Latest News

Monday, May 28, 2018

ထင်မှတ်မထားဘဲ ရုတ်တရက် တွေ့ဆုံခဲ့ကြသည့် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်

ထင်မှတ်မထားဘဲ ရုတ်တရက် တွေ့ဆုံခဲ့ကြသည့် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်

မတည်ငြိမ်သည့် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး ဖြစ်စဉ်များကြားတွင် ဝေဖန်မှုများနှင့် ကတိကဝတ်များက ထပ်တလဲလဲမရိုးရလေအောင် ထွက်ပေါ်လာနေသော်လည်း ယခုတစ်ကြိမ်တွင် အပြုသဘောဆောင် သည့်ဘက်မှ ထပ်မံတွေ့လာရပြန်ပြီဖြစ်သည်။

တောင်ကိုရီးယားသမ္မတမွန်ဂျေးအင်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့ ပန်မွန်ဂျုံ၌ ထင် မှတ်မထားဘဲ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံခဲ့ကြကာ ဇွန် ၁၂ ရက် တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် ထရမ့်နှင့် တွေ့ဆုံပွဲအတွက် အခြေအနေ ပိုမိုကောင်းမွန်စေခဲ့သည်။ မွန်ဂျေးအင်နှင့် ကင်ဂျုံအွန်တို့က ကြိုတင်စီစဉ်ထားသော အစီအစဉ် မဟုတ်သည့်အချိန် ရုတ်တရက် တွေ့ဆုံခဲ့ကြကာ ထိုလုပ်ရပ်မျိုးက ကင်ဂျုံအွန် လုပ်လေ့လုပ်ထရှိသည့် လုပ်ရပ်မျိုးမဟုတ်။ ထို့ကြောင့်ပင် ယင်းတွေ့ဆုံမှုကို အိမ်ဖြူတော်မှ ကြေညာချက်ထုတ်ပြန်ပြီး ဂုဏ်ပြုခဲ့ရာ အထူးသဖြင့် မွန်ဂျေးအင်ကိုဖြစ်သည်။

တောင်နှင့်မြောက်ကိုရီးယား ဆွေးနွေးပွဲများနှင့် အလားအလာ အကောင်းဆုံး အချိန်များမှာ ယခုမွန်ဂျေး အင်လက်ထက်တွင်သာ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ပတ်ဂွမ်ဟေး လက် ထက်တုန်းက အဆိုးဆုံး အခြေအနေ များအထိ ရောက်ခဲ့သည်။ သူတင်းကိုယ်တင်းနှင့် နှစ်ဖက်စစ်မက်ဖြစ်ပွားရန် ရာခိုင်နှုန်း အနည်းငယ်မျှသာ လိုတော့သော အခြေ အနေထိ ရောက်ရှိခဲ့ကြသည်။ ယခုတော့ ထိုအခြေအနေကို ပြောင်းပြန်ဖြစ်စေမည့် သံတမန်ရေးကြိုးပမ်း အားထုတ်မှုများကို မွန်ဂျေးအင်က လုပ်ပြနေကာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လည်း နောက်မှ တောက်လျှောက် လိုက်လာလျက်ရှိသည်။

ယခု ရုတ်တရက်တွေ့ဆုံမှုက ထရမ့်နှင့် မွန်ဂျေး အင်တို့နောက်ကွယ်က လက်ဝါးချင်း ရိုက်ပြီး ဖန်တီးလိုက်သည့် အကွက်တစ်ကွက် ဖြစ်လာနိုင်ကာ မည်သို့ပင် ပြောပြော ဇွန် ၁၂ ရက် တွေ့ဆုံပွဲအတွက် မျှော်လင့်ချက်က ပိုမိုများပြားလာနေပြီဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီရို ပြောခဲ့သည့်အတိုင်း ကင်ဂျုံအွန်ဆီမှ အတိအကျသိရ၊ မသိရ ၎င်းကတော့ ပြင်ဆင်စရာရှိသည်များကို အဆင်သင့် ပြင်ဆင်ထားရမှာပဲ ဆိုသည့် စကားက ယခုအမှန်ဘက်ကို နီးစပ်လာပြီဖြစ်သည်။ သို့သော် ကင်ဂျုံအွန်ဆိုသည်မှာ ထင်မှတ်ထားရသည့်သူမဟုတ်။ အချိန်မရွေး သဘော ထားပြောင်းလဲ သွားနိုင်သေးသည်။

ယခု အဓိကထားကိုင်တွယ်ရမည့် အချက်က တွေ့ဆုံပွဲမပြီးမချင်း စစ်ရေးလေ့ကျင့်မှုများ မလုပ်ရန်ဖြစ်သည်။ အကယ်၍ လုပ်ခဲ့လျှင်တော့ ကင်ဂျုံအွန် ခြိမ်းခြောက်ထားသည့် အတိုင်း ဆွေးနွေးပွဲ ပျက်စီးသွားနိုင်သည်။ တစ်ခုရှိသည်က ကင်ဂျုံအွန်စိုးရိမ်နေသည့် စစ်ရေးလေ့ကျင့်မှုက မကြာမီကပင် ပြီးဆုံးခဲ့သောကြောင့် ပုံမှန်ပူးတွဲစစ်ရေး လေ့ကျင့်မှုများက ယခု ကြားထဲအချိန်တွင် မရှိပေ။

ထရမ့်နှင့် မွန်ဂျေးအင်တို့သာ ပုံမှန်မဟုတ်သည့် စစ်ရေးလှုပ်ရှားမှုများ မလုပ်ခဲ့လျှင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် တွေ့ဆုံပွဲက ဖြစ်လာစရာများသည်။ ထို့ပြင်မေ ၂၃ ရက်က လည်း မြောက်ကိုရီးယားတို့က ၎င်းတို့ ၏နျူကလီးယားစမ်းသပ်ခန်းကို ဖျက်ဆီးခဲ့ပြီဖြစ်သည့်အတွက် စိတ်ချစရာ အခြေအနေတစ်ခု ဖြစ်နေပြန် သည်။ အကယ်၍ ဆွေးနွေး ပွဲသာ ထင်မှတ်ထားသည့်အတိုင်း ဖြစ်လာလျှင် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်း ရေးအတွက် အဓိကလမ်းကြောင်းဟုဆိုနိုင်သည်။ ထရမ့်က ၎င်းလက်ထက်တွင် ထိုနာမည် တင်ကျန်ခဲ့စေရန် ကြိုးစားနေသူဖြစ်သောကြောင့် ဖြစ်သည်။

ထို့ပြင် မြောက်ကိုရီးယားတို့၏ တရားဝင်ချီးကျူးမှုကိုလည်း ခံထားရသည့်သူဖြစ်ကာ မကြာသေးမီကပင် မြောက်ကိုရီးယားထိပ်တန်းသံတမန် ကင်ကျဲဂွမ်က မည်သူမှ မလုပ်ရဲ သည့် မြောက်ကိုရီးယားနှင့် တွေ့ဆုံ ဆွေးနွေးမှုကို ထရမ့်ကလုပ်မည်ဆိုသောကြောင့် ဝမ်းမြောက်မိပါကြောင်း ထုတ်ဖော်ပြောဆိုပြီး ယခုအချိန် တွင် အရာအားလုံးက ဆန့်ကျင်ဘက်ဖြစ်နေကာ မြောက်ကိုရီးယားတို့ဘက်က အပြုသဘောဆောင်သည့် စကားများနှင့် လုပ်ရပ်များကိုသာ လုပ်နေကြသည်။

၁၉၄၅ ခုနှစ်မှစ၍ နှစ်ပေါင်း ၅ဝ ကျော်အတွင်း အပြောင်း လဲကြီး ပြောင်းလဲလာမှုဖြစ်သည်။ ၁၉၄၅ ခုနှစ်တွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ ဖြစ်ပွားနေ သည့် စစ်ပွဲများနှင့် ကျူးကျော်မှုများကို အဆုံးသတ်ရန် အပစ်အခတ်ရပ်စဲရေး ဆိုသည့်စာချုပ် ချုပ်ဆိုခဲ့ကြ သည်။ သို့သော် ငြိမ်းချမ်းရေးစာချုပ် မဟုတ်သောကြောင့် စစ်ရေးလှုပ်ရှားမှုများ အမြဲတမ်းရှိခဲ့ကာ တစ်ဖက် နှင့်တစ်ဖက် ရန်တစောင်စောင်နှင့် ဖြစ်ခဲ့သည်။

မည်သည့်အချိန်တွင် ကိုရီးယားကျွန်းဆွယ်ကို စစ်ပွဲတစ်ပွဲ ရောက်ရှိလာမလဲ ဆိုသည်ကိုလည်း ရင်တမမနှင့်ရှိ နေခဲ့ကာ နောက်ပိုင်း မြောက်ကိုရီးယားတို့၏ နျူကလီးယားနှင့် ဒုံးပျံနည်းပညာ တိုးတက်မှုများက တောင်ကို ရီးယားကိုသာမက အနောက်အုပ်စုကိုပင် မျက်ခုံးလှုပ်စေခဲ့သည်။ သို့သော် အိုဘားမား လက်ထက်ကပင် ကင်ဂျုံအွန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် စိတ်မဝင်စားခဲ့ပေ။ ယခု ထရမ့်ကလည်း တခြားသူများမလုပ်သည့် အလုပ်ကိုမှ လုပ်ချင်နေသူဖြစ်သည်။

အီရန်နှင့် နျူကလီးယား စာချုပ်ကို နုတ်ထွက်သည့်အပြင် အရေးယူ ပိတ်ဆို့မှုများကိုပင် ချမှတ်တော့မည်။ ယခုမြောက်ကိုရီးယားက တော့ ၎င်း၏သမ္မတသက်တမ်းအတွင်း အရေးကြီးဆုံးပစ်မှတ်ဖြစ်ကာ ထိုငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးသာ အောင်မြင်မည်ဆိုပါက ထရမ့်အနေဖြင့် နောက်တစ်ကြိမ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ပြန်လည် အရွေးခံရကောင်း ခံရနိုင်သည်။

သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းအများစုတို့က ထရမ့်ကို သဘောကျကာ ထိုဖြစ်စဉ်ကိုပင် စောင့်ကြည့်နေကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူပုံအလယ်၌ တစ်မျိုး၊ နောက် ကွယ်၌တစ်မျိုး ထရမ့်က ကင်ဂျုံအွန်နှင့် ရက်ချိန်းအ တိုင်း တွေ့ဆုံစေရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။ အကယ်၍ မတွေ့နိုင်ခဲ့လျှင် နောက်တစ်ကြိမ် တွေ့ဆုံရနိုင်သည်ဟု ထရမ့်က ပြောနေသော်လည်း မသေချာ မရေရာမှုက ပိုများနေသည်။

ထို့ကြောင့် မွန်ဂျေးအင်နှင့် လက်ဝါးချင်းရိုက်ပြီး ကင်ဂျုံအွန်နှင့် ရုတ်တရက် တွေ့ဆုံသည့်အကွက်ကို အကောင်အထည်ဖော်စေခြင်းဖြစ်သည်။ မွန်ဂျေးအင်ကိုယ်တိုင်ကလည်း ထိုအချက်ကိုပင် ဦးတည်ခဲ့ကာ ကင်ဂျုံအွန်နှင့်တွေ့ဆုံမှုမှာ ပထမတစ်ကြိမ်တုန်းကထက် ပိုမိုရင်းနှီးသည့် သဏ္ဌာန်များကို မြင်ခဲ့ရသည်။

နှစ်ဦးစလုံး အကောင်းဆုံးပုံစံများဖြင့် တွေ့ဆုံမှုကို အဆုံးသတ်ခဲ့ကြကာ ထိုအရာက ထရမ့်နှင့် တွေ့ဆုံပွဲ ဖြစ်လာရန် ပိုမိုအားကောင်းလာစေသည်။ ထရမ့်ကိုယ်တိုင်လည်း ယခု တစိုက်မတ်မတ် စောက်ချပြီး ကျန် သည့်အရာများကို ဘေးချိတ်ကာ မြောက်ကိုရီးယားအရေးကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေပြီး အောင်မြင်ခဲ့လျှင် သမိုင်းမှတ်ကျောက်တင်နိုင်ရုံသာမက ထရမ့်ဆိုသည့်နာမည်က အဆိုးထဲက အကောင်းဆုံး ပုံစံဖြင့် ထွက်လာနိုင်မည်ဖြစ်သည်။ ထို့ပြင် ဆယ်စုနှစ်နှင့်ချီဖြစ်နေသည့် ကိုရီးယား ကျွန်းဆွယ်စစ်ရေးနှင့် နျူကလီးယား အရေးလှုပ်ရှားမှုများလည်း အဆုံးသတ်သွားမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ရှိန်းထက်
MWD

No comments:

Post a Comment