Latest News

Tuesday, May 15, 2018

အိန္ဒိယက ပဲစင်းငုံ ပြန်လည်ဝယ်ယူမည့်သတင်းကြောင့် မန္တလေးပဲဈေးကွက်လှုပ်ရှား

အိန္ဒိယက ပဲစင်းငုံ    ပြန်လည်ဝယ်ယူမည့်သတင်းကြောင့် မန္တလေးပဲဈေးကွက်လှုပ်ရှား

မန္တလေး မေ ၁၄

အိန္ဒိယနိုင်ငံက မတ်ပဲနှင့် ပဲတီစိမ်းများ
ကို ပြန်လည်ဝယ်ယူမည့်သတင်းများ ထွက်ပေါ်ပြီး တစ်ပတ်အကြာ မေ ၁၂ ရက်တွင် ပဲစင်းငုံကိုပါ ထပ်မံ၍ တန်ချိန်
နှစ်သိန်း   ပြန်လည်ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်လာခြင်းကြောင့်  မန္တလေး          ပဲဈေးကွက်တွင် အပြောင်းအလဲအတွက် ဝမ်းပန်းတသာကြိုလင့်လျက်ရှိကြောင်း သိရသည်။

အဆိုပါပဲများကို   အိန္ဒိယနိုင်ငံက ၂ဝ၁၇ ခုနှစ် မတ်လတွင်ဝယ်ယူမှု
ရပ်ဆိုင်းထားခဲ့ရာမှ   တစ်နှစ်ကျော်အကြာ ၂ဝ၁၈ ခုနှစ် မေ ၄ ရက်တွင် မတ်ပဲနှင့် ပဲတီစိမ်းကို ပြန်လည်ဝယ်ယူမည့် သတင်းများထွက်ပေါ်လာခဲ့ပြီး   ယင်းသတင်းကြောင့် ပဲတီစိမ်း၊ မတ်ပဲဈေးနှုန်း
မှာ မြင့်တက်လာခဲ့ကြောင်း၊ ယခုအခါ ပဲစင်းငုံဈေးမှာလည်း အဆိုပါသတင်း ကြောင့် နာရီပိုင်းအတွင်း သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၈ဝဝဝ နှုန်းခန့် မြင့် တက်သွားကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

''ဒီပဲစင်းငုံက   အခြားသီးနှံထက်
စိုက်ပျိုးစရိတ်နည်းပြီး အလွယ်တကူ စိုက်ပျိုးနိုင်တဲ့သီးနှံဖြစ်လို့ တောင်သူတွေအနေနဲ့ နှမ်းသီးနှံလို အဓိက အား
ထားပြီး စိုက်ပျိုးနေရတဲ့ သီးနှံဖြစ်တယ်၊ အခုလိုရပ်ဆိုင်းထားတဲ့ ပဲတွေကို ပြန် လည်ဝယ်ယူတဲ့သတင်းက တောင်သူ
တွေနဲ့ ကုန်သည်တွေအတွက် ထွက်ပေါက်တစ်ခုဖြစ်သလို    အိန္ဒိယနိုင်ငံ အနေနဲ့လည်း အော်ဂဲနစ်သီးနှံအဖြစ် စားသုံးရပြီး မြန်မာ့ပဲစင်းငုံဟာ အခြားနိုင်ငံတွေကထွက်တဲ့ပဲထက်  အရသာပိုပြီးကောင်းမွန်တဲ့အတွက် အခုလို ပြန်လည် ဝယ်ယူမှုဟာ နှစ်နိုင်ငံ အပြန်အလှန်
အကျိုးပြုတဲ့   Win-Win Policy   နဲ့ ကိုက်ညီနေတယ်''ဟု ၎င်းကပြောသည်။

အဆိုပါ   သတင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဦးက  ''အိန္ဒိယနိုင်ငံက မတ်ပဲနှင့်ပဲတီစိမ်းလို ပဲစင်းငုံကိုပါ ထပ်မံဝယ်ယူမယ်လို့ ကျွန်
တော်တို့လည်းသိရတယ်၊ တန်ချိန် ဘယ်လောက်  ဝယ်ယူမယ်ဆိုတာကိုတော့ ပြောလို့မရသေးဘူး၊ ကုန်သည် အသိုင်း
အဝိုင်းကတော့ တန်ချိန်နှစ်သိန်းဝယ်ယူဖို့ရှိတယ်ဆိုပြီး သတင်းတွေထွက်နေ တယ်'' ဟု ပြောသည်။

ထို့ပြင် နိုင်ငံတော်အနေဖြင့်လည်း ပြန်လည်ဝယ်ယူသည့် ပဲအမျိုးအစား များ၏တန်ချိန်၊ ဈေးနှုန်း၊ ဝယ်ယူမည့် ကာလများကို ပြည်သူများ သိရှိစေရန်သက်ဆိုင်ရာ   ဝန်ကြီးဌာနအနေဖြင့် အတိအလင်း   ထုတ်ပြန်ပေးစေလို ကြောင်း  ဦးစိုးဝင်းမြင့်က  ဆက်လက်
ပြောသည်။

''ကျွန်တော်တို့ တောင်သူတွေက ပဲစင်းငုံဈေးမကောင်းတဲ့အတွက် အခု မိုးဦးကျမှာ ပြောင်းနဲ့ နှမ်းကို အစားထိုး စိုက်ပျိုးနေကြပြီ၊ အခုလိုအိန္ဒိယက ပြန်ဝယ်မယ်ဆိုတဲ့ သတင်းက အတော်လေး
စိတ်သက်သာမှုရတာပေါ့။    ယခင်ဈေးလို ကျပ် ၅၅ဝဝဝ၊ ၆ဝဝဝဝ လောက်ဖြစ်သွားရင်တော့   ပြုံးနိုင်ပျော်နိုင်ပြီပေါ့ဗျာ''ဟု  ငါန်းဇွန်မြို့နယ်  မင်းကြည်ကျေးရွာက  တောင်သူဦးကြည်စိုးက ပြောသည်။
လက်ရှိမန္တလေးဈေးကွက်တွင် မေ ၁၁ ရက်က သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၃၂ဝဝဝ ရှိသော ပဲစင်းငုံအသစ်မှာ မေ ၁၂ရက်တွင် ကျပ် ၄ဝဝဝဝ နှုန်းအထိ မြင့် တက်လာပြီး ၂ဝ၁၇ ခုနှစ် လက်ကျန်
ပဲစင်းငုံ အဟောင်းဈေးနှုန်းများအနေ ဖြင့် ကျပ် ၃၅ဝဝဝ မှ ကျပ် ၄၂ဝဝဝ အထိ ရောက်ရှိလာကြောင်း မန္တလေး ပဲဈေးကွက်မှသိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment