခါ အဆိုပါ အဆောက်အဦး အား အသုံးပြုသူမရှိပဲ ဟာလာဟင်းလင်း ဖြစ်နေတာ တွေ့ရမှာလည်း ဖြစ်ပါတယ်။ သို့သော် ဂိတ်တံခါးဝတွင်တော့ လက်နက် အပြည့်အစုံတပ်ဆင်ထားတဲ့ ရဲအဖွဲ့ဝင်များ စောင့်ကြပ်နေပြီး ဓါတ်ပုံပင် ရိုက်ခွင့်မပြုတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။

အိမ် အမှတ် (၃၇) နဲ့ မနီးမဝေး Water Fountain Park အနီးအနားမှာ  ခမ်းနားကြီးကြယ်လှတဲ့ ဗိုလ်သန်းရွှေ အိမ်တော်ကြီး ရှိပါတယ်။

မကြာမီက “Tomorrow News Journal” မှာ အဆိုပါ အဆောက်အဦးအား ဗိုလ်သန်းရွှေ နဲ့ ဗိုလ်မောင်အေး တို့ အတွက် အတိုင်ပင်ခံကောင်စီ ဆိုပြီး ဌာနချုပ် လုပ်ဖို့ ရည်ရွယ်ခဲ့တာလို့ ရေးသားထားပါတယ်။ ထိုဖွဲ့စည်းမည့် အတိုင်ပင်ခံ ကောင်စီတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်သုံးဦး စုစုပေါင်း ငါးဦးဖြင့် ဖွဲ့စည်းရန် အစီအစဉ်ရှိသည်။ ဥက္ကဋ္ဌနေရာ အတွက် ဦးသန်းရွှေ၊ ဒုဥက္ကဋ္ဌနေရာ အတွက် ဦးမောင်အေးတို့ဖြစ်ပြီး အဖွဲ့ဝင်သုံးဦးကို အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးများဖြစ်သော ဦးမောင်ဘို၊ ဦးရဲမြင့်၊ ဦးကျော်ဝင်းတို့ဖြင့် ဖွဲ့စည်းရန် ကြံရွယ်ခဲ့ကြောင်း စုံစမ်းသိရှိရတယ်လို့ ဧရာဝတီ က ဆိုပါတယ်။

ထိုကဲ့သို့ စီစဉ်ခြင်းမှာလည်း မြောက်ကိုရီယား ပုံစံ ကို အတုခိုးခဲ့လေလားလို့ စဉ်းစားစရာ ဖြစ်လာခဲ့ရပါတယ်။ ပြုံးယမ်း တွင် ရုံး အမှတ် (၃၉) ဆိုပြီး လျို့ဝှက် အဆောက်အအုံ တခုရှိကာ ကိုရီယား အလုပ်သမား ပါတီ မှ တရားမ၀င် စီးပွားရေး လုပ်ငန်းများ၊ လျို့ဝှက် ရံပုံငွေများ၊ နဲ့ ခေါင်းဆောင်ပိုင်း အတွက် ၀င်ငွေရှာပေးရန်အတွက် ကြီးကြပ်အုပ်ချုပ်နေပါတယ်။

ဗိုလ်သန်းရွှေရဲ့ နန်းစွန့် အစီအစဉ် ရဲ့ အဓိက ကတော့ “အရှင်ထွက်” နိုင်ရေး ဖြစ်ပါတယ်။ ဗိုလ်နေ၀င်း တို့ ဗိုလ်ခင်ညွန်တို့လို အကျယ်ချုပ်နဲ့ အထားမခံရရေး ဖြစ်ပါတယ်။ ထို့အတွက် အစည်းအဝေး တခုအတွင်း သူ့ ကလေးများရဲ့ အနာဂါတ်အတွက်ပါ စိုးရိမ် ပူပန်မိကြောင်း ထုတ်ဖေါ်ပြောဆိုလာတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။

သို့သော်လည်း နောက်ကွယ်မှ အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ရေး သူ၏ အစီအစဉ်များသည် အပြင်းအထန် ဆန့်ကျင်မှု နဲ့ ရင်ဆိုင်လာခဲ့ရတယ်လို့ ဆိုပါတယ်။

အစီအစဉ်ကို ဦးဆောင်ဆန့်ကျင်သူကတော့ ဗိုလ်မောင်အေးပဲ ဖြစ်ပါတယ်။ ထိုကဲ့သို့ ဒုတိယ ဥက္ကဋ္ဌ လုပ်ရမည့်သူက ထိုအဖွဲ့ ဖွဲ့စည်းရေးကို ဆန့်ကျင်လိုက်သောအခါ ပြည်သူများ မသိလိုက်သော အဖွဲ့အစည်း တစ်ခုသည် မဖွဲ့စည်းမီ ပြည်ဖုံးကားချ ဇာတ်သိမ်းသွားပါတော့တယ်။

ထို့အတွက်လည်း ဗိုလ်သန်းရွှေ က သမီးတော်များ ဆက်လက် ပျော်ပါးနိုင်ရေး ဆိုတဲ့ သူရဲ့ မဟာ စီမံကိန်းကို စွန့်လွှတ်ခဲ့ရပြီး စာဖတ်သူကြီး ဘ၀ဖြင့် နေပြည်တော်ရှိ Mt. Pleasant ဟိုတယ် အပေါ် မကြာခဏ တက်ပြီး သူတည်ဆောက်ထားတဲ့ မြို့တော်ကြီးကို မှန်ပြောင်းတလက်နဲ့တစိမ့်စိမ့်  ရှု့စားရင်း အချိန်ဖြုန်းခဲ့ရတယ်လို့ ဆိုပါတယ်​။

လှစိုး​ဝေ

No comments:

Post a Comment